Tuesday, February 14, 2012

တောက်ချင်တဲ့ မီးခဲ (ဗိုလ်ချုပ်အောင်ဆန်း၏ ကလေးဘဝ)

တောက်ချင်တဲ့ မီးခဲ
(ဗိုလ်ချုပ်အောင်ဆန်း၏ ကလေးဘဝ)
ရေးသူ-စည်သူကျော်ထင်

မြန်မာ့အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်အောင်ဆန်း ကောလိပ် ကျောင်းသားဖြစ်ပြီးစက သတ္တိသွေးပြ၍ ဖခင်ဖြစ်သူ ဦးဖာ၏ အုတ်ဂူရှိရာ နတ်မောက်မြို့ သုသာန်သို့ ညအချိန်မတော် သွားရောက်ကာ ဖခင်၏ အုတ်ဂူပေါ်တွင် ဖခင်သက်စေ့ ဖယောင်းတိုင်များကို စိတ်အေး လက်အေး ထွန်းညှိပြီးမှ မြို့တွင်းသို့ ပြန်လာခဲ့ပုံ၊ သူရဲတစ္ဆေအ ကြောင်းကို လူအများ ဒဏ္ဍာရီ သဖွယ် ပြောနေကြသော်လည်း တကယ်စင်စစ် သရဲတစ္ဆေဟူ၍ မရှိကြောင်း လက်တွေ့ ပြသပုံတို့ကို ဤဂျာနယ်တွင် ဖော်ပြပြီးခဲ့လေပြီ။

ယခုဆောင်းပါး၌ “ပွဲမဝင်ခင် အပြင်က ကျင်းပ” ဟူဘိသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသား ဘဝနှင့် သခင် ဘဝတို့တွင် မြန်မာ လွပ်လပ်ရေးတိုက်ပွဲအတွက် မည်သို့ တာစူခဲ့သည် တို့ကို စာဖတ်သူများ အကဲခတ်နိုင်ရန် တင်ပြပါအံ့။

တုံးတိုက်ကျားကိုက်

“တောက်ချင်တဲ့မီး စဖိုနဲ့ရဲရဲ” ဟူသော မြန်မာ စကားပုံသည် ဗိုလ်ချုပ်အောင်ဆန်းအတွက် သက်သက် တီထွင် ဖန်တီးထားလေရော့သလားဟုပင် ထင်ရ လောက်အောင် သူ၏ ကြိုးပမ်းမှု၊ စွန့်စားမှုများကို တွေ့ခဲ့ရပေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်ကတည်းကပင် တစုံတခုကို ပြုလုပ်ရန် စွဲလန်းမိလျှင် ထိုကိစ္စကို မဖြစ်မနေ အနာခံ၍ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဖြစ်မြောက် အောင်မြင်သည်အထိ ပြုလုပ် တတ်သော ဇွဲသတ္တိမျိုး ရှိလေသည်။

ထိုဇွဲ သတ္တိပင်လျှင် ကိုအောင်ဆန်းအား မြန်မာလွပ်လပ်ရေးဗိသုကာ အာဇာနည် သူရဲကောင်းဘဝသို့တိုင် ရောက်အောင် ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသော် ရကောင်းအံ့ဟု ထင်ပါသည်။

ကိုအောင်ဆန်း၏ အချို့သော အဖြစ်အပျက်များသည် အနစ်နာခံ စွန့်စားခြင်းဖြင့် ရင်းနှီး ရယူခဲ့သည် ဖြစ်ရကား ကိုအောင်ဆန်း၏ မိတ်ဆွေ သူငယ်ချင်းများ မဆိုထားဘိ၊ သူ၏ မွေးချင်းများပင်လျှင် သိခွင့် မကြုံခဲ့ချေ။ ကိုအောင်ဆန်းသည် ထိုအချိန်က ခလေးသူငယ် လူမမယ် အရွယ်မှ လွန်မြောက်ပြီဖြစ်ရကား ကိုယ်စီ ကိုယ်ငှ တာဝန်အသီးသီး ဆောင်ရွက်နေကြသော သူ၏ မွေးချင်း မိဘများသည်လည်း သူပြုလုပ်သော ကိစ္စများဟူသမျှကို မသိနိုင်သည်မှာ အဆန်းမဟုတ်ပါ ဓမ္မတာပင် ဖြစ်ပါသည်။ ကိုအောင်ဆန်း ကလည်း သူ၏ စွန့်စားမှု ကိစ္စအဝဝကို သူ၏ ဆွေးမျိုး ညာတကာများအား မည်သည့်အခါမျှ ပြောလေ့ ပြောထ မရှိခဲ့ပါ။ သူ ပြုလုပ် ဆောင်ရွက်နေစဉ်တွင် ကြုံတောင့်ကြုံခဲ တစေ့တစောင်းမှ  မျက်ဝါးထင်ထင် တွေ့မြင် ကြည့်ရှုခွင့် ရ၍သာလျှင် သူ၏ ဖြစ်ပုံပျက်ပုံ အလုံးစုံကို အမှန်အတိုင်း သိခွင့် ကြုံခဲ့ရပေသည်။

ပွဲကြီး ပွဲကောင်း

ဤစာရေးသူ ကိုယ်တိုင် တွေ့မြင် မှတ်မိလိုက်သော အဖြစ်အပျက် တခုသည်ကား အလွန် ထူးခြားသည့် ကိုအောင်ဆန်း၏ အံ့မခန်း ဇွဲသတ္တိ ပြလိုက်သော ပွဲကြီးပွဲကောင်းတခုဟု ဆိုရပေမည်။ အချိန်ကား ၁၉၃၂ ခုနှစ် ကိုအောင်ဆန်း ကောလိပ်ကျောင်းသား ဖရက်ရှာဘဝ ဖြစ်ပါသည်။ အောက်တိုဘာလ ကျောင်းပိတ်ရက်အတွင်း နတ်မောက်တွင် ရောက်ရှိနေသော ကိုအောင်ဆန်းသည် သူဝတ်ဆင်ထားသော ချည်လုံချည်ကို ခါးတောင်းမြှောင်အောင်ကျိုက်ပြီးနောက် သူ့အိမ်ဝိုင်းအတွင်းမှ အရှေ့ဘက် နယ်နိမိတ်ဖြစ်သော ဝင်းထရံတွင် ကန့်လန့်တန်း၍ထားသော ဝါးလုံးတန်းတတန်းကို လွတ်အောင် အခုံလေ့ကျင့်နေသည်ကို တွေ့ရပါသည်။ ဤနေရာတွင် ဝါးလုံးတန်း၏ တည်နေဟန်ကို အမြွက်မျှ ဖော်ပြရန် လိုပါလိမ့်မည်။ ကိုအောင်ဆန်းတို့ အိမ်ဝိုင်းကြီးအတွင်း နေအိမ်၏ အရှေ့ဘက်တွင် ဆီလှောင်သော ရာဝင်စဥ့်အိုးကြီးများ ထားရှိရာ အုတ်ဂိုဒေါင်နှင့် မြေပဲများ နှမ်းအိတ်များ သိုလှောင်ရာ သစ်သား ဂိုဒေါင်တလုံး၊ ပေါင်း ဂိုဒေါင်နှစ်လုံးရှိရာ အုတ်ဂိုဒေါင်သည် သစ်သားဂိုဒေါင်၏ မြောက်ဘက်တွင် တည်ရှိပါသည်။

ယင်း ဂိုဒေါင်နှစ်လုံးအကြားတွင် လော်ရီကားကြီးတစီး ဝင်နိုင်လောက်သော မြေကွက်လပ် (မြေလွတ်) ရှိပါသည်။ အိမ်ဝင်းကြီး၏ အရှေ့ဘက်နယ်နမိတ်ဖြစ်သော ခြံစီးရိုးသည် ယင်းဂိုဒေါင်နှစ်လုံး၏ အရှေ့ဘက်မှ ကပ်လျက် တောင်မြောက်သွယ်တန်းလျက် ရှိနေပါသည်။ ထိုခြံစီးရိုးကို ဝါးလုံးများ လေးစိတ် စိတ်ကာ ခွဲစိတ်ပြီးထားသော ဝါးခြမ်းများဖြင့် ရက်လုပ်ထားပါသည်၊ ထိုသို့ရက်လုပ်ရာတွင် သစ်သားတိုင်များ စိုက်ထူကာ ဝါးလုံးများကို သစ်သားတိုင်များတွင် ကန့်လန့်စွပ်ထားပြီးမှ ဝါးခြမ်းစိတ်များဖြင့် အခန်းလိုက် အခန်းလိုက် ရက်လုပ်ထားခြင်း ဖြစ်ပါသည်။ ထိုခြံစည်းရိုးကို မြေလတ်ဒေသတွင် ဝင်းထရံဟု ခေါ်လေ့ရှိပါသည်။

အမြင့်ခုန်ကျင့်

အထက်ပါ ဂိုဒေါင်နှစ်လုံး၏ ကြားတည့်တည့်လောက်၌ ဝင်းထရံအခန်းတခန်းတွင် ဝါးခြမ်းများနှင့် ဝါးလုံးတန်းအချို့တို့မှာ ကျောင်းသားသူငယ်များ ဘောလုံးကစားရင်း ကျော်တက်ပြီး ဖယ်ရှားဖန်များသဖြင့် ဝါးခြမ်းများ ကျွတ်လွတ်နေပြီး ဝါးလုံးတတန်းသာလျှင် ကျန်နေပါသည်။ ထိုဝါးလုံးတန်း၏ အမြင့်သည်လည်း ရင်စို့လောက် ရှိမည်ထင်ပါသည်။ ကိုအောင်ဆန်းကား ထိုသို့ကျန်ရှိနေသော ဝါးလုံးတန်းကို အမြင့်ခုန် လေ့ကျင့်နေခြင်း ဖြစ်ပါတော့သည်။ ကိုအောင်ဆန်းသည် ပထမတချီ ပြေး၍ ခုန်လိုက်ရာ ဝါးလုံးတန်းနှင့် နောက်ခြေထောက် ထိသွားပါသည်။ မလွတ်။ ဒုတိယအချီတွင် ပို၍ဝေးသောနေရာမှ အရှိန်ယူပြေးလာပြီး ခုန်ပြန်သည်။ ဤတကြိမ်လည်း မရသေး။ တတိယအချီ ကြိုးစားရန်အတွက် ခါးတောင်းကျိုက်ကို ပြင်၍ ကျိုက်ကာ အထူးချိန်ဆ၍ ခုန်လိုက်ပြန်သည်။

အရှုံးမပေး

ထိုအချီတွင် အမြင့်ခုန်ချန်ပီယံမဖြစ်သေးသော ကိုအောင်ဆန်း၏ ရှေ့ခြေမှ ဒူးခေါင်းသည် ဝါးလုံးတန်းနှင့် တိုက်မိကာ ရှေ့သို့ ဒူးထောက်ရက်သား လဲကျသွားပြီး ဒူးပွန်းပဲ့ကာ သွေးများယိုကျလာပါသည်။ သို့ဖြစ်ရာ အနိုင်မခံ အရှုံးမပေးလိုသော ကိုအောင်ဆန်းသည် သူ့အား ကြံ့ကြံ့ခံ၍ ခံတပ်သဖွယ် တားဆီးထားသော အနှီဝါးလုံးတန်းကို လက်သီးဖြင့် လေးငါးချက်မျှ ဆင့်ကာဆင့်ကာ ထိုးပါလေတော့သည်။ သို့သော်လည်း ခံတပ်ကား မပေါက်မကျိုး၊ အင်အားတောင့်တင်းလှပါဘိတောင်း။ ကိုအောင်ဆန်းကား အရှုံးမပေး ဇွဲလည်းမလျှော့၊ သွေးထွက်နေသော ဒဏ်ရာကို ရေဖြင့်ဆေးပြီး နဖူးမှ ခြေမအထိ တဒီးဒီးကျနေသော ချွေးများကို အင်္ကျီချွတ်၍ သုတ်ပါလေ၏။ ထို့နောက် အနည်းငယ်မျှ အနားယူပြီး ခုန်နည်းစနစ် တမျိုးပြောင်းကာ ခုန်ပါလေတော့သည်။

ဤစတုတ္ထအချီ ခုန်သောအခါတွင်မူကား ကိုအောင်ဆန်း အောင်ပန်းဆင်မြန်းလိုက်ပါပြီ။ ဤတချီ ခုန်သည့်နည်းမှာ အဝေးမှ အရှိန်ယူ၍ ပြေးလာပြီးနောက် ဝါးလုံးတန်းနှင့် အကွာအဝေး အနေတော်လောက် ရောက်လျှင် အနည်းငယ် အရှိန်သတ်ပြီး သူ၏ကိုယ်ကို လေထဲသို့ အစွန်းပင့်တင့်ကာ တကိုယ်လုံး လွတ်အောင် ကြိုးစား၍ ကျော်လွှားလိုက်သည့်နည်းပင် ဖြစ်ပါသည်။ ဤသို့ လွတ်အောင် ခုန်ပြီးသောအခါ ကိုအောင်ဆန်းသည် သူ့ဦးလေးဆီသို့ ပြုံးပြုံးကြီး လျှောက်လာပြီး အနာဆေးထည့်ရန် သူ့အဒေါ်ထံမှ လိမ်းဆေးတောင်းယူ၍ ဆေးလိမ်းပေတော့သည်။ ဤအဖြစ်သနစ်ကို တွေ့မြင်ရသော စာရေးသူသည် သူ့အား ကြည့်ရှု၍ ခွက်ထိုးခွက်လန် ရယ်ခဲ့ရရုံမျှမက သူ၏ မလျှော့သော လုံ့လ၊ ဝီရိယ၊ ဇွဲသတ္တိကိုလည်း ဝမ်းထဲ၌ ကြိတ်၍ ချီးကျူးမိခဲ့တော့၏။

မြင်ယောင်မိခဲ့

နောင်အခါ ရဲဘော်သုံးကျိပ်ဝင် ပုဂ္ဂိုလ်တဦးအဖြစ်ဖြင့် ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ကြားနေစဉ် လှံစွပ်တိုက်ပွဲ လေ့ကျင့်ခန်းကို လေ့ကျင့်ရာ တပ်စုခေါင်းဆောင်အဖြစ် လေ့ကျင့်နေဆဲ အမောဆို့လုမတတ် မောပန်းနွမ်းခွေ သွားသော်လည်း မလျှော့သော ဇွဲသတ္တိကြောင့် ထိုတိုက်ပွဲလေ့ကျင့်ခန်းမှာ ကောင်းစွာ အောင်မြင် ထမြောက်သွားခဲ့သည်ဟူသော သတင်းကို ဤစာရေးသူ ကြားရသောအခါ၊ ကျောင်းသားဘဝက ဒူးအပြဲခံပြီး ဝါးလုံးတန်းကို မလွတ်မချင်း ခုန်လာခဲ့သော ကိုအောင်ဆန်း၏ ဇွဲသတ္တိကို ထင်းကနဲ မြင်ယောင်မိပါတော့သည်။

ထို့အပြင် ကိုအောင်ဆန်း သခင်ဘဝရောက်ပြီးမှ ထူးခြားသော အဖြစ်တခုကို တွေ့ခဲ့ရပါသေးသည်။ ထိုအဖြစ်အပျက်မှာ ကိုအောင်ဆန်း ဒို့ဗမာအစည်းအရုံးဝင်ပြီးနောက် သခင်အောင်ဆန်း အမည်ခံကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒို့ဗမာအစည်းအရုံးကြီး၏ အထွေထွေအတွင်းရေးမှုးအဖြစ် ဆောင်ရွက်နေစဉ် ၁၉၃၈ ခုနှစ် ဒီဇင်ဘာလအတွင်း၌ ရန်ကုန်မြို့ပေါ်ရှိ ကျောင်းသားအဖွဲ့အစည်းများ၊ အတွင်းဝင်များရုံးကို ဝိုင်းဝန်းပိတ်ဆို့ ဆန္ဒပြရန် တက္ကသိုလ်သမဂ္ဂခေါင်းဆောင်များ အပါအဝင် ကျောင်းသားခေါင်းဆောင်များနှင့် စီစဉ်ပြုလုပ်ခဲ့ပြီးနောက် သခင်အောင်ဆန်းသည် မိခင်ကြီးရှိရာ နတ်မောက်မြို့သို့ ခေတ္တခဏ အနားယူရန် ပြန်ရောက်လာသောအချိန်က ဖြစ်၏။

အေးမြသော ဆောင်းရာသီဖြစ်သော ဒီဇင်ဘာလ တတိယပတ်အတွင်း သာယာလှသော နေ့တနေ့၌ နံနက်ခင်း ရှစ်နာရီခန့်တွင် ဘုံဘိုင်ရေခြေညှပ်ဖိနပ်၊ ပလေကပ်လုံချည် အကွက်ကြဲကြဲ၊ ကော်လာမပါသော တပတ်နွမ်း ရှပ်လက်ရှည်အဖြူနှင့် အညာဖျင်အဖြူ ခပ်ပွပွရှည်ရှည်ကို ဝတ်ဆင်ပြီးထားပါသည်။

ချည်ထည်မာဖလာ လည်စီးပုဝါကို တပတ်ရစ်လျက် အမြိတ်စနှစ်ဘက်ကို ရင်ဘတ်ပေါ်တွင် တွဲလဲချကာ ဆင်မြန်းထားပြီး ကတုံးဆံတောက် (ခေါ်) ကတုံး ဘိုကေ ညှပ်ထားသော သခင်အောင်ဆန်းသည် သူ၏ ဦးလေးကြီး ဦးဖိုးသင့်၏ တဦးတည်းသော သမီး မကံဆယ်၊ ဦးလေးငယ်၊ ဦးလေးညိုတုတ် (ဦးငွေဆိုင်း)၏ သမီးများဖြစ်သော မမောက်နှင့် မထွေး အသက်အရွယ်အားဖြင့် ခြောက်နှစ်ကျော်ကျော်၊ ခုနစ်နှစ်ခန့်မျှ ရှိကြသေးသော ညီအစ်မသုံးယောက်အား “ညီမတို့ ကိုလေးဆန်း ပြောစရာရှိတယ်၊ ခဏလာကြအုံး” ဟု လှမ်း၍ ခေါ်သည်ကို ကြားလိုက်ရပါသည်။ ထို့နောက် နေအိမ်ကြီးနှင့် ဆီဂိုဒေါင်အကြားရှိ မြေကွက်လပ်တွင် ညီအစ်မ သုံးဖော်အား တန်းစီစေပြီး ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးတရားကို လက်သီးလက်မောင်းတန်းကာ ဟောပါလေတော့သည်။

တဝါးဝါးနှင့်

အနည်းငယ် ဟောမိလျှင်ပင် ကလေးသုံးယောင်သည် တဝါးဝါးနှင့် အူလိုက်အသည်းလိုက် ရယ်လေသော် ဟူ၏။ သူ့တရားပွဲ ပြီးဆုံးသွားသောအခါ “သခင်မျိုးဟေ့ … ဒို့ဗမာ” “အရေးတော်ပုံ အောင်ပါစေ” ဟူသော ကြွေးကြော်သံနှစ်ရပ်ကို သူက သုံးကြိမ်တိတိ တိုင်ပေးပြီး ကလေးသုံးယောက်အား လိုက်၍ အော်ဟစ် ကြွေးကြော်စေပါသည်။ ထိုသို့ ကြွေးကြော်ပြီးသည့် ခဏ၌ “ညီမလေးက လိမ္မာတယ်ဟေ့၊ ကိုလေးဆန်း မုန့်ဝယ်ကျွေးမယ်” ဟု ပြောပြောဆိုဆို တဟားဟား ကျယ်လောင်စွာ ရယ်မောကာ ညီမကလေးသုံးယောက်အား မုန့်ဝယ်ကျွေးပါတော့သည်။ ဤတရားပွဲကို မလှမ်းမကမ်းမှ မြင့်တွေ့နေရသော သူ့ဦးလေးတဦးက “အောင်ဆန်းတယောက်တော့ တံတားကလေးဆေးရုံကို ပို့နေရဦးမလား မသိဘူး” ဟူ၍ ခပ်တိုးတိုး မှတ်ချက်ချသည်ကို ဤစာရေးသူပင် ကြားလိုက်ရပါသည်။ သို့သော်လည်း ယင်းသို့သောလုပ်ရပ်ကို သေချာစွာ ဆန်းစစ်ကြည့်သည်ရှိသော် သခင်အောင်ဆန်းသည် ဒို့ဗမာအစည်းအရုံးကြီး၏ အထွေထွေအတွင်းရေးမှူး အဖြစ်ဖြင့် နောင်သောအခါတွင် အပွဲပွဲနွဲရန် ရှိနေသည့် ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး တရားပွဲများ၊ အင်္ဂလိပ်အစိုးရ အာဏာဖီဆန်ရေး တရားပွဲများအတွက် အလေ့အကျင့်ရရန် ကြိုတင်ပြင်ဆင်ကာ နယ်ချဲ့အစိုးရ တိုက်ထုတ်ရေးအတွက် မောင်းတင် လိုက်ခြင်းဖြစ်သည်ဟု ဆိုက ဆိုနိုင်ပေသည်။

ကြေးနန်းရစဉ်

ထိုနေ့ ညနေပိုင်းတွင်းပင် ရန်ကုန်မြို့ အတွင်းဝန်များရုံးသို့ ဝိုင်းဝန်း ဆန္ဒပြကြသော ကျောင်းသူ ကျောင်းသားများအား ပုလိပ်များက မြင်းနှင့်တိုက် ဒုတ်နှင့် ရိုက်သဖြင့် သွေးထွက်သံယို ဖြစ်ကြသောကြောင့် ရှေ့ခြေတဆင့် တိုး၍ ဆောင်ရွက်နိုင်ရန် အတွက် ရန်ကုန်သို့ အမြန်ပြန်လာပါရန် ဒို့ဗမာအစည်းအရုံး ဋ္ဌာနချုပ်မှ ပေးပို့သော ကြေးနန်းစာကို သခင်အောင်ဆန်း ရရှိသဖြင့် ကြေးနန်း လက်ခံရလျှင် ရချင်း နတ်မောက်မြို့ အထက်တန်းကျောင်းမှ ကျောင်းသား သမဂ္ဂ အမှုဆောင်များကို သာသနာ့ဟိတ စာကြည့်တိုက်တွင် ချက်ချင်း အစည်းအဝေး ခေါ်ကာ ရန်ကုန်မှ အဖြစ်အပျက်များကို ရှင်းပြပြီး ရှေ့ဖို့တွင် ရန်ကုန်ရှိ ဗမာလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) မှ ညွှန်ကြားသည့်အတိုင်း တသွေမတိမ်း လိုက်နာလုပ်ဆောင်ကြရန် ညွှန်ပြပြောဆိုပြီးလျှင် နောက်တနေ့ နံနက်စောစော မီးရထားဖြင့် နတ်မောက်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားပါတော့သည်။ ဤကား သခင်အောင်ဆန်းအဖြစ်ဖြင့် နတ်မောက်မြို့သို့ နောက်ဆုံး လာခဲ့ခြင်း ဖြစ်ပေသတည်း။

မှတ်ချက် ။ ။ ဤဆောင်းပါးရှင် စည်သူကျော်ထင်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ညီအစ်ကိုတဝမ်းကွဲတော်သူ ဖြစ်ပါသည်။ (အယ်ဒီတာ)
(အိုးဝေဂျာနယ်-အမှတ် ၈၀၊ စာမျက်နှာ ၁၇-၁၈)
၁၃၃၃ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်
၁ ရက်၊ ၁၂ လ၊ ၁၉၇၁

(ဟေသီမိုး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)
Coyy from - drlunswe

0 comments: