Saturday, February 25, 2012

ကြံ့ဖွံ့အမိန့်ဖြင့် နမ္မတူမြို့ ဒေသခံများ လုပ်အားပေးသွားနေရ (တိုင်ကြားစာ)

ကြံ့ဖွံ့အမိန့်ဖြင့် ဒေသခံများ လုပ်အားပေးသွားနေရ

February 25, 2012  
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့ကြံဖွံ့အဖွဲ့ဝင် ဦးသစ်လွင် အမိန့်ဖြင့် နမ္မတူလျှပ်စစ် ဓါတ်အားလိုင်း ဥက္ကဌ ဦးမြမောင်နှင့် အဖွဲ့သည် နမ္မတူမြို့ ရက်ကွက်(၈)ရှိ ရပ်ကွက်သူ၊ သားများအား တရုတ် ဂတ်(စ်)ပိုက်လိုင်း တည်ဆောက်ရန်အတွက် လိုအပ်သော ပစ္စည်း ကိရိယာနှင့် အုတ်ခဲများ သယ်ဆောင်ရန် လုပ်အားပေး စေခိုင်း ခဲ့ကြောင်း သိရှိရသည်။

“တစ်မိသားစုကို တစ်ယောက် မသွား မနေရဆိုတော့ သွားရတာပေါ့ ပြီးတော့ ကိုယ့်ထမင်းဟင်းကိုယ်  ယူသွားရသေးတယ် ၊တနေကုန် လုပ်ပေးရတယ်။ ယောင်္ကျားတွေဆိုရင် ဂတ်(စ်)ပိုက်လိုင်း တည်ဆောက်ဖို့ မြောင်းတွေ တူးရတယ်၊ အမျိုးသမီးတွေကတော့ လိုအပ်တဲ့ ပစ္စည်းကိရိယာနဲ့အုတ်ခဲတွေ သယ်ရတယ် တစ်အိမ်တယောက် မသွားရင် ပိုက်ဆံ တစ်ယောက်စာ ပေးရတယ်၊ ကျတော်တို့ ရပ်ကွက်ကတော့ လုပ်အားပေး အကုန်သွားကြတယ်” ဟု လုပ်အားပေးမှ ပြန်လာသော ဒေသခံမှ ပြောပြခဲ့သည်။

၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကနေ (၁၅)ရက်နေ့ထိ နမ္မတူမြို့ရှိ ရပ်ကွက်ရွာသားများ အလှည့်ကျ လုပ်အားပေး သွားနေရသလို ပိုက်လိုင်း တစ်လျောက်ရှိကျေးရွာများလည်း မကြာခဏဆိုသလို ပိုက်လိုင်းအတွက် လုပ်အား ပေးသွားနေရကြောင်း သိရှိရသည်။

ထိုနောက် လိုက်လံကြီးကြပ်ဖို့နှင့် လုံခြုံရေးတာဝန်များကို နမ္မတူ ရဲတပ်ဖွဲ့နှင့် တပ်ရင်း(၃၂၄)မှ စစ်သားများ ယူပေးရသည်။ လုပ်အားပေး လုပ်ဆောင်နေစဉ်အတွင်း မနားရသည့်အပြင် အုတ်ခဲနှင့် အခြား ပစ္စည်းများ သယ်ဆောင်ရာတွင်လည်း မနားရပဲ သယ်ရကြောင်း ဒေသခံများမှ ပြောပြခဲ့သည်။

သတင်းမှတ်တမ်းနှင့် သုတေသနဌာန

တအောင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး
ဆက်သွယ်ရန်- ၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၄ ၅၇၃ ၉၃၃၁။

0 comments: