နိုဝင်ဘာ ၂၉၊ ၂၀၁၁ က မြန်မာအစိုးရနှင့် ကေအိုင်အို ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီတွင် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သည်။
17 Jan 2012
ကချင်ပြည်နယ်နှင့် ရှမ်းပြည် မြောက်ပိုင်းတွင် နှစ်ဖက် တိုက်ပွဲများ ရှိနေဆဲကာလ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အတွက် မြန်မာဗဟို အစိုးရနှင့် နိုင်ငံရေးဆွေးနွေး သွားမည်ဟု ကချင် လွတ်မြောက်ရေးအဖွဲ့ KIO က ယနေ့ ဇန်န၀ါရီလ ၁၇ ရက်တွင် ကြေညာ လိုက်သည်။
ယမန်နှစ် ဇွန် ၉ ရက်က စတင်သည့် မြန်မာအစိုးရ တပ်နှင့် KIO ကြားစစ်ပွဲများမှာ ဒီဇင်ဘာလ ၁၀ ရက်တွင် သမ္မတဦးသိန်းစိန်က ထိုးစစ် ရပ်တံ့ထားရန် ၎င်း၏တပ်ကို ညွှန်ကြားထားသော်လည်း ယမန်နေ့ကအထိ တိုက်ပွဲပေါင်း ၁၆၀ ခန့်ရှိသည်ဟု KIO အထွေထွေအတွင်းရေးမှူး-၂ လာနန် ပြောသည်။
ဆက်လက်၍ “တိုက်ပွဲဖြစ်နေလို့ မဆွေးနွေး နိုင်တာမျိုးမရှိဘူး။ တိုက်ပွဲရှိရှိ မရှိရှိ ပြည်ထောင်စု အစိုးရက ဆန္ဒရှိရှိနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်ရင် တက်ရောက်ဖို့ အဆင်သင့်ပဲ” ဟု အထွေထွေအတွင်းရေးမှူး-၂ က ဆိုသည်။
KIO သည် ၎င်းတို့ ဆန္ဒသဘောထား ပါဝင်ခြင်းမရှိသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံခြင်းမရှိဘဲ UNFC (ညီိညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီ) အားဖြင့်သော်လည်းကောင်း တိုင်းရင်းသား အားလုံး ပါဝင်နိုင်သည့် အဆင့်သို့ ရောက်ရှိနိုင်ရန် နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင် ဆုပ်ကိုင်ထားသည်ဟု ဆိုသည်။
နိုဝင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ နှစ်ဖက် ကိုယ်စားလှယ်များ နောက်ဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း တစ်စုံတစ်ရာ သဘောတူညီချက် ထုတ်ပြန်ခြင်းမရှိပါ။
ယခုရက်ပိုင်းအတွင်း ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် တပ်မတော်တောင်ပိုင်း (SSA-South) တို့သည် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုးကြသည်။
သတင်းရင်းမြစ် - ကချင်သတင်းဌာန





0 comments:
Post a Comment