သံဃာတပ်ပေါင်းစု ခေါင်းဆောင် ဆရာတော် အရှင်ဂမ္ဘီရ အပါအဝင် မကြာသေးခင် ရက်ပိုင်းက ထောင်က ပြန်လွတ်လာတဲ့ သံဃာ ၅ ပါးကို နိုင်ငံတော် သံဃမဟာနာယက က ဩဝါဒပေးဖို့ ဆင့်ခေါ် လိုက်ပါတယ်။
သော့ပိတ်ခတ်ထားတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ဝင်ရောက် သီတင်းသုံးတဲ့ ကိစ္စနဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာရဲ့ တိုင်ကြားချက်အရ ဇန်နဝါရီ ၂၇ ရက် နေ့စွဲနဲ့ နိုင်ငံတော် သံဃမဟာနာယကရုံးကို လာရောက်ဩဝါဒ ခံယူဖို့ ဆင့်ခေါ်တာပါ။
ဆင့်ခေါ်ခံရတဲ့ သံဃာတွေကတော့ မဂ္ဂင်ကျောင်းမှာ သီတင်းသုံးတဲ့ အရှင်ဂမဘီရနဲ့ ဦးဣဿရိယ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေတောင်ကျောင်းမှာ သီတင်းသုံးတဲ့ ဆရာတော် ဦးပဏ္ဍဝံသ၊ ခြောက်ထပ်ကြီး သာသနာ့ ဂုဏ်ရည်ကျောင်းက ဦးဝိသုဒ္ဓ၊ သံလျင်ဗောဓိကျောင်း ဆရာတော် ဦးပညာသီဟတို့ ငါးပါးဖြစ်ပါတယ်။
ဒီကိုယ်တော်တွေဟာ စစ်အစိုးရလက်ထက် ရွှေဝါရောင်တော်လှန်ရေးမှာ ထောင်ကျခဲ့ကြသူတွေဖြစ်ပြီး အစိုးရသစ် သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ အခုလ ၁၃ ရက်နေ့မှာ ပြန်လွတ်လာကြတာပါ။
ဆင့်ခေါ်စာနဲ့ ပတ်သက်ပြီး ဆရာတော် ဦးပဏ္ဍဝံသက “အကြောင်းအရာ၊ နိုင်ငံတော် သံဃမဟာနာယကရုံးသို့ လာရောက်ရန် ကိစ္စ။ နံပါတ် ၁ အပိုဒ် ခွင့်ပြုချက် မရှိဘဲ ပြစ်မှု ကျူးလွန်နေသော ရဟန်းများကိစ္စ တင်ပြခြင်းနှင့် စပ်လျဉ်း၍ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၂ ခုနှစ်တွင် ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တတိယအဖွဲ့ခွဲ၏ ဆဋ္ဌမအကြိမ် ပထမ အထူးအစည်းအဝေး အား ဖော်ပြပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်။”
ဆင့်ခေါ်ခံရတဲ့ သံဃာတွေအနေနဲ့ ဒီကနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မှာ ကမ္ဘာအေးကုန်းမြေ ဥတ္တရဂုရုဆောင် အစည်းအဝေးခန်းမသို့ ကြွရောက် သတင်းပို့ဖို့ အကြောင်းကြားတယ်လို့ နိုင်ငံတော်သံဃ မဟာနာယကရဲ့ အကြောင်းကြားစာမှာ ပါရှိပါတယ်။
အခုလို ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ ပတ်သက်လို့ အစိုးရဟာ အပေါ်ပိုင်းက ပြောင်းလဲတယ် ဆိုပေမယ့် အောက်ခြေမှာ မပြောင်းလဲသေးဘူးလို့ မိန့်ကြားပြီး ဆရာတော်ကြီးတွေနဲ့ လျှောက်ကြားတဲ့အခါ အခြေနေမှန်ကို ရှင်းပြမယ်လို့ ဦးပဏ္ဍဝံသက မိန့်ပါတယ်။
“တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဦးဇင်းတို့ ကျောင်းကို တချိန်တုန်းက သော့တွေ ခတ်သွားတဲ့ အခါကြတော့ သော့တွေက ဦးဇင်းတို့ ပြန်လွတ်လာတဲ့ အချိန်မှာ တချို့ကျောင်းက ပွင့်နေတယ်။ ဦးဇင်းတို့ကျောင်းတော့ ကိုယ့်ဘာသာကိုယ်ဖွင့်ပြီး နေလိုက်တာပေါ့။ နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးတဲ့ အခါကျတော့ ဒီမှာ ပြန်လာတဲ့အခါ ကိုယ့်ကျောင်းမှာ မနေတော့ ဘယ်မှာ သွားအိပ်မှာတုန်း။ သက်ဆိုင်ရာကို အကြောင်းကြားတော့လဲ ဟိုလိုလို ဒီလိုလိုနဲ့ သူတို့မှာ တာဝန်မရှိဘူး။ သက်ဆိုင်ရာ သံဃမဟာနာယက အကြောင်းကြားတော့လည်း ဒါဟာ လူတွေလုပ်ထားတဲ့ ကိစ္စဆိုပြီး ဝေ့လည်ကြောင်ပတ် ဖြစ်နေတာ။ အဲ့တော့ ဦးဇင်းတို့က ကိုယ့်ကိစ္စကိုယ် တာဝန်ယူတယ်ဆိုပြီး ကိုယ့်ကျောင်းကို တက်နေလိုက်တာပေါ့။ အာဏာပိုင်အဖွဲ့အစည်းကတော့ ဦးဇင်းတို့ကို ဘာမှလာမပြောဘူး။ မပြောဘဲနဲ့ သံဃမဟာနာယကကို လျှောက်ထားတာပေါ့လေ။”
လတ်တလောမှာ အရှင်ဂမဘီရနဲ့ ဆရာတော် ဦးအိန္ဒိယတို့ နှစ်ပါးဟာ မန္တလေးမြို့ကို ကြွရောက် ခရီးလွန်နေတာကြောင့် ပြန်အလာမမီရင်သုံးပါးပဲ ကြွ မယ်လို့ မိန့်ကြားပါတယ်။
သတင်းရင်းမြစ် - ဒီဗွီဘီ





0 comments:
Post a Comment