ဦးအေးသာအောင်
January 18, 2012
ရှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အများအပြား လွတ်လာပြီးနောက် ဖျက်သိမ်းခံထားရတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေထဲက တချို့ ပြန်လည်ပြီး ပါတီမှတ်ပုံတင်ကြတော့မှာ ဖြစ်ပါတယ်။
၁၉၉၀ ပြည့် ပါတီစုံရွေးကောက်ပွဲမှာ အနိုင်ရပြီး ဖျက်သိမ်းခံထားရတဲ့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မကြာခင်မှာ ပါတီကို ပြန်လည် မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ပါတီခေါင်းဆောင် ဦးအေးသာအောင်က ပြောပါတယ်။
ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ပြည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ တတိယမဲအများဆုံး အနိုင်ရရှိခဲ့ပေမယ့် စစ်အစိုးရက အာဏာမလွှဲတဲ့အပြင် ပါတီလည်း ဖျက်သိမ်းခံခဲ့ရပါတယ်။
“ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ဦးခွန်ထွန်းဦးတို့ စိုင်းညွန့်လွင်တို့ ပြီးတော့ ဂဂကျောင်းသား ခေါင်းဆောင်များဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး။ ပြီးတော့ သံဃာတော်များ မလွတ်ဘဲနဲ့တော့ ပါတီမှတ်ပုံမတင်ဘူး၊ လွတ်ရင်တော့ တင်မယ်ဆိုပြီးတော့ ဆုံးဖြတ်ထားတာရှိပါတယ်။ အခုတော့ ဒီခေါင်းဆောင်တွေ၊ ဒီပုဂ္ဂိုလ်တွေလွတ်လာပြီဆိုတော့ ဝမ်းလည်း ဝမ်းသာတယ်။ ကြိုလည်း ကြိုဆိုတယ်။ ပါတီလည်း မှတ်ပုံတင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၃ နေရာ မဝင်ရင် ပါတီက ပြန်လည် ပျက်ပြယ်မယ်ဆိုတော့ ဒါကိုလည်း လွတ်အောင် မှတ်ပုံတင်တာကို အဲ့လို ဆုံးဖြတ်ထားပါတယ်။”
ပါတီမူဝါဒကတော့ ခေတ်နဲ့ လျော်ညီအောင် အနည်းအကျဉ်း ပြောင်းလဲတာမျိုး ရှိမယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။
ဒီကနေ့ တိုင်းရင်းသားခေါင်းဆောင်တွေ ရန်ကုန်မှာ တွေ့ဆုံခဲ့ကြရာ ကျန်ဖျက်သိမ်းခံရတဲ့ တိုင်းရင်းသားပါတီတချို့လည်း ပါတီ မှတ်ပုံပြန်တင်ကြမယ်ဆိုတာ သိခဲ့ရတယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။
“အစည်းအဝေးလုပ်ပါတယ်။ အဲ့မှာ ဇိုမီးအမျိုးသားကွန်ဂရက်ကတော့ ကျနော်တို့လိုပဲ ပါတီ မှတ်ပုံတင်ဖို့ သူတို့ သဘောထားကို ပြောပါတယ်။ ဦးခွန်ထွန်းဦးကလည်း သူတို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (စီအီးစီ) တွေနဲ့ ဆွေးနွေးမယ်။ စီအီးစီ တွေလည်း ရောက်နေပြီလို့ ပြောပါတယ်။ ဒါပေမယ့် ပါတီမှတ်ပုံတင်ဖို့အတွက် သူကိုယ်တိုင်က ဒီအစည်းအဝေးမှာ တိုက်တွန်းသွားပါတယ်။”
သတင်းရင်းမြစ် - ဒီဗွီဘီ





0 comments:
Post a Comment