Thursday, January 26, 2012

ညှဉ်းပမ်းနှိပ်စက်ပြီး သတ်ဖြတ်လိုက်မှုအပေါ် အစိုးရအနေဖြင့် တာဝန်ယူမှုရှိရမည်ဟု PWO က သတင်းထုတ်ပြန်

သတ်ခံရသည့် လောင်းကို စစ်ဆေးနေစဉ် (ဓါတ်ပုံ - PWO)
သတ်ခံရသည့် လောင်းကို စစ်ဆေးနေစဉ် (ဓါတ်ပုံ - PWO)


ဌာနေ ပြည်သူ့စစ်အဖွဲ့က တအာင်းပြည်သူတဦးအား ညှဉ်းပမ်း နှိပ်စက်ပြီး သတ်ဖြတ် လိုက်ခြင်းအပေါ် အစိုးရ အာဏာပိုင်များ အနေဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်မှု ပြုလုပ်ရမည် ဖြစ်ကြောင်း ပလောင်အမျိုးသမီးအစည်းအရုံး (PWO) အထွေထွေ အတွင်းရေးမှူး လိုည်းနွေနှောင်းက ပြောသည်။

ယခုလ (၃) ရက်နေ့က နမ့်ခမ်းမြို့နယ်၊ စယ်နေကျေးရွာအုပ်စု၊ ဖာပြန့်ကျေးရွာတွင် ပန်ဆေးပြည်သူ့စစ် ခေါင်းဆောင် ကျန်လုက ဦးအိုက်ထာက်နိုင်(ခ) ဦးနိုင်ဆွယ်အား လက်ထိပ်ခတ်ပြီး ရိုက်နှက်မှုများ ပြုလုပ်ပြီး နောက် (၄) ရက်နေ့ နံနက်ပိုင်းတွင် သတ်ပစ် လိုက်ခြင်းဖြစ်သည်။

“သူ့ကို စစ်တပ် တည်းခိုတဲ့ (ဒေါ်မားဘွတ်) အိမ်လှေခါးအောက်မှာ နောက်ပြန် လက်ထိပ်ခတ်ထားတယ်။ နောက်နေ့ မနက် (၆) နာရီလောက်မှာ ဦးလုကျန်နှင့် ဦးကျန်ကွေရှင်တို့ ရောက်လာပြီး အိုက်ထာက်နိုင်ကို ဒရွတ်တိုက် ဆွဲသွားပြီး ဦးပေါ်ကော်အိမ် ခြံစည်းရိုးနားမှာ (၂) ယောက်က သူ့ကိုကိုင်ထားပြီးတော့ တစ်ယောက်က ထင်းတုံးနဲ့ နဖူးနဲ့ နှောက်စေ့ကို ဦးနှောက် ပွင့်ထွက်တဲ့အထိ ရိုက်တာ၊ အဲဒီမှာဘဲ သေသွားတော့ အလောင်းကို လက်ထိပ်ဖြုတ်ပြီး ဦးပေါ်ကော်ရဲ့ ခြံစည်းရိုး အပြင်ဘက်မှာ စွန့်ပစ်ခဲ့တယ်” ဟု မျက်မြင် တဦးပြောပြချက်ကို ကိုးကား၍ ပလောင်အမျိုးသမီးအစည်းရုံး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ သတ်ဖြတ်မှုတွင် စစ်တပ် အာဏာပိုင်များ ပါဝင် ပတ်သတ်နေပြီး အရေးယူ ဆောင်ရွက်မှုများ မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

“ကျမတို့အနေနဲ့ ပြောချင်တာက အခုအစိုးရသစ်က သူတို့အနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေပါလို့ ပြောပေမဲ့ ဘာမှ တိုးတက်မှု မရှိသေးဘူး၊ အထူးသဖြင့် တိုင်းရင်းသား ဒေတွေမှာ တိုက်ပွဲတွေဖြစ်နေတာ၊ အခုလို သတ်ဖြတ်မှုတွေ ဖြစ်နေတဲ့အပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု တရပ်အနေနဲ့ အရေးယူ ဆောင်ရွက်ပေးရမှာ ဖြစ်တယ်” ဟု လိုည်းနွေနှောင်းက ဆက်ပြောသည်။

အဆိုပါရွာသား သတ်ဖြတ်ခံရမှုကို ဒေသခံများက နမ့်ခမ်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် များထံ တိုင်တန်း ထားသော်လည်း အရေးယူ ဆောင်ရွက်ခြင်းမရှိသေးပေ။
ယင်းဖြစ်စဉ်တွင် လွှတ်တော် အမတ်တဦးဖြစ်သူ ပန်ဆေး ဦးကျော်မြင့် ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့နှင့် လားရှိုးအခြေစိုက် ဗိုလ်မှူးမြတ်ထွန်းလင်း ဦးဆောင်သော ခမရ  (၅ဝ၇) တပ်ရင်းမှ စစ်သားများ ပါဝင်သည်။

ပန်ဆေးဦးကျော်မြင့်သည် ပြည်သူ့စစ် ခေါင်းဆောင် တဦးလည်းဖြစ်ပြီး ၎င်းတပ်ဖွဲ့ဝင်များကို တရားဝင် လက်နက်များ တပ်ဆင်ပေးထားကာ ဘိန်းစိုက်ပျိုးခြင်း၊ မူးယဇ်ဆေးဝါး ရောင်းဝယ်မှုများကို လုပ်ကိုင် နေသည့် လွှတ်တော်အမတ် တဦးဖြစ်သည်။

အစိုးရသစ် အနေဖြင့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းထားသော်လည်း ယခုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ ဆက်လက်ဖြစ်ပွားနေပြီး အရေးယူ ဆောင်ရွက်ခြင်း မရှိသည့်အတွက် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လုပ်ငန်းစဉ်များမှာ မေးခွန်း ထုတ်စရာဖြစ်နေကြောင်း လူ့အခွင့်အရေး လှုပ်ရှားနေသူများက ပြောဆို နေလျှက်ရှိသည်။

သတင်းရင်းမြစ် - ရိုးမ ၃

0 comments: