
လွှတ်တော်မှာ ဘတ်ဂျက်ခွဲဝေရေး ဆွေးနွေးတဲ့အခါ ပညာရေးအတွက် ဘတ်ဂျက်ကို လက်ရှိ ခွဲဝေနေတာထက် အဆများစွာ တိုးတက်ဖို့ လိုတယ်လို့ ပညာရေး လောကသားတွေက ပြောပါတယ်။ လက်ရှိ ပညာရေး ဘတ်ဂျက်ထက် အဆ၂ဝလောက်ရအောင် ဆွေးနွေးကြဖို့ မြန်မာနိုင်ငံ အထက်မြန်မာပြည် ပညာရေးဌာန ညွှန်ကြားရေးမှူး (အငြိမ်းစား) နိုင်ငွေသိန်းက တိုက်တွန်းခဲ့ပါတယ်။
အခုကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေမှာ ၂၀၁၁-၂၀၁၂ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနဲ့ ၂၀၁၂-၂၀၁၃ ပြည်ထောင်စု ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွေကို ဆွေးနွေးဖို့ ပြင်ဆင် နေတာကြောင့် တိုက်တွန်း လိုက်တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ တာဝန်ကို ယူနေတဲ့ နိုင်ငွေသိန်းက “အရင်က ပေးထားတဲ့ အဆထက်ကို အဆ ၂၀ လောက် ပေးဖို့ ကောင်းတယ်လို့ ပြောချင်တယ်။ နည်းတောင်နည်းသေးလား မသိဘူး။ အပစ်အခတ် ရပ်စဲရေးလည်း ပြီးသွားပြီ။ ဟိုဘက် ကာကွယ်ရေး အသုံးစရိတ် က တအားကို လျှော့နိုင်သလောက် လျှော့ပြီးတော့ ဒီဘက်မှာတော့ တိုးပေးဖို့ ကောင်းမယ်လို့ သဘောရတယ်
လေ” လို့ဆိုပါတယ်။
လက်ရှိအစိုးရဟာ အစိုးရ မဖွဲ့ခင်ကလေးတင် ရက်ပိုင်း အလိုမှာ နအဖ စစ်ကောင်စီက ပြဋ္ဌာန်းခဲ့တဲ့ ဘတ်ဂျက် အသုံးစရိတ်အတိုင်း သုံးစွဲခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီအသုံးစရိတ်ကို ပြန်တမ်း ထုတ်ပြန်ချက်အရ ကာကွယ်ရေးအသုံးစရိတ်က ဘတ်ဂျက်အကုန်လုံးရဲ့ ၂၃ ဒဿမ ၆ ရာခိုင်နှုန်းနဲ့ အမေရိကန်ဒေါ်လာသန်း ၂,၀၀၀ လျာထားသုံးနေပါတယ်။ ပညာရေးအတွက် ၄ ဒဿမ ၁၃ ရာခိုင်နှုန်း (ဒေါ်လာသန်း ၃၅၀) ခန့်နဲ့ ကျန်းမာရေးအတွက် ၁ ဒဿမ ၃ ရာခိုင်နှုန်း (ဒေါ်လာ သန်း ၁၁၀) သုံးဖို့ သတ်မှတ်ခဲ့တာပါ။
ရန်ကုန်မြို့မှာ အခမဲ့စာသင်ကြားတဲ့ ဗေဒါအင်စတိကျူ့ ထူထောင်သူ တဦးဖြစ်တဲ့ ကိုမျိုးရန်နောင်သိန်းကလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရမယ်။ အဲ့လို ဖြစ်ဖို့ ပညာရေးနဲ့ ကျန်းမာရေးမှာ ငွေကြေးပိုမို သုံးစွဲရမယ်လို့ လက်ရှိကာလနဲ့ ချိန်ထိုးပြောပါတယ်။
“ဘယ်တိုးတက်တဲ့ နိုင်ငံမဆို ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ ဘတ်ဂျက်အများဆုံး သုံးစွဲကြပါတယ်။ မြန်မာနိုင်ငံမှာလည်းပဲ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍမှာ အခုလိုအချိန်မှာ ဘတ်ဂျက်ကို ပိုသုံးစွဲဖို့ လိုပါမယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်းမှာ ပြည်တွင်းစစ်မီးတွေရယ် အမျိုးသားရင်ကြားစေ့ရေး မရှိတာတွေရယ်၊ အဲဒီကိစ္စပေါင်းစုံနဲ့ ကာကွယ်ရေး အသုံးစရိတ်တွေ အများကြီးမြှင့်တင်ခဲ့ရတော့ ပညာရေးနဲ့ ကျန်းမာရေးမှာ အရမ်းနိမ့်ပါးခဲ့ရတယ်။ အထူးသဖြင့် ပညာရေးပေါ့။ အဲဒီမှာ ငွေကြေးရင်းနှီးမြှုပ်နှံဖို့လိုပါတယ်။”
ဘတ်ဂျက်ဆိုတဲ့ နေရာမှာလည်း တနှစ်တာ တိုင်းပြည်ဝင်ငွေ ဘယ်လောက်ရလဲ ဆိုတဲ့ ဝင်ငွေခွန်ပေါ် မူတည်တယ်လို့ ပြောဆိုပြီး လက်ရှိကာလမှာ စစ်အစိုးရ လက်ထက်ကနေ ရှိနေတဲ့ လက်ဝေခံ အပေါင်းအပါတွေရဲ့ စီးပွားရေး လုပ်ငန်းတွေက အခွန်ငွေတွေဟာ ဘတ်ဂျက်ထက်ကို မဝင်တာတွေရှိလို့ ဝင်အောင် ကြိုးပမ်းဖို့ လိုတယ်လို့ ထောက်ပြ ပြောဆိုသွားပါတယ်။
“ဆိုပါတော့ တနှစ်ကို တထောင်ဝင်တယ်ဆိုရင် တကယ်တန်း ဘတ်ဂျက်ထဲ က မြန်မာနိုင်ငံရဲ့ ဝင်ငွေထဲဝင်လာတာ တရာပဲရှိတယ်။ ကျန်တဲ့ ကိုးရာက ပျောက်သွားတယ်။ တဦးချင်းတယောက်ချင်းနဲ့ ပျောက်သွားပြီ။ မြန်မာပြည်ရဲ့ ရသင့်ရထိုက်တဲ့ ငွေခွန်တွေကို ရဖို့လိုတယ်။ အဲဒီအတွက်ကို ပေါ်လစီချမှတ်ဖို့ လိုတယ်။ နိုင်ငံတနိုင်ငံရဲ့ ဝင်ငွေသည် အရမ်း အရေးကြီးပါတယ်။ ”
သတင်းရင်းမြစ် - ဒီဗွီဘီ




0 comments:
Post a Comment