ဇန်နဝါရီလ ၁၉ ရက် ၂၀၁၂ ခုနှစ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု အဖွဲ့တို့ နှစ်ရက်ကြာ ဆွေးနွေးမှု ရလဒ်အဖြစ် ဆက်လက်ညှိနှိုင်း ဆွေးနွေးရန်နှင့် တိုက်ပွဲ ဖြစ်ပွားနေမှုများ လျှော့ချ ရန်သာ သဘော တူညီမှု ရရှိခဲ့သည်ဟု နှစ်ဖက် ကိုယ်စားလှယ်များက ကြာသပတေးနေ့တွင် ထုတ်ပြန်သည်။
“နိုင်ငံတော် အစိုးရနှင့် ကေအိုင်အိုတို့သည် နိုင်ငံရေး နည်းလမ်းဖြင့် ဆက်လက်ညှိနှိုင်း ဆွေးနွေး သွားကြမည် ဖြစ်ပါ သည်” ဟု ကြေညာချက်တွင် ဖော်ပြပါရှိသည်။
အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သို့ ကြာသပတေးနေ့က တင်ပြသည့် KIO ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု စာတမ်းတွင် အမျိုးသားတန်းတူမှုနှင့် တိုင်းရင်းသားများ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်များအပေါ် အခြေခံသည့် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်သွားရန် လိုလားသည်ဟု ဖေါ်ပြပါရှိသည်။
ထို့ကြောင့် အဆိုပါအချက်များ ရရှိရန် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာလိုခြင်းဟုလည်း ဗိုလ်မှူးချုပ် ဂွမ်မော်က မဇ္ဈိမကို ပြောသည်။
"ကျနော်တို့ရဲ့ ခံယူချက်က ဒီတိုက်ပွဲတွေ စစ်ပွဲတွေ ဖြစ်လာတာဟာ နိုင်ငံရေးရဲ့ အကျိုးဆက်တွေ ဖြစ်တယ်။ ဒီလိုဟာမျိုးတွေကို စစ်ပွဲတွေနဲ့ ဆုံးဖြတ်တာမျိုး မဟုတ်ဘဲနဲ့ နိုင်ငံရေးအရ ဖြေရှင်း ရမယ် ဆိုပြီးတော့ အဲဒီလို ခံယူတယ်" ဟု ပြောသည်။

တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြုလုပ်ခဲ့သည့် ဇန်နဝါရီ ၁၈ နှင့် ၁၉ ရက် ဆွေးနွေးပွဲများသည် နိုင်ငံရေးအရ ဆွေးနွေး ညှိနှိုင်း အဖြေရှာမှုများ ဆက်လက် ဖြစ်ပေါ်ရန် ရည်ရွယ်းခဲ့ပြီး အပစ်ရပ်ရန်ရေးသည် ဆွေးနွေးချက်များ ပေါ်တွင်သာ မူတည်သည်ဟုလည်း ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။
ဆွေးနွေးနေသည့် ကြာသပတေးနေ့တွင်ပင် KIO တပ်မဟာ ၄ ထိန်းချုပ်ရာ ဒေသ ကွတ်ခိုင်မြို့နယ်အတွင်း မြန်မာ စစ်တပ်နှင့် KIO တပ်ရင်း ၈ တို့ တိုက်ပွဲငယ် ဖြစ်ပွားခဲ့သည်ဟု KIO အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးပွဲအတွင်း တင်ပြခဲ့ကြောင်းလည်း ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်.
"သို့သော်လည်း ကျနော်တို့ ဒီကနေ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဟာ နှစ်ဘက်လုံးက အတည်ပြုပြီး ထုတ်ပြန်တဲ့ ထုတ်ပြန်ချက် ဖြစ်တဲ့အတွက် ဒီဆွေးနွေးပွဲက ဒီလို ကိစ္စမျိုးတွေကို တားဆီးနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ပြောသည်။
ကြာသပတေးနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် “ကာမိုင်းမြို့နယ်အတွင်း KIA သောင်းကျန်းသူများ ထောင်ထား သည့်ဗုံးကြောင့် အရပ်သားနှစ်ဦး ယခုလ ၁၆ ရက်နေ့တွင် သေဆုံးခဲ့သည်”ဟု ရေးသား ဖေါ်ပြထားသည်။
ရွှေလီ ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ကိုယ်စားလှယ်များမှာ အဖွဲ့ဝင် ၁၃ ဦး ပါဝင်ပြီး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ကော်မတီဝင် ဦးသိန်းဇော်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့ ပါဝင်သည်။
KIO ဘက်မှ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆွမ်မလွတ်ဂံနှင့် ဦးလဖိုင်လ၊ ဦးဂျီးနောင်၊ ဦးလဂျောင်ခေါင်လုံး၊ ဦးဇော်ခုံ၊ ဦးခွန်နောင်၊ ဦးလဖိုင်ဇော်ရော်၊ ဦးဇောင်တောင်၊ ဗိုလ်မှူးချုပ်ဂွမ်မော် တို့အပါအဝင် ၁၂ ဦး တက်ရောက် ဆွေးနွေး ခဲ့ကြသည်။
သတင်းရင်းမြစ် - ချင်းမိုင် (မဇ္ဈိမ)

0 comments:
Post a Comment