Wednesday, August 31, 2011

မြန်မာနိုင်ငံမှာ သိသာတဲ့ ပြောင်းလဲမှု ကင်တားနား မတွေ့ရသေး

 
ဓာတ်ပုံ AP
အင်္ဂါ, 30 သြဂုတ် 2011,

မြန်မာအစိုးရဟာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအပေါ် နှိပ်ကွပ်ရာမှာ ဥပဒေ ကန့်သတ်ချက်တွေ သတ်မှတ် ပြဋ္ဌာန်းပြီး အရေးယူနေသလို ဥပဒေကို လက်တွေ့ ကျင့်သုံးရာမှာလည်း တရားနည်းလမ်း မကျတဲ့အတွက် မြန်မာ့ လူ့အခွင့်အရေး အခြေအနေဟာ စိုးရိမ်စရာ ကောင်းနေဆဲပဲလို့ မြန်မာနိုင်ငံကို မကြာခင်က လာရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ မစ္စတာ ကင်တားနား မြန်မာနိုင်ငံက ပြန်လည် ထွက်ခွာခဲ့ပြီး နောက်တရက် သြဂုတ်လ ၂၆ ရက်နေ့မှာ အင်းစိန် အကျဉ်းထောင် အထူးတရားရုံးက အီလက်ထရောနစ် အက်ဥပဒေနဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပြီး နောက်ပိုင်း မစ္စတာ ကင်တားနားက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို ၅ ရက်ကြာ သွားရောက်ခဲ့တဲ့ မစ္စတာ ကင်တားနားက မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေဟာ ပြုပြင် ပြောင်းလဲဖို့အတွက် အခွင့်အလမ်းတွေ ရှိနေပေမဲ့ အခုထိ အဓိပ္ပာယ်ရှိတဲ့ ပြောင်းလဲမှုတွေ မတွေ့ရ သေးဘူးလို့ ပြောပါတယ်။ မစ္စတာ ကင်တားနား မြန်မာနိုင်ငံက ထွက်ခွာခဲ့ပြီးတဲ့ နောက်တနေ့မှာပဲ အစိုးရ ဝေဖန်ရေး ဆောင်းပါးတွေကို အင်တာနက်မှာ ဒေါင်းလုပ် (Download) လုပ်ခဲ့တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အင်းစိန် ထောင်တွင်း အထူးတရားရုံးမှာ အီလက်ထရောနစ် ဥပဒေနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာမို့ ဒါဟာ မြန်မာအစိုးရက တရားဥပဒေကို လိုရာစွဲသုံးပြီး လူ့အခွင့်အရေး ချိုးဖောက် နေတယ်လို့ ပြောပါတယ်။

စုံစမ်းရေး ကော်မရှင်ဖွဲ့ရေး ဥရောပ အမတ်တွေ တိုက်တွန်း

ကရင်အမျိုးသမီး မဇိုယာဖန်းသည် ဗြိတိန်အခြေစိုက် Burma Campaign (UK) တွင် တက်ကြွစွာ လှုပ်ရှား နေပါသည်။ သူသည် လုပ်ကြံ ခံလိုက်ရသော ကရင်အမျိုးသား အစည်းအရုံး (KNU) အတွင်းရေးမှူး ပဒိုမန်းရှာ၏ သမီးလည်း ဖြစ်သည်။
Photo Courtesy of Burma Campaign (UK)
2011-08-30
လာမယ့် ဒီဇင်ဘာလမှာ ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံကို စုံစမ်းရေး ကော်မရှင် စေလွှတ်ရေး ကိစ္စ ဆုံးဖြတ်ချက် ချနိုင်အောင် EU ဥရောပ သမဂ္ဂအဖွဲ့ အနေနဲ့ ကြိုးပမ်း ဆောင်ရွက်ဖို့ မြန်မာပြည်ဆိုင်ရာ ဥရောပ ပါလီမန် အမတ်များအဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်း လိုက်ပါတယ်။

စက်တင်ဘာ လဆန်းပိုင်း အတွင်း EU ဥရောပ သမဂ္ဂအဖွဲ့ အနေနဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒ ဆွေးနွေးပွဲ ရှိတာကြောင့် မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပ ပါလီမန် အမတ်များ သမဂ္ဂက အခုလို ကြေညာချက် ထုတ်ပြန် တိုက်တွန်း လိုက်တာ ဖြစ်တယ်လို့ Burma Campaign U.K အဖွဲ့ဝင် မဇိုယာဖန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သား အစိုးရသစ် တက်လာပြီ ဆိုပေမယ့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ မမြင်ရသေးသလို စစ်တပ်နဲ့ ဒေသခံ အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေသေး တာကြောင့် ဥရောပ ပါလီမန် အမတ်များ သမဂ္ဂက မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် စေလွှတ်ရေးကို တိုက်တွန်း တောင်းဆို aနရတာ ဖြစ်ကြောင်း အဲဒီအဖွဲ့ရဲ့ ကြေညာချက် ထဲမှာ ဖော်ပြ ထားပါတယ်။
Copy from - rfa.org/

မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၉၉)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား(တိုကျို)


မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၉၉)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အရေးတကြီး လိုအပ်နေသော တွေ့ဆုံ ဆွေးနွေးမှု အမြန်ဆုံး ပေါ်ပေါက်ရန် အမျိုးသား ပြန်လည် သင့်မြတ်ရေး တောင်းဆိုသည့် ဆန္ဒပြပွဲ အခမ်းအနားကို  တိုကျိုမြို့၊ ရှိနာဂါဝါ၊ မြန်မာစစ် အခွန်ရုံးရှေ့တွင် ဒီကနေ့ ညနေ(၃း၀၀ နာရီ မှ ၄း၀၀နာရီ) အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဒီပဲယင်းလုပ်ကြံမှုကြီး၌ အသက်ပေးဆပ် စွန့်လှူခဲ့ကြသူများတို့အား မိမိတို့ ကိုးကွယ်ရာ ဘာသာအလိုက် တမိနစ် ငြိမ်သက် ဆုတောင်း မေတ္တာပို့သပေးခဲ့ကြပြီးနောက် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတို့မှ အမှာစကား ပြောသွားခဲ့ကြပါသည်။ ဆန္ဒပြပွဲ တက်ရောက်ကြသူများတို့မှ ဒီပဲယင်း ဖြစ်ရပ်မှန်ကို ဖေါ်ထုတ်ပေးဖို့နဲ့ မတရား အဖမ်းဆီးခံ နေကြရသော နိုင်ငံရေး အကျဉ်းသားများ အားလုံး ချက်ခြင်း လွတ်ပေးရန် တောင်းဆို သွားခဲ့ကြကြောင်း သိရှိရပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် ဂျပန်ရောက် မြန်မာဒီမိုကရေစီ အင်အားစုများ ၁၅၀ကျော်ခန့် ပူးပေါင်း ဆန္ဒပြခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

Tuesday, August 30, 2011

တောင်ယာစောင့် ရွာသား ၃ ဦးအား မြန်မာစစ်တပ်ပေါ်တာဆွဲ ချောက်ထဲ၌သတ်ပစ်

သြဂုတ်လ 29 ရက် 2011 ခုနှစ်။

မြန်မာစစ်တပ် ချောဆွဲသွားစဉ်ကတည်းက ပျောက်ဆုံး နေသော ရွာသား ၃ ယောက်အား ၎င်းတို့တပ်ဆုတ် ပြန်ပြီး နောက်ပိုင်း ဆွေမျိုးများ သွားရောက် ရှာဖွေရာ ချောက်ထဲ၌ အရိုးစုများ တွေ့ရှိခဲ့ကြောင်း သျှမ်းပြည် အလယ်ပိုင်း မှလာသော သတင်းအရ သိရသည်။

သတ်ဖြတ်ခံရသည့် ကျိန်းလိန်ဒေသခံ၏ အရိုးစုပုံ ( ဓါတ်ပုံ-Kham Juent)

 “ကျိန်းလိန် အုပ်စုက ရွာသား ၂ ယောက်နဲ့ ဝမ့်ဝပ် အုပ်စုက ရွာသား ၁ ယောက်ကို ခမရ ၅၁၃ ၊ ခလရ ၂၈၆ နဲ့ ၆၄ တို့ ပူး ပေါင်းစစ်ကြောင်း က ချောဆွဲသွားတာ။ အဲ့ကတည်းကစပြီး ရွာသား ၃ ယောက် ပေါ်မလာ တော့ဘူး။ ဆွေမျိုးတွေလဲ လိုက်မမေးရဲကြဘူး။ ဗမာတွေ စခန်းရုပ်ပြန်သွားမှ သွားရှာကြတာ စခန်းနဲ့ ကိုက် ၁၀၀ လောက် အကွာ ချောက်ထဲမှာ သူတို့ ၃ ယောက်ရဲ့ အရိုးစုတွေ တွေ့ရတယ်” ဟု ကျေးသီး မြို့ကကုန်သည် တဦးကပြော သည်။

ဂျူလိုင်လ ၁၈ ရက်က ကျေးသီးမြို့နယ် ကျိန်းလိန်အုပ်စု ဝမ့်နမ့်မော်ရွာ မြောက်ဖက် လွယ်ဆုန်းမတ် မိုက်ဟုန်း ဖက် တပ် စခန်းချသော မြန်မာစစ်တပ် ခမရ ၅၁၃ က ကျိန်းလိန်အုပ်စု နမ့်မော်ရွာသား ဆန်လုံ ( အသက် ၄၈ နှစ်) ၊ ဆန်ထွန်း (အသက် ၄၉ နှစ်) နှင့် ဝမ့်ဝပ်အုပ်စု နမ့်တက် ရွာသား လုံးလုံစွန်း (အသက် ၅၄ နှစ်)အား ချောဆွဲ ခေါ်ယူသွားရာသတ်ဖြတ် ၍ ချောက်ထဲသို့တွန်းချထားခြင်းဖြစ်ကြောင်းသေဆုံးသူ တဦး ၏ အသိုင်းအဝိုင်းကဤ ကဲ့သို့ပြောပြသည်။

- မြန်မာစစ်တပ်၏ စခန်းဟောင်းများ( ဓါတ်ပုံ- Kham Juent)

“ ကျနော်တို့အကို ယာသွားစောင့်ရင်းနဲ့ ချောဆွဲခံရတာ ဂျူလိုင်လ ကတည်းကဘဲ။ ပြန်မလာတော့ လဲ လိုက်မရှာ ရဲကြဘူး။ ဗမာစစ်တပ်တွေက အဲဒီဘက်မှာရှိနေတယ်လေ။ ဒီလ ၂၅ ရက်ကြာသပတေး နေ့တုန်းက သူတို့ စခန်းဖြုတ် တပ်ဆုပ်သွား ပြီးပြီးချင်း ကျနော်တို့ သွားရှာကြတယ်။ ဟိုးချောက် ထဲမှာ အလောင်း ၃ လောင်းရဲ့ အရိုးစုတွေ။

သူတို့စီးထားတဲ့ ဖိနပ် တောင် မကျွတ် မပျက်သေးဘူး” ဟု သျှမ်းသံတော်ဆင့်သို့ ပြန်လည်  ပြောပြသည်။

Monday, August 29, 2011

Save the Irrawaddy

Copy from - irrawaddyblog

တရုတ်နည်းပညာ၊ ဧရာဝတီနဲ့ မြန်မာတမျိုးသားလုံးရဲ့ ကံကြမ္မာ

တရုတ်နိုင်ငံ အရှေ့ခြမ်း ယန်ဇီပြည်နယ် နန်ချန်းမြို့အနီး ဖုဟေး မြစ်မျက်နှာပြင်ပေါ်တွင် အစုလိုက်အပြုံလိုက် သေနေ သောငါးများ (August 17, 2011)

တရုတ်ပြည်ရဲ့ တဟုန်ထိုး စီးပွါးရေး တိုးတက်လာမှုကြောင့် ဖြစ်လာရတဲ့ စွမ်းအင် လိုအပ်ချက်ဟာ တရုတ်ပြည်ထဲ က မြစ်တွေ ပျက်စီးခဲ့ရုံနဲ့ မပြီးဘဲ မြန်မာပြည်ကို မွေးဖွား သန့်စဉ်ပေးခဲ့တဲ့ တခုတည်းသော  မြန်မာ အမျိုးသားပိုင် အမိ ဧရာဝတီကို သတ်ဖြတ်ဖို့ ကြိုးစဉ် ဆောက်နေတဲ့ အဆင့်အထိ ရောက်လာခဲ့ပါပြီ။

ကျနော့် အနေနဲ့ ဒီဓါတ်ပုံ သတင်းဆောင်းပါးမှာ ပြည်ထောင်စု၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့ မြန်မာ တမျိုးသားလုံးကို တင်ပြချင်တဲ့ အခြေခံ အချက်ကတော့ တ ရုတ်တွေဟာ သူတို့ ကိုယ်ပိုင်မြစ်တွေကို  ဘယ်လို သတ်ဖြတ် ခဲ့ကြပြီလဲ။ သူတို့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လိုဖျက်ဆီး ခဲ့ကြပြီလဲ ဆိုတာကို ဘာအကျိုး ကျေးဇူးတစုံတရာ မယ်မယ်ရရမရှိ မြန်မာ တမျိုးသားလုံးအတွက် အဘက်ဘက်က ဘာ အာမခံချက်မှ မရှိတဲ့ ဧရာဝတီကို လည်မျိုညှစ်နေတဲ့ တရုတ် အကျိုးစီးပွါး သက်သက်အတွက် သခင်အားရ ကျွန်ဒဏ်ဝ လုပ်နေတဲ့ မျိုးဖျက် သစ္စာဖေါက် လောက်ကောင် ပုဆိန်ရိုး တစုကြောင့် ဖြစ်လာရတဲ့  မြစ်ဆုံ ရေအား လျှပ်စစ်ထုတ် ရေကာ တာတွေကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေကို နှိုင်ယှဉ် တွေးဆပြီး ဒီသေမင်း တမန် စီမံကိန်းကို အမျိုးသားရေး အသွင် သဏ္ဌာန်နဲ့ ရပ်တန့်နိုင်စေရန် ရည်ရွယ် တင်ပြလိုက်ပါတယ်။
(မြစ်ချောင်းနှင့် ကမ်းရိုးတန်း အင်ဂျင်နီယာဘွဲ့လွန် တရုတ်တွင် သင်ယူနိုင်ရန် ညှိနှိုင်းနေ By Popular News ဆိုတဲ့ သိန်းစိန်အစိုးရရဲ့ ဆင်သေကို ဆိတ်ရေနဲ့ဖုံးဖို့ ကြိုးစားနေ တဲ့ သွေးရူး သွေးတန်း လုပ်ရပ်တွေကို နားမယောင်ကြဘဲ အရှိအဖြစ်ကို လက်တွေ့ကျကျ ပကတိ အတိုင်း မြင်နိုင်အောင် တင်ပြလိုက်ရပါတယ်။)
 ”တရုတ်ကွန်မြူနစ်ပါတီဟာဘယ်တော့မှအမှားကိုဝန်မခံဘူး” (ဟန်စ်ချန် – အာရှရေစွမ်းအင် Three Gorges Dam: China’s Dilemma) ကမ္ဘာ့အကြီးဆုံး Three Gorges Dam ကို ယန်စီမြစ်လည်ကနေ ဖြတ်ပြီး ဆောက်ခဲ့ပါတယ်။ စီးပွါးရေးသမားတွေ နဲ့ နိုင်ငံရေးသမားတွေ သူတို့နဲ့ အဆွယ်အပွားတွေ အားလုံး အကျိုး ရှိသွားခဲ့ပါတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ ဂေဟဗေဒ စံနစ်တွေ အားလုံး ပျက်စီးခဲ့ပြီး တရုတ် တမျိုးသားလုံးအတွက် သမိုင်းဝင် ယန်ဇီမြစ်ကြီး ဘ၀ပျက်သွားခဲ့တာ ကို မျက်စိမှိတ် လျစ်လျူရှု ခဲ့ကြပါတယ်၊ အာရှတိုက်ရဲ့အရှည်ဆုံးသော ယန်ဇီမြစ်ကြီးဟာ လျှပ်စစ်ဓါတ်အား ၁၈,၂၀၀ မီဂါဝပ် ထုတ်ပေးတဲ့ Three Gorges Dam ရဲ့ ၀ါးမြို ဖျက်ဆီးခြင်းကို အဖတ် ဆယ်မရအောင် ခံလိုက်ရပါပြီ။

တရုတ်နိုင်ငံ အရှေ့ခြမ်း ယန်ဇီပြည်နယ် နန်ချန်းမြို့အနီး ဖုဟေး မြစ်မျက်နှာပြင်ပေါ်တွင် အစုလိုက် အပြုံလိုက် သေနေ သော ငါးများ (August 17, 2011)

သည်ပုံကတော့ ယန်ဇီမြစ်ကိုဖြတ်ပြီး ဖေါက်ခဲ့တဲ့ Three Gorges Dam ကြောင့်ဖြစ်လာရတဲ့ ယန်ဇီမြစ်ပြင်ရဲ့ တစိတ်တ ဒေသပါပဲ။

(ယန်ဇီမြစ် ဆိုတာ တိဘက် ကုန်းပြင်မြင့်မှာ မြစ်ဖျားခံခဲ့ပြီး တရုတ်ပြည်သူ သန်းပေါင်းလေးရာကို ရေချို ဖြည့်တင်း ပေးနေ ခဲ့တဲ့ မြစ်တစင်းပါပဲ။) ဒီဓါတ်ပုံတွေဟာ တရုတ် အာဏာပိုင်တွေရဲ့ သဘာဝ ၀န်းကျင်နဲ့ ဂေဟဗေဒ စံနစ်ကို ဘယ်လောက် အလေးထား နေသလဲဆိုတဲ့ သက်သေခံ ပြယုဂ်တွေ ပါပဲ။


တရုတ်နိုင်ငံ အရှေ့ခြမ်း ယန်ဇီပြည်နယ် နန်ချန်းမြို့အနီး ဖုဟေးမြစ်မျက်နှာပြင်ပေါ်တွင် အစုလိုက်အပြုံ လိုက် သေနေသော ငါးများ။ (August 17, 2011)

ဒီ ဖုဟေးမြစ်ထဲကငါးတွေ အကြီးအသေး တကောင်မှမကျန်အောင် သေကြေခဲ့ရခြင်းဟာ မြစ်ကိုဖြတ်ကူးတဲ့ တံတား တစင်းကို တည်ဆောက်ခြင်းကြောင့် ဖြစ်လာရခြင်းပါ။ ဒါကိုကြည့်တာနဲ့ တရုတ်နည်း ပညာဟာ ဘယ်လောက်အဆင့် အတန်းရှိရှိ ဂုဏ်သိက္ခာရှိသလဲဆိုတာ မြက်ဝါးထင်ထင် တွေ့မြင်နိုင်ကြမှာပါ။

နန်ချင်းမြို့ဘေးမှာတင် ပုပ်ပွနေတဲ့ ငါးအသေကောင်တွေနဲ့ ပြည့်နှက်နေတဲ့ ဖုဟေမြစ်ရဲ့ ဖြစ်ပျက်နေပုံပါပဲ။ (August 17, 2011) ဘာစက်မှုမှ မယ်မယ်ရရ မတိုးတက်ဘဲ သဘာဝပန်းဝန်းကျင်ကိုပဲ

မှီခို အားထား အသက်ရှင်နေရတဲ့ (ဧရာဝတီ နဲ့ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာကို မှီခိုနေရတဲ့) မြန်မာ့ လူဦးရေရဲ့ ၇၀% ရာနှုန်းရဲ့ အနာဂတ် ဘ၀တွေကို ဒီမြင် ကွင်းတွေ အပေါ်ကနေ ပြက်ပြက် ထင်ထင် မြင်နိုင်ကြမှာပါ။



သိပ်မကြာခင် ဆယ်စုနှစ် အတွင်းမှာ ကျနော်တို့ မြန်မာလူမျိုးတွေ အခုမြင်နေရတဲ့ တရုတ်ပြည်က  မြစ်တွေထဲက ငါးတွေလို ပိုးလိုးပက်လက် သေသူသေ ဖုတ်လိုက် ဖုတ်လိုက်နဲ့ သေဖို့ကို စောင့်သူစောင့် ဘ၀ ရောက်ကြရတော့မယ် ဆိုတာ သိစေ ချင်ပါတယ်။


ကျုပ်တို့လူမျိုးတွေ သည်ငါးတွေလို သေအတူယှဉ်မခွာ အတူသေကြတော့ မလား။



ဒီပုံကတော့ ယန်ဇီမြစ်ကို ဖြတ်ပြီး ဆောက်ခဲ့တဲ့ ကမ္ဘာ့ အကြီးဆုံးဆိုပြီး တရုတ်ကွန်မြူနစ် ပါတီက ဟိတ်ဟန် ထုတ်နေခဲ့တဲ့ Three Gorges Dam ကြောင့် ဇူလိုင် ၂၇, ၂၀၁၁ နေ့က ဖြစ်ပွါးခဲ့တဲ့ ရေကြီးမှု တစိတ်တဒေသရဲ့ ဓါတ်ပုံပါ။ တ စက္ကန့်ကို ရေကုဗမီတာ ၇၀ ၀၀၀ ကျော် နှုန်းနဲ့ ထိမ်းမနိုင် သိမ်းမရ ဒလဟော ထွက်လာတဲ့ ရေတွေကို တရုတ်ကွန်မြူနစ် ပါတီက အာဏာပိုင်တွေ မတားဆီး နိုင်ခဲ့ပါဘူး၊ ဧရာဝတီကို တရုတ်လက်ထဲ ထိုးအပ်ခဲ့တဲ့ မောင်အေးနဲ့ သိန်းစိန်တို့ မြေ ကြီး လက်ခတ်မလွဲ ဖြစ်လာမယ့် ဒီဆိုးကြိုး တွေအတွက် တိုင်ပြည်နဲ့ လူမျိုးကို ဘာအာမခံချက်မှ မပေးနိုင်ပါဘူး။ သူတို့ အာမခံချက် ပေးခဲ့တာကတော့ တရုတ်တွေကို ဧရာဝတီ ထိုးအပ် ပါတယ်ဆိုတဲ့ စာချုပ်မှာ လက်မှတ် ထိုးခဲ့တာပါပဲ။



တိုင်းပြည်ကို ချစ်တဲ့ တရုတ် အများစုကြီးကတော့ သည်ဆည်ကြီးကို ယံဇီကို သတ်ခဲ့တဲ့ ငရဲခန်းကြီးလို့ တွင်တွင် ခေါ်နေကြ ပါတော့တယ်။



ယန်ဇီကို သတ်ဖြတ်ခဲ့တဲ့ Three Gorges Dam ကြောင့် ၂၀၁၀ မှာ လူ ၁၂၀၀ ရေသင်္ချိုင်းမှာ မြှုတ်ခဲ့ရပြီး ဒေါ်လာ သန်း ပေါင်း ၂၂ ဘီလီယံ ဆုံးရှုံး ခဲ့ရပါတယ်။


ယူနက်စကို (World Heritage Site) ရဲ့ 2007 အစီရင်ခံစာအရ တရုတ်နိုင်ငံမှာ လူသန်း (၃၀၀) ဟာ ညစ်ညမ်း တဲ့ ရေတွေကို သောက်သုံးနေကြရပြီး လူသန်းပေါင်း (၁၉၀) ဟာ မသန့်ရှင်းတဲ့ရေ သောက်သုံး သုံးစွဲရမှုကြောင့် ဖြစ် ရတဲ့ ရောဂါတွေရနေကြပြီလို့ ဆိုပါတယ်၊ ၂၀၁၁ ခုနှစ်မှာ ဒီအရည်အတွက်ဟာ ၂၀% ထပ်တိုးလာပြီလို့ ခန့်မှန်းကြ ပါတယ်။


မျိုးဖျက် ပုဆိန်ရိုး သစ္စာဖေါက် လောက်ကောင် တစုကြောင့် ကျနော်တို့ရဲ့ နောင်လာ နောက်သားတွေ ကနေ့ တရုတ်ပြည် ရဲ့ လူနည်းစု ကောင်းစားပြီး လူသန်းပေါင်းများစွာ ဘ၀ ပျက်နေရတဲ့ အဖြစ်မျိုးကို မကြုံရအောင် အချိန်မနှောင်းခင် အမျိုးသားရေး အမြင်ဖြင့် တိုက်ပွဲ ၀င်ကြဖို့ အလျှင်အမြန် ၀ိုင်းဝန်းကြရန် လိုအပ်နေပါပြီ။ (သိပ်မကြာခင် ဖြစ်လာမဲ့ အထက်ကလို အနိဋ္ဌာရုံ တွေအတွက် သိန်းစိန် နဲ့ မောင်အေး သာမက သူတို့အဖေ တရုတ်တွေလည်း ဘာအာမခံချက်မှ မပေး နိုင်ပါဘူး။ တရုတ်တွေ သူတို့မြစ်တွေ ဖျက်ဆီးပြီးလို့ အားလုံး ရစရာမရှိတော့ချိန်မှာ နောက်ဖေးအိမ်က စမ်းချောင်းထဲမှာ အညစ် အကြေးစွန့်ဖို့လုပ်တဲ့ ဖြစ်ရပ်နဲ့ မခြားပါဘူး။)



အမျိုး ဘာသာ သာဿနာကိုဖျက်ရုံတင်မက ပုဆိန်ရိုးတွေ သူခိုးကို ဓါးကမ်းခဲ့ပါပြီ။


မြန်မာ တမျိုးသားလုံးရဲ့ ဒီသေမင်းတမန် စီမံကိန်းကြီးကတော့ ဖဲကြိုးဖြတ် ဖွင့်ခဲ့ပါပြီ။

(ဖတ်ရှုတဲ့အတွက် အဖိနှိပ်ခံ မြန်မာ တမျိုးသားလုံးရဲ့ကိုယ်စား သင့်ကို ကျေးဇူးတင်ပါတယ်။) ဧရာဝတီ ကမ္ဘာ တည်သရွေ့စီးပါစေ။ မြန်မာပြည်သည် ဧရာဝတီ စီးသရွေ့ တည်ပါစေ။ (ဧရာဝတီ ပျက်တဲ့နေ့ဟာ မြန်မာပြည် အသက် ထွက်တဲ့နေ့ ပါပဲ) အမှားတခုကို ကျူးလွန်ရန်အတွက် ဘယ်အမှန်တရားနဲ့မှ သက်သေပြ၍မရ

လေးစားစွားဖြင့်
လှိုင်ဘွား / 88
(August 27, 2011)
Copy from - naytthit.net

KIO အဖွဲ့တွင်း နိုင်ငံရေးရှင်းလင်းပွဲ ပြုလုပ်

သြဂုတ်လ 29 ရက် 2011 ခုနှစ် ။

မြန်မာအစိုးရသစ် နေပြည်တော်တွင် ပြည်ထောင်စု လွှတ်ပြုလုပ်နေချိန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က မိမိဖွဲ့အတွင်း နိုင်ငံရေး ရှင်းလင်းပွဲများကို သြဂုတ် ၂၇၊ စနေနေ့က ပြုလုပ်ခဲ့သည်။ ကချင်ပြည်နယ် KIO ဗဟိုဌာနချုပ် လိုင်ဇာ Alen Bum (အလဲန်ဘွမ်) စစ်ဌာနချုပ်တွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်ထန်ဂမ်ရှောင်က လက်ရှိ KIO နှင့် မြန်မာ အစိုးရသစ်ကြားရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများကို ရှင်းလင်း ပြောဆိုသွားသည်။

သြဂုတ် ၂၇၊ Alen Bum စစ်ဌာနချုပ်တွင် ပြုလုပ်သော နိုင်ငံရေး ရှင်းလင်းပွဲတွင် KIO/KIA အဖွဲ့ဝင် ၁၀၀၀ ကျော် တက်ရောက်ခဲ့သည်။ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၅)နှင့် တပ်ရင်း (၁၅) ဒေသသို့ မြန်မာအစိုးရ စစ်ကြောင်းများ ထိုးဖောက် ၀င်ရောက် လာသည့်အတွက် ဇွန် ၉ ရက်မှ စတင်ကာ စစ်ပွဲများ ဖြစ်လာခြင်း ဖြစ်ကြောင်းနှင့် ဆက်ပြီး မြန်မာတပ်မှ ထိုးစစ်ဆင်လာပါက ခုခံသွားရန် စစ်ဦးစီးချုပ်က ရှင်းပြခဲ့သည်။

(၁၇) နှစ်ကြာ နိုင်ငံရေး ဖြေရှင်းခြင်း မပါသည့် ငြိမ်းချမ်းရေး ကာလကြောင့် ကချင်အမျိုးသားများ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အရ နှစ်နာ ဆုံးရှုံးမှုတွေကို သင်ခန်းစာယူကာ ပြည်သူများ အကြံပေးချက်များနှင့် အညီ KIO ဗဟိုကော်မတီက နိုင်ငံရေး ခြေလှမ်း မမှားစေရန် လေးလေးနက်နက် သတိထား လျှောက်လှမ်း သွားမည်ဟု စစ်ဦးစီးချုပ်မှ ၀န်ခံ ကတိပြုခဲ့သည်။

“KIO က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ပေါင်းစုံ ပါဝင်သည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC)အနေဖြင့်သာ နိုင်ငံရေး ဆွေးနွေးရန်နှင့် ဘုရားသခင်ထံ ဆုတောင်းခွန် အားယူပြီး KIO ဗဟိုကော်မတီ ဦးဆောင်မှုကို ယုံကြည်လျက် မိမိကျရာ တာဝန်များကို ထမ်းဆောင်ကြရန်” ဗိုလ်ချုပ်ဂမ်ရှောင် တိုက်တွန်း ပြောဆိုသွားသည်။

KIO သည် ၁၉၈၈ နှောင်းပိုင်းမှ ကချင်ပြည်သူများ၏ အားပေးထောက်ခံမှု တဖြည်းဖြည်း ကျဆင်း လာခဲ့ကာ (၁၇) နှစ်တာ မြန်မာ စစ်အစိုးရနှင့် ပြုလုပ်သော ငြိမ်းချမ်းရေး ကာလသည် အနိမ့်ဆုံး အခြေအနေ ဖြစ်သည်။ သို့သော် မြန်မာစစ် အစိုးရ၏ နယ်ခြားစောင့်တပ် (Border Guard Force) အသွင် ကူးပြောင်းရေးကို KIO က လက်မခံသည့်အတွက် ကချင်ပြည်သူများ၏ ထောက်ခံမှု ပြန်လည် ရရှိလာသည်။ နိုင်ငံရေး ရှင်းလင်းပွဲများကို လိုင်ဇာ KIO အရပ်ဘက်ဌာနများနှင့် ဒုက္ခသည်စခန်းများတွင် တရက်ထဲပြုလုပ်ခဲ့ သည်။

သတင်းရင်းမြစ် - ကချင်သတင်းဌာန

အပစ်အခတ် ရပ်ဆိုင်းရေးနှင့် ပတ်သက်၍ UNFC ၏ ရပ်တည်ချက်များ

UNFC

Sunday, August 28, 2011

မြန်မာအစိုးရသစ်နဲ့ သတိထားဆက်ဆံဖို့ အိန္ဒိယကိုတိုက်တွန်း


အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စင်တာ IIC မှာ ဒီနေ့ ညနေကကျင်းပခဲ့တဲ့ Democratization and Reconciliation: Burma at Crossroads ဆွေးနွေးပွဲ (ဓာတ်ပုံ - ဧရာဝတီ)

ဒီဆွေးနွေးပွဲမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေပေါ် မူတည်ပြီး ၂၀၁၀ ရွေးကောက်ပွဲ အပြီးပေါ်လာတဲ့ အစိုးရသစ်ကို ယုံကြည်မှု မလွန်ကဲဖို့၊ သတိထား ဆက်ဆံဖို့ အိန္ဒိယရောက် မြန်မာအတိုက်အခံတွေက အိန္ဒိယအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို တိုက်တွန်း ပြောဆို လိုက်ပါတယ်။
 
အင်အားကြီး ဒီမိုကရေစီနိုင်ငံကြီး ဖြစ်တဲ့ အိန္ဒိယ အနေနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ  ဖြစ်နေတဲ့ အခြေအနေတွေကို အမှန်အတိုင်း သိရှိ နားလည်ဖို့ လိုအပ်တယ်၊ မြန်မာ့ဒီမိုကရေစီရေး အတွက် အားပေးကူညီဖို့ တောင်းဆို ခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲကို ထိုင်း-မြန်မာနယ်စပ်က မြန်မာအတိုက်အခံ အင်အားစုတွေ၊ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ၊ မြန်မာ့အရေး စိတ်ဝင်စားတဲ့ အိန္ဒိယ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ပညာရှင်တွေ တက်ရောက် ဆွေးနွေး ခဲ့ကြပါတယ်။
-----

ဒေါ်ရှယ်လီဆိုင်း
နိုင်ငံခြားရေးရာ တာဝန်ခံ
ကချင်အမျိုးသမီးများအဖွဲ့ (ထိုင်းနိုင်ငံ)

ကချင်ပြည်နယ် အပါအ၀င် တိုင်းရင်းသား ဒေသတွေမှာ လတ်တလောဖြစ်နေတဲ့ ထိုးစစ် တွေကြောင့် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေတွေ၊ စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေတွေ၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီထားမှု အခြေအနေ၊ မြန်မာအစိုးရက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လုပ်ဆောင် နေမှုတွေ၊ နယ်ခြားစောင့် တပ်လုပ်ဖို့ သဘောမတူတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပဋိပက္ခ ဖြစ်ပွားနေမှု အခြေအနေတွေကို တင်ပြပြီး အိန္ဒိယလို အိမ်နီးချင်း နိုင်ငံအနေနဲ့ လူ့အခွင့်အရေးကို လေးစားသောအားဖြင့်၊ လူသားချင်း စာနာသောအားဖြင့် မြန်မာအစိုးရကို စစ်ရေးအရ ကူညီ ထောက်ပံ့မှုတွေ မပေးဖို့၊ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ပြည်တွင်းစစ်တွေ အပြီးတိုင် ရပ်စဲအောင် မြန်မာအစိုးရကို ဖိအားပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
-----

ဦးညိုအုန်းမြင့်
နိုင်ငံခြားရေးရာတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)

မြန်မာနိုင်ငံက လက်ရှိ အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်လာတဲ့ စစ်အစိုးရ ကျောထောက် နောက်ခံ အစိုးရသာ ဖြစ်တယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။ လတ်တလော အခြေအနေတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဦးသိန်းစိန်က တွေ့ဆုံတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဖိတ်ခေါ်တာ၊ ကုလသမဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး ကင်တားနားကို မြန်မာပြည်လာဖို့ ဖိတ်ခေါ်တာ စတဲ့ လုပ်ရပ်တွေဟာ ဒီမိုကရေစီ စနစ်ဖြစ်ထွန်း လာပြီလို့ ယတိပြတ်ပြောလို့ မရသေးပါဘူး။ အိန္ဒိယ အစိုးရအနေနဲ့ အစိုးရသစ်ကို  ယုံကြည် စိတ်ချပြီး မြန်မာ့အရေး နှုတ်ဆိတ် နေမှာမျိုး မလုပ်သင့်ပါဘူး။ အိမ်နီးချင်း နိုင်ငံတွေ၊ အထူးသဖြင့် တရုတ်အစိုးရက မြန်မာနိုင်ငံထဲမှာ စီးပွားရေး ရင်းနှီးမြုပ်နှံတာတွေ လုပ်နေသလို အိန္ဒိယကလည်း လုပ်လာ နေကြတဲ့အခါမှာ စီးပွားရေး တခုထဲကိုပဲ မကြည့်ပဲ မြန်မာပြည်သူတွေအတွက် ထည့်သွင်း စဉ်းစားဖို့၊ လူ့အခွင့်အရေးကို လေးစား လိုက်နာဖို့ လိုအပ်ပါတယ်။ စစ်အစိုးရ ကျောထောက် နောက်ခံ အစိုးရသစ်ရဲ့ ကစားကွက်အပေါ် ခြေလှမ်းမှား မနင်းမိဖို့ သတိမူ သင့်ပါတယ်။ မြန်မာနိုင်ငံအပေါ် ထားတဲ့ အိန္ဒိယရဲ့ မူဝါဒတွေကို ပြောင်းလဲဖို့ လိုအပ်နေပါပြီ။
------

ဒေါ်ခင်ဥမ္မာ
နိုင်ငံခြားရေးရာတာဝန်ခံ
မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB)

နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်ရင် ထိထိရောက်ရောက်  သေသေချာချာ စဉ်းစားပြီး လုပ်ဖို့ လိုပါတယ်။ ရွေးကောက်ပွဲပြီး အစိုးရသစ် တက်လာပြီးတဲ့ နောက်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အစိုးရဖြစ်လာပြီလို့ ထင်မြင်မှုတွေနဲ့အတူ မြန်မာနိုင်ငံဟာ ဈေးကွက်သစ် တခုဖြစ်လာ နေပါတယ်။ ဥပမာ အားဖြင့် တရုတ်နိုင်ငံ ဆိုရင် မြန်မာနိုင်ငံက သယံဇာတတွေ၊ သဘာဝ အရင်းအမြစ် တွေကို ပုံစံ အမျိုးမျိုးနဲ့ ရယူဖို့ ကြိုးစား နေတာတွေက အားလုံး အသိပါပဲ။

နိုင်ငံတကာက မြန်မာ့အရေးကို စောင့်ကြည့် နေပါတယ်၊ စောင့်ကြည့် နေပါတယ်သာ ပြောနေတာ အချိန်တွေ ကြာလာတာနဲ့အမျှ ပြည်သူတွေ ဖိနှိပ်ခံ နေရတာတွေက တနေ့တခြား ပိုလို့သာ  များလာပါတယ်။ ဒီအာဏာရှင်တွေနဲ့ ဆက်ဆံတဲ့အခါ ကလေးကစားသလို မလုပ်ဖို့ လိုပါတယ်။ သတိနဲ့ဆက်ဆံဖို့ လိုပါတယ်။ အခုဖြစ်နေတဲ့ ပြည်ပရောက် နိုင်ငံသားတွေကို ပြန်ခေါ်နေတဲ့ ကိစ္စတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာတွေဟာ ပွင့်လင်း မြင်သာမှု မရှိသလို ဒီလိုအဖြစ်အပျက် တွေရဲ့နောက်မှာ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းခိုင်း နေတာတွေ၊ အာဆီယံမှာ ဥက္ကဌ နေရာရဖို့ ကြိုးပမ်းတာ စတာတွေကို ကြည့်ခြင်း အားဖြင့် သူတို့ဟာ ကိုယ့်အကျိုး စီးပွားတခုကိုပဲ ကြည့်တဲ့သူတွေ ဆိုတာ မမေ့သင့်ပါဘူး။ 

အိမ်နီးချင်း လည်းဖြစ်၊ ကမ္ဘာ့ဒီမိုကရေစီ အင်အားကြီး နိုင်ငံတခုလည်းဖြစ်တဲ့ အိန္ဒိယ အနေနဲ့သာ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံ အားပေးခဲ့မယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီရေး လုပ်နေတဲ့ သူအားလုံး အားရကြမှာပါ။
-----

Prof. Baladas Ghoshal
ဧည့်ပါမောက္ခ
နိုင်ငံရေး သုတေသနဌာန၊ Jamia Milia Islamia University

မြန်မာနိုင်ငံအတွက် အမျိုးသား ရင်ကြားစေ့ရေးက အရေးအကြီးဆုံး ဖြစ်လို့ ဒါကို လုပ်ကို လုပ်ရမယ်။ ဒီအတွက် အစိုးရဖက်ကရော အတိုက်အခံတွေ ဖက်ကရော နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်။ မဟုတ်ရင် အမျိုးသား ရင်ကြားစေ့ရေး အတွက်က အင်မတန် ခက်ခဲလိမ့်မယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ကလည်း မဖြစ်မနေ လိုအပ်တယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင် ဖြစ်ရေးတခုကိုပဲ ဦးစားပေး နေရင်တော့ အဆင်ပြေမယ်လို့  ကျနော်မထင်ဘူး။ ကျနော့် အမြင်မှာတော့ ဒါက အတိတ်မှာ ကျန်ခဲ့ပြီးသား ဆိုတော့ ဒါကို ပြန်တောင်းဆို နေဖို့ကို ခက်ခဲလိမ့်မယ်။ မြန်မာ့ နိုင်ငံရေးမှာက ဒေါ်အောင်ဆန်းစုကြည်က အခရာ ဖြစ်တယ်။ သူမ အနေနဲ့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းတွေမှာ မားမားမတ်မတ် ရပ်တည်ပြီး အစိုးရကို ဦးဆောင် သွားနိုင်ဖို့အတွက် ကြိုးပမ်း သွားဖို့ လိုနေတယ်။ ဒီအတွက်ကတော့ အချိန်တွေ အများကြီး ပေးရလိမ့်မယ်။

မြန်မာ အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ လူ့အခွင့်အရေး ချိုးဖောက် နေမှုတွေကို ရပ်တန့် ပေးဖို့ တောင်းဆိုပြီး ဒါတွေ လုပ်မယ်ဆိုရင် စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်ဖွင့်ပေးမယ် ဆိုတာမျိုး ကုလသမဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေက သိမ်းသွင်း စည်းရုံး ပြောဆိုမှုကို ထိထိရောက်ရောက် လုပ်သင့်တယ်။
-----

ဒေါက်တာတင့်ဆွေ
ပြန်ကြားရေးဝန်ကြီး
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)

မြန်မာနိုင်ငံရဲ့ နောက်ဆုံး ဖြစ်ပေါ်နေတဲ့ အနေအထားကို ကျနော်တို့အမြင် ရှုထောင့်ကနေ  တင်ပြခွင့် ရသလို၊ အိန္ဒိယ ဖက်ကလည်း ဒီအပေါ်ကနေ သူတို့ အစိုးရကို တစုံတရာ ပြောနိုင် လိမ့်မယ်လို့ ယူဆပါတယ်။

သူတို့ဖက်ကလည်း အကြံပေးချက်တွေကတော့ အမျိုးမျိုး ရှိတယ်ခင်မျ။ အတွေ့အကြုံများတဲ့ သူတွေကတော့ အိန္ဒိယရဲ့ မြန်မာနိုင်ငံ အပေါ်ထားတဲ့ ပေါ်လစီဟာ အိန္ဒိယက တန်ဖိုး ထားအပ်တဲ့ ပဋိညာဉ်တွေက အရေးကြီးတယ်ဆိုတဲ့ အချက်နဲ့၊ နောက်တခါ မြန်မာ အစိုးရပေါ့လေ ဘယ်လိုဖြစ်ဖြစ်  နာမည်ဖြစ်ဖြစ် အ၀တ်အစားဖြစ်ဖြစ် ပြောင်းထားတယ် ဆိုပေမယ့် အိန္ဒိယမှာရှိတဲ့ သမတနဲ့ ၀န်ကြီးချုပ်နဲ့ပြောတာ မဟုတ်ပဲနဲ့ တခြားသော အဆင့်တွေမှာလည်း တွဲပြီးတော့ စကားပြောကြဖို့ အကြံပေးတာ တော်တော် ကောင်းပါတယ်။ ဥပမာ အခုတက်လာတဲ့ လွှတ်တော် အမတ်တွေက ဘယ်လို တက်လာတက်လာ အမတ်ဖြစ်နေတော့ အိန္ဒိယအမတ်တွေနဲ့ လာပြောဖို့ ဖိတ်သင့်တယ် ဆိုတဲ့ အကြံပေးတာမျိုးပေါ့။ နောက်တခုက မြန်မာပြည်မှာ ပညာရှင်တွေက နေရာတနေရာ  ရလာတယ်ဆိုတဲ့အနေအထားမျိုး ရှိတော့ အိန္ဒိယ ပညာရှင်တွေနဲ့လည်း စကားပြောပြီး အတွေ့အကြုံ ဖလှယ် နိုင်ကြရင်တော့ နိုင်ငံ အကျိုးရှိမယ်လို့ အကြံပေးကြတယ်။ 
-----
ဆွေးနွေးပွဲလာတဲ့ အခြားသော မြန်မာ့အရေး စိတ်ဝင်စားသူတွေ၊ လူမှုရေး၊ လူ့အခွင့်အရေး  လှုပ်ရှား သူတွေကလည်း မြန်မာ အတိုက်အခံတွေ အနေနဲ့ အိမ်နီးချင်း နိုင်ငံတွေအပြင်  အနောက် နိုင်ငံတွေကိုလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လှုံဆော် စည်းရုံးမှုတွေ တိုးမြင့် လုပ်သွားဖို့လိုတဲ့ အကြောင်း၊ ကိုယ့်နိုင်ငံ အရေးကို သူတပါး နိုင်ငံတွေက ၀င်ရောက် ဖြေရှင်းပေးတဲ့အခါမှာ  ဖြစ်လာမယ့် အကျိုးအပြစ် တွေကိုလည်း သတိမူ သင့်တဲ့အကြောင်း၊ အိန္ဒိယ အစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ပဲ တွေ့ဆုံ ဆွေးနွေးတာတွေ မလုပ်ပဲ၊ တခြားသော ပါတီဝင် အမတ်တွေ၊ အတိုက်အခံ တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးဖို့ လိုတဲ့အကြောင်း စတာတွေကို ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။

သတင်းရင်းမြစ် - ဧရာဝတီ

NDB ၏ အပတ်စဉ်အစည်းအဝေး

ယနေ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်) Network for Democracy in Burma (NDB)၏ အပတ်စဉ် အစည်းအဝေးကို ညီညွတ်သော တိုင်းရင်းသားများအဖွဲ့(AUN) ရုံးခန်းတွင် ပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ဧရာဝတီ ရေကာတာကိစ္စ အပါအဝင် လက်ရှိ မြန်မာပြည်တွင်းတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများနှင့် စပ်လျဉ်း၍ NDBအနေဖြင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် ကိစ္စများကို အသေးစိတ် ဆွေးနွေး ခဲ့ကြပါသည်။




နိုင်ငံရေးအကျဉ်းသား ကိုဌေးကြွယ် လွတ်မြောက်ရေး ဗြိတိန်ဒု-၀န်ကြီးချုပ် လှုံ့ဆော်

နိုင်ငံရေးအကျဉ်းသား ကိုဌေးကြွယ် လွတ်မြောက်ရေး
ဗြိတိန်ဒု-၀န်ကြီးချုပ် လှုံ့ဆော်
 
ဓာတ်ပုံသတင်း - မိုးမခ (သြဂုတ် ၂၇၊ ၂၀၁၁)
 
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် လွတ်မြောက်ရေး လှုပ်ရှား သူများထဲတွင် ဗြိတိန်ဒု-၀န် ကြီးချုပ် Nick Clegg လည်း ပါဝင်လာသည်။ သူက ကိုဌေးကြွယ်၏ အမည်ကို သူ၏ လက်ဖ၀ါးတွင် ရေးသား ပြီး ဓာတ်ပုံ အရိုက်ခံခဲ့သည်။ ဤကဲ့သို့သော လှုံ့ဆော်သည့် ဓာတ်ပုံများကို မီဒီယာများ၊ အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုများတွင် အသုံးပြုကြမည် ဖြစ်သည်။
Copy from - drlunswe.blogspot

Saturday, August 27, 2011

ဂျပန်ဝန်ကြီးချုပ် အာဏာရပါတီ ခေါင်းဆောင်အဖြစ်က နုတ်ထွက်

ဂျပန်နိုင်ငံ ၀န်ကြီးချုပ် နာအိုးတိုးခန်
26 သြဂုတ် 2011,
ဂျပန်နိုင်ငံ ၀န်ကြီးချုပ် နာအိုးတိုးခန်ဟာ အာဏာရ ဒီမိုကရက်ပါတီက အကြီးအကဲ ရာထူးကနေ နုတ်ထွက်တဲ့ အကြောင်း သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့တုန်းက ဖြစ်ပွားခဲ့တဲ့ မြေငလျင်နဲ့ ဆူနာမီ ရေလှိုင်းဘေးဒဏ် ကြုံရတဲ့ ကိစ္စမှာ သူ့အစိုးရရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းလို့ဆိုပြီးတော့ ၀န်ကြီးချုပ်ကို နုတ်ထွက်ပေးဖို့ ဖိအားပေးနေတာကို ခံခဲ့ရတာဖြစ်ပါတယ်။

ဇွန်လ တုန်းကတော့ လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းမှုကို အနိုင် ရခဲ့ပြီးတဲ့နောက် ၀န်ကြီးချုပ်က ဘက်ဂျက် အသုံးစာရိတ် ကိစ္စ နှစ်ခုနဲ့ စွမ်းအင်ဆိုင်ရာ ဥပဒေမူကြမ်းတွေ အတည်ပြု ပြီးတာနဲ့ နုတ်ထွက်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ နောက်ဆုံး လက်ကျန် ဥပဒေမူကြမ်း နှစ်ခုကို သောကြာနေ့မှာ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

တနင်္လာနေ့မှာ ဒီမိုကရက်ပါတီရဲ့ခေါင်းဆောင်သစ်ကို ရွေးချယ်ပြီးတာနဲ့ ၀န်ကြီးချုပ် ခန် ဟာ ပါတီကရော၊ အစိုးရကပါ တရားဝင် နုတ်ထွက် လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဥပဒေပြု လွှတ်တော်အမတ်တွေက အကြီးအကဲသစ်ကို ၀န်ကြီးချုပ်အဖြစ်နဲ့ အင်္ဂါနေ့မှာ အစောဆုံး ထားပြီးတော့ ရွေးကောက် တင်မြှောက်ဖို့ ရှိပါတယ်။ အဲဒီအခါမှာ ၅ နှစ်အတွင်း ၇ ယောက်မြောက် ဂျပန်ဝန်ကြီးချုပ်သစ် ပေါ်ထွက် လာမှာ ဖြစ်ပါတယ်။

အခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ သဘာဝ ဘေးအန္တရာယ်နဲ့ နျူကလီးယား အန္တရာယ်တွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဂျပန်နိုင်ငံမှာ လူမှုရေး၊ စီးပွားရေး စိန်ခေါ်မှု ကြီးကြီး မားမားနဲ့ ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

ခုခံကာကွယ်စစ်အ ရှိန်မြှင့်ရန် အက်စ်အက်စ်အေနှင့် ဒီကေဘီအေ ဆွေးနွေး

August 26, 2011 ။

နယ်ခြားစောင့် တပ်ဖွဲ့ရေးကို လက်မခံဘဲ စစ်အစိုးရ လက်ထက်ကနေ ခုအစိုးရအထိ ပြန်လည် တိုက်ခိုက်နေတဲ့ အက်စ်အက်စ်အေ (ရှမ်းပြည် လွတ်မြောက်ရေး တပ်မတော်)နဲ့ ဒီကေဘီအေ (တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်) တို့ တွေ့ဆုံပြီး မြို့တွင်း တိုက်ပွဲ ဆင်နွှဲပြီး ခုခံကာကွယ်စစ် တိုးမြှင့်မယ်လို့ သတင်းရရှိပါတယ်။

တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ဒီကေဘီအေ ကလိုထူးဘော စစ်ဆင်ရေးမှူး ဗိုလ်မှူးစောစန်းအောင်က ခုလို ပြောပြပါတယ်။

“အက်စ်အက်စ်အေ တပ်မှူးကြီးတွေနဲ့ ကျနော်တို့ဆီက ဗျူဟာမှူးအဆင့်ရှိတဲ့ ဗိုလ်မှူးကျော်သက်နဲ့ သွားတွေ့တယ်။ ညှိနှိုင်းတယ်။ လာမယ့် အနီးကပ်ဆုံး အနာဂတ်မှာ အာဏာရှင်စနစ် ပြိုလဲဖို့အတွက် ဘယ်လို တိုက်မလဲ၊ ဘယ်လို ချေမှုန်းမလဲဆိုတာ သွားပြီး ညှိနှိုင်း တိုင်ပင်ခဲ့တယ်။”

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက ငြိမ်းချမ်းရေး တံခါး ဖွင့်ထားတယ်လို့ ကြေညာပေမယ့် တိုင်းရင်းသားလ က်နက်ကိုင် နယ်မြေတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ တာကြောင့် အချိန်ကိုက် တိုက်ပွဲ ဖော်နိုင်အောင် ခုလို ပူးပေါင်း ဆွေးနွေး ရတာလို့ ဒီကေဘီအေက သတင်း ထုတ်ပြန်ပါတယ်။ “

KNU နှင့် ဆွေးနွေးရန် အစိုးရကိုယ်စားလှယ်စေလွှတ်

အစိုးရ နှင့် လက်နက်ကိုင်အဖွဲ့ တဖွဲ့ချင်း ဆွေးနွေးကြမည် မဟုတ်ဘဲ တပ်ပေါင်းစုအနေဖြင့်သာ ဆွေးနွေးနိုင်မည်ဟု KNU ဒု ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ပြောသည် (ဓာတ်ပုံ - ဧရာဝတီ)
26 August 2011,

အစိုးရက ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဘာသာရေး ခေါင်းဆောင်များကို မကြာသေးမီက တာဝန်ပေး လိုက်သည်ဟု ကရင်တိုင်းရင်းသား နိုင်ငံရေးသမား တဦးက ဧရာဝတီကို ပြောသည်။

ကရင်ပြည်နယ် အစိုးရ ၀န်ကြီးချုပ် ဗိုလ်မှူးချုပ်ဇော်မင်းက စီစဉ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ "ဒီရက်ပိုင်း အတွင်းမှာပဲ KNU နဲ့ ဆွေးနွေးဘို့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ကရင်ဘာသာရေး ခေါင်းဆောင်တွေကို စေလွှတ်ဖို့ စီစဉ်ထားတယ်။ ဒီတခါ လုပ်မယ့် ငြိမ်းချမ်းရေးက ပြည်နယ် အဆင့်က လုပ်မှာ ဖြစ်တယ်။ အဲဒီ ကိုယ်စားလှယ်အဖွဲ့မှာ ကျနော့်မိတ်ဆွေ ဘုန်းတော်ကြီးတွေလည်း ပါတယ်" ဟု ကရင်နိုင်ငံရေးပါတီတခု၏ ခေါင်းဆောင်က ပြောသည်။

နောက်ဆုံး ရရှိသည့် သတင်းအရ ကရင်ပြည်နယ် ၀န်ကြီးချုပ်၏ ပဏာမ ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းမြန်မာ နယ်စပ်ရှိ KNU အဆင့်မြင့် ခေါင်းဆောင် တချို့နှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်ဟု သိရသည်။

သို့သော်လည်း KNU က အစိုးရ၏ အစီအစဉ်ကို လက်ခံမည် မဟုတ်ကြောင်း၊ တိုင်းရင်းသား အဖွဲ့များက အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရန် UNFC ခေါ် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီကို ဖွဲ့စည်း ထားပြီး ဖြစ်ကြောင်း KNU ဒုဥက္ကဌ ပဒိုဒေးဗစ်သကဘောက ဧရာဝတီကို ပြောသည်။

 "မြန်မာ အစိုးရအနေနဲ့ ဒီကိစ္စ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ သွားပြောရင်တော့ ဖြစ်နိုင်တယ်။ KNU နဲ့တော့ တိုက်ရိုက် ပြောလို့ မရဘူး။ UNFC မှာ အခြေခံဥပဒေ ရှိတယ်။ ဒါကြောင့် ကျနော်တို့ ပယ်ချတာဖြစ်တယ်။ သူတို့ အရင်ကလည်း တဖွဲ့ချင်းစီကို လိမ်ညာနေတယ်၊ တိုင်းရင်းသားတွေကို အနိုင်ကျင့် ဗိုလ်ကျနေတယ်" ဟု ပဒိုဒေးဗစ်သကဘောက ပြောသည်။

လက်နက်ကိုင် အဖွဲ့များကို သီးခြားစီ ဆွေးနွေးရန် ကြိုးပမ်းနေခြင်းမှာ ဖဲ့ထုတ် စည်းရုံးခြင်း ဖြစ်သည်ဟု သူက ဆိုသည်။ မကြာသေးသမီက ကချင်လွတ်လပ်ရေး အဖွဲ့၊ မွန်ပြည်သစ်ပါတီ တို့ကလည်း KNU နည်းတူ တုံ့ပြန်ထားပြီးဖြစ်သည်။ UNFC တပ်ပေါင်းစုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နှင့် ဆက်စပ်အဖွဲ့ ၆ ဖွဲ့ တို့က ယခုနှစ် ဖေဖေါ်ဝါရီလက စတင် ဖွဲ့စည်းခဲ့သည်။

သတင်းရင်းမြစ် - ဧရာဝတီ

သုံးပွင့်ဆိုင် ဆွေးနွေးရေး ကင်တားနားထံ ၁၉၉၀ တိုင်းရင်းသားပါတီ ၈ ပါတီ တင်ပြတောင်းဆို

ထောမတ်အိုဟေးကင်တားနား (http://newsdeyea.blogspot.com)
သြဂုတ်လ 26 ရက် 2011 ခုနှစ် ။

၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ ၈ ပါတီက သုံးပွင့်ဆိုင်ဆွေးနွေးရေး အပါအဝင် အချက် ၄ ချက်ပါ ပေးစာကိုကုလသမဂ္ဂမြန်မာ နိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် ထောမတ် အိုဟေးကင်တား နား ထံတင်ပြတောင်း ဆို ခဲ့ကြကြောင်း သိရှိရပါသည်။

“ကျနော်တို့တိုင်းရင်းသား ပါတီ ၈ ပါတီက အချက် ၄ ချက် ရေးသားတင်ပြတောင်းဆိုခဲ့ကြတယ်။ မစ္စတာ ကင်တားနား ကတဆင့် သမ္မတ ဦးသိန်းစိန်နဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန် တို့ကို တင်ပြပေးဖို့ပါ” ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က ပြောပါသည်။

သြဂတ်စ် ၂၀ ရက် နေ့စွဲဖြင့် တိုင်းရင်းသားပါတီဟောင်း ၈ ပါတီ တင်ပြတောင်းဆိုသည့် အချက် ၄ ချက်မှာ

- ၁. တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၊ အကျဉ်းကျနေသည့် တိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီအရေးလှုပ်ရှာနေသူများ ပါဝင်သင့်ပါဝင်ထိုက်သည့်ပုဂ္ဂိုလ်များ ပါဝင်သည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်ပေးရန်။
၂. စစ်မက်ရေးရာဒေသတွင် စစ်ဘေးစစ်ဒဏ်သင့်လူထု အကူအညီရရှိရန်၊ ကူညီနိုင်သည့်ပုဂ္ဂိုလ်များ ဝင်ရောက် အကူအညီပေးနိုင်မည့် အခွင့်အရေးရရှိရန်။
၃. အကျဉ်းကျနေသည့် တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန်၊ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် လက်တွေ့ကျကျ တာဝန်ယူဖြေရှင်းပေးရန်။
၎. ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် တိုင်းရင်းသားပါတီများကို အသိ အမှတ်ပြု ဆက်ဆံရန်- တို့ဖြစ်သည်။  

မြောက်ပိုင်း SSA က ပဏာမအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစီအစဉ်ရှိ

SSA_SSPP_Northern
အစိုးရက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက် နေသည့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည် တိုးတက်ရေးပါတီ  SSA/SSPP    တပ်ဖွဲ့ က အစိုးရနှင့် ပဏာမအဆင့် ငြိမ်းချမ်းရေး ဆွေးနွေး ရန် အစီအစဉ် ရှိကြောင်းအဖွဲ့ပြော ခွင့်ရပုဂ္ဂိုလ်က ပြောသည်။
 “သမ္မတကြီး သိန်းစိန်ကိုယ်တိုင် မိန့်ခွန်းထဲမှာလည်း အဲဒီလို ပြောနေတယ်။ သတင်းစာထဲမှာရော ပြည်နယ် အစိုးရတွေဆီမှာ ကမ်းလှမ်းဖို့ တင်မျိုးကြည်က လက်မှတ်ထိုး ထုတ်ပြန် ထားတော့ ကျနော်တို့က မသွားဖူးဆိုရင် ကျနော်တို့က ငြိမ်းချမ်းရေး မလိုလားဘူး ဆိုပြီးတော့ သတ်မှတ် မယ်လေ။ ကျနော်တို့ ဆွေးနွေးတော့ ဆွေးနွေးဖို့ အစီအစဉ် ရှိတာပေါ့။ ပထမ အဆင့် အနေနဲ့ ပေါ့နော။”  ဟု SSA/SSPP ၏ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလက ပြောသည်။

မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမဆို ငြိမ်းချမ်းရေး ရယူလိုသည့် ဆန္ဒရှိလျင် သက်ဆိုင်ရာ ပြည်နယ် အစိုးရနှင့် အချိန်မရွေး ဆွေးနွေး နိုင်သည်ဟု ယခုလ (၁၇) ရက်နေ့က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ မိန့်ခွန်း ထဲတွင် ထည့်သွင်း ပြောဆိုသွားသလို အချက်(၃) ချက်ပါ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း ကြေငြာချက်အား ယခုလ (၁၈) ရက်နေ့က ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည် လက်မှတ်ဖြင့် တရားဝင် ထုတ်ပြန်ထားသည်။

ဆွေးနွေးမည့် ကိစ္စနှင့် ပတ်သက်၍ ဗဟိုကော်မတီ (၂၇) ဦးတို့၏ သဘောထားများ ကောက်ယူ နေဆဲဖြစ်ပြီး တချိန်တည်းတွင် စစ်ရေး မဟာမိတ်အဖွဲ့များ၏ သဘောထားများ ကိုလည်းကောက်ယူ သွားရန် ရှိသည်ဟု ဗိုလ်မှူးစိုင်းလက ပြောသည်။

အကယ်၍ ဆွေးနွေးမည်ဆိုပါက ပဏာမ အဆင့်သာ ဖြစ်နိုင်ပြီး နှစ်ဖက် တင်ပြချက်များ မျှတမှု ရှိရန် လိုအပ်သလို ထွက်ပေါ်လာသည့် ရလဒ်ပေါ် မူတည်၍ ရှေ့ဆက် လုပ်ငန်းစဉ်ကို ဆုံးဖြတ် သွားမည်ဟု ၎င်းက ဆက်ပြောသည်။

“အလျော့အတင်း မရှိဘဲနဲ့ တဖက်သတ်ကြီး ဆိုရင်တော့ အဲတာ ဘယ်လိုနည်းနဲ့မှ ပြေလည်နိုင်မှာ မဟုတ်ဖူးလေနော့။ နှစ်ဖက်စလုံး အလျော့ အတင်းတော့ ရှိရမယ်လေ။ ဆွေးနွေးတယ် ဆိုတာ တဖက်သတ်ကြီး အပေါ်စီး ကနေပြီးတော့ ဆွေးနွေးရင်တော့ တမျိုးပေါ့။”

ပဏာမ ဆွေးနွေးမှု အောင်မြင်ပါက နိုင်ငံရေး ကိစ္စရပ်များ ဆွေးနွေးရာတွင် မဟာမိတ်လက်နက် ကိုင် တိုင်းရင်းသားတပ်ဖွဲ့များ ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ UNFC အနေဖြင့်သာ ဆွေးနွေးသွားရန်ရှိသည်ဟု ဆက်လက်ပြောဆိုသည်။

Friday, August 26, 2011

ဂျာနယ် ၂ စောင် အရေးယူခံရ

ခေါင်းစဉ်တွင် ဝါကျ အထားအသို မှားယွင်းသဖြင့် ခေါ်ယူသတိပေးခံရသည့် True News ဂျာနယ်
(ဓာတ်ပုံ - facebook မှရယူသည်)
26 August 2011,

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သတင်း၊ ဓာတ်ပုံများကို စာပေစိစစ်ရေးမှ ခွင့်ပြုချက်မယူဘဲ ဖော်ပြသော ဂျာနယ်၂ စောင်ကို အရေးယူခဲ့ပြီး အဓိပ္ပာယ် လွဲမှားစေသည့် ခေါင်းစဉ်ဖော်ပြသော ဂျာနယ် ၁ စောင်ကို ခေါ်ယူ သတိပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့သို့ သွားရောက်သည့် ခရီးစဉ်အကြောင်း ဓာတ်ပုံနှင့် သတင်းများကို စာပေစိစစ်ရေး၏ ခွင့်ပြုချက်မရဘဲ မျက်နှာဖုံးတွင် ပုံကြီးချဲ့ ဖော်ပြခဲ့သည် Hot News ဂျာနယ်နှင့် အချပ်ပိုတွင် ဒေါ်အောင်ဆန်း စုကြည်ကို ပြည်သူလူထုက နှုတ်ဆက်နေသော ဓာတ်ပုံများ ထည့်သွင်းဖော်ပြခဲ့သော Envoy News ဂျာနယ်တို့အား စာပေစိစစ်ရေး ဌာနက နောက်ဆက်တွဲ သတင်းတင်ပြခွင့် မပြုတော့ကြောင်း သြဂုတ်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် တရားဝင် အမိန့် ထုတ်ပြန် လိုက်သည်။

သြဂုတ် ၁၉ ရက်နေ့ထုတ် Hot News ဂျာနယ် အတွဲ ၂၊ အမှတ် ၃၅ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်တဦးဖြစ်သည့် ဦးတင်ဦးတို့ ပဲခူးရောက်နေသော ဓာတ်ပုံကို မျက်နှာဖုံး အပြည့် ပုံကြီးချဲ့ ထုတ်ဝေခဲ့ပြီး သြဂုတ်လ ၁၈ ရက်နေ့ထုတ် Envoy News ဂျာနယ် အတွဲ ၂၊ အမှတ် ၁၇ တွင် ပဲခူးခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လူထုများစွာက သောင်းသောင်းဖြဖြ ကြိုဆိုနေသည့် ဓာတ်ပုံများ ထည့်သွင်းဖော်ပြခဲ့သည်။

အင်န်အယ်ဒီနဲ့ လက်ရှိအစိုးရ အတူတူရပ်စရာ ဘာတွေရှိလို့လဲ

ဦးဝင်းတင်နဲ့ မေးခွန်းများ

Thursday, 25 August 2011

ယမန်နေ့က ဦးဝင်းတင်နဲ့ တွေ့ဆုံစဉ်မှာ မေးမြန်းဖြစ်တာကတော့ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူအင်က လူ့အခွင့်အရေးကိုယ်စားလှယ် ကွင်တာနားတို့ တွေ့ဆုံကြတဲ့ဆီမှာ လက်ရှိတိုင်းပြည်အတွက် အများပြည်သူအကျိုးဖြစ်ပေါ်စေဖို့ အခြေအနေတွေ၊ လိုအပ်ချက်တွေ ဘယ်ရွေ့ဘယ်မျှ ပြောဆိုဆွေးနွေးဖြစ်သလဲ၊ နေပြည်တော်က ပြန်လာတဲ့ ကွင်တာနားကိုယ်တိုင်ကကော ဘယ်လောက် အကောင်းမြင်တာတွေ ရှိသလဲ၊ မရှိဘူးလဲ ဆိုတာတွေကို မေးမြန်းဖြစ်တာ ဖြစ်ပါတယ်။

ပထမဆုံး ကြိုတင်ပြီး တိုင်းတာချင်တဲ့အချက် ၃ ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီအပါအ၀င် ကွန်ယက်တွေက ၂၀၁၁ မြန်မာနှစ်ဆန်းမှာ၊ ဧပြီလလယ်မှာ သမ္မတကြီးထံ လက်မှတ်ထိုးတောင်းဆိုတဲ့ ကင်ပိန်းတခုကို စတင်ခဲ့တယ်။ အဲသည်မှာ ၁ အချက် နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ လွတ်မြောက်ဖို့၊ ၂ က ပြည်ပရောက် မြန်မာတိုင်းရင်းသားတွေ လုံခြုံအေးချမ်းစွာ အိမ်ပြန်လာနိုင်ကြဖို့၊ ၃ အချက်ကတော့ ပြည်တွင်းစစ်တွေ ရပ်စဲပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်ကြဖို့ ဆိုတာဖြစ်တယ်။ အခုအချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲမှတ်ပုံတင် ပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်က အလားတူ သဘောထားတွေ တောင်းဆိုမှုတွေ ဖော်ထုတ်လာတယ်။ အစိုးရကိုယ်တိုင်ကလည်း ထိုအချက် ၃ ချက်ကို ချဉ်းကပ်တဲ့ တုန့်ပြန်မှုတွေ လုပ်လာသလိုလို ဖြစ်နေတယ်။ အခု နေပြည်တော်က လွှတ်တော်အစည်းအဝေးတွေမှာလည်း ကော်မရှင်တွေဖွဲ့တာ၊ ဆွေးနွေးတာတွေ လုပ်လာတာတွေကို တွေ့နေရပြီ ဖြစ်တယ်။
အဲသည်လို အခြေအနေမျိုးမှာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် ကွင်တာနားကို လက်ရှိအစိုးရအသစ်ကို လက်ခံတွေ့ဆုံတဲ့ဆီမှာ ယခင်နအဖစစ်အာဏာပိုင်တွေနဲ့ မတူတဲ့ခြားနားတဲ့ လက်ခံတွေ့ဆုံမှုတွေ၊ ရင်းနှီးမှုတွေလုပ်လာတယ်။ အတိုက်အခံအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမှုတွေကိုပါ ခွင့်ပြုတာမျိုးတွေ တွေ့မြင်ရပါတယ်။ အဲသည်အတွက် ဆရာ့အနေနဲ့ ဘယ်လို ပြောချင်ပါသလဲ။
"နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပတ်သက်ပြီး သူကိုယ်တိုင်လဲ ပြောတယ်၊ နောက်ပြီးတော့ အကျဉ်းထောင်တွေကိုလည်း သွားခွင့်ပြုတယ်။ သူတွေဆုံချင်တဲ့သူတွေနဲ့လည်း တွေ့ဆုံခွင့်ရတယ်လို့ မစ္စတာကွင်တာနားက ပြောပါတယ်။"
ကျနော်တို့ ကြားတာကတော့ အစိုးရကိုယ်တိုင်ကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိတယ်လို့ ပြောတယ်။ ဥပမာ လွန်ခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ နေပြည်တော်မှာ ၂၀၁၀ရွေးကောက်ပွဲပါတီတွေကို ခေါ်ပြီးတော့ ၉၀ရွေးကောက်ပွဲတုန်းက တပ်မတော်ကို ခြိမ်းခြောက်တာတွေ ရှိလို့ ဘာညာဆိုပြီး သူတို့စိုးရိမ်မှုတွေ ပြောဆိုသလိုမျိုး ကွင်တာနားကိုလည်း သူတို့ရဲ့ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်မှာ စိုးရိမ်တယ်လို့များ အစိုးရက ပြောလိုက်သလား။
"အင်း … အဲလိုပြောရင် ရမလား မသိဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်လိုက်လို့ရှိရင် တိုက်ပွဲခေါ်မှာကို သူတို့က စိုးရိမ်တယ်ပေါ့လေ၊ အခုထောင်ကျနေတဲ့ သူတွေဆိုတာက လူထုလှုပ်ရှားမှုတွေကို ဖော်ဆောင်နိုင်တဲ့သူတွေ၊ လုပ်ကိုင် နိုင်တဲ့သူတွေဆိုတော့ သူတို့ (အစိုးရ) က ကြောက်နေတယ် ဆိုတာမျိုး ရှိတယ်လို့ ကွင်တာနားကို ပြောတယ်လို့ ဆိုတယ်။ အဲသည်မှာ စိတ်ဝင်စားစရာတခုကတော့ ကျနော်တို့ပါတီရဲ့ ခေါင်းဆောင်တွေဖက်က တုန့်ပြန်ချက်က အင်န်အယ်ဒီအနေနဲ့က သူတို့တွေကို ၀င်ရောက်ညှိနှိုင်းမှုတွေ၊ ဖြေရှင်းမှုတွေ လုပ်ပေးနိုင်တာပဲလို့ ပြောလိုက်တယ်လို့ သိရတယ်"

အုန်းဖျန်စခန်း ဒုက္ခသည်များကို ဂျပန်နိုင်ငံက ခေါ်မည်

အုန်းဖျန်ဒုက္ခသည်စခန်း Photo-KIC
သြဂုတ်လ 25 ရက် 2011 ခုနှစ် ။

တတိယနိုင်ငံသို့ နေရပ်ပြောင်းရွှေ့နေရာချထားရေး အစီအစဉ်အရ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ၂၀၁၂ခုနှစ်၌ ဂျပန်နိုင်ငံက ခေါ်ယူ နေထိုင်ခွင့်ပြုသွားမည်ဟု အုန်းဖျန်စခန်းတာဝန် ရှိသူများက ပြောသည်။ သို့သော် လက်ခံခေါ်ယူ မည့် ဒုက္ခသည် အရေအတွက်ကိုမူ မသိရသေးပေ။

ဇူလိုင်လက ဂျပန်အစိုးရ ကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး(UNHCR) အဖွဲ့တို့က အုန်းဖျန် စခန်းရှိ တာဝန်ရှိသူများနှင့် လာရောက် တွေ့ဆုံကာ ဂျပန်နိုင်ငံ သွားရောက် နေထိုင်လိုသူ ဒုက္ခသည်များကို လာမည့်နှစ် စက်တင်ဘာတွင် အမည်စာရင်း လာကောက်ယူမည်ဟု အသိပေး ပြောကြား ခဲ့သည်။

အုန်းဖျန်စခန်း ဥက္ကဌ စောဝါးထီးက “သူတို့(ဂျပန်နှင့် UNHCR)က ဂျပန်နိုင်ငံ သွားချင်တဲ့ သူတွေ လာမယ့်နှစ် မှာ လျှောက်လို့ရ ပြီပေါ့။ ဒုက္ခသည်တွေ စခန်းကနေ ထွက်ဖို့ တဆင့်ပြီးတဆင့် သူတို့ ဆောင်ရွက်သွား မယ်။”ဟု ပြောသည်။ ဂျပန်အစိုးရက ၎င်းနိုင်ငံအတွင်း အခြေချ နေထိုင်ရန် လျှောက်လွှာ တင်သူများသည် UNHCR ၏ တရားဝင် မှတ်ပုံတင် လက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်ရမည်ဟု သတ်မှတ်ထားပြီး အရွေးခံ ရသူများကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတွင် ဂျပန်နိုင်ငံ သို့ လာရောက်နိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း သူကဆက်ပြော သည်။

ထိုင်း - မြန်မာနယ်ခြားကော်မတီ ချင်းရိုင်း၌ တွေ့ဆုံ လွယ်လန်းဒေသပြန်ရရေး မြန်မာ တောင်းဆို

လွယ်လန်းဒေသပြမြေပုံ
“မြို့နယ်အဆင့် တွေ့ဆုံပွဲဆိုတော့ နှစ်နိုင်ငံ မြို့နယ်အဆင့် ကိုယ်စားလှယ်တွေက စစ်တပ်ရဲ့ တပ်ရင်းမှူး အဆင့်လောက်ပဲ။ ထိုင်းဘက်ကတော့ နယ်စပ် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနယ် စပ်ဖြတ်ကျော်မှု  စတာတွေ ဆွေးနွေးတယ်။ မြန်မာဘက်ကတော့ ထုံးစံအတိုင်း လွယ်လန်း တောင်ကြောဒေသကိုဘဲ  အပ်ကြောင်း ထပ် တောင်း နေတယ်” - ဟု ထိုင်းနယ်စပ် လုံခြုံရေး အရာရှိနှင့် နီးစပ်သည့် ပုဂ္ဂိုလ် တဦးက ပြောပါသည်။

ဩဂတ်စ် ၂၄ ရက်နေ့  ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ ဒူးစစ်အိုင်လဲန် ဟိုတယ်တွင် (၆၈) ကြိမ်မြောက် နှစ်နိုင်ငံ မြို့ နယ်အဆင့် နယ်ခြား ကော်မတီ Township Border Committee တို့ တွေ့ဆုံ ဆွေးနွေးပွဲ တရပ်ပြုလုပ်ခဲ့၏။ ထိုင်းဘက်တွင် ဗိုလ်မှူးကြီး ဂျီရဒေ့် ကမွန်းဖက်၊ မြန်မာဘက်တွင် ခမရ ၃၃၁ မှ ဒု ဗိုလ်မှူးကြီး ဇေယျာ ဝင်းတို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့၏။ မြန်မာဘက်က နှစ်နိုင်ငံ နယ်မြေ ပိုင်ဆိုင်မှု လွယ်လန်း ပြသနာ အငြင်း ပွားမှုများ  ဆွေးနွေးပြီး ထိုင်းဘက်က နယ်စပ်ကုန်သွယ်ရေး၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး တိုက်ဖျက်မှု စသဖြင့် ဆွေးနွေးဖလှယ်ကြသည်ဟု ထိုင်းနယ်စပ်လုံခြုံရေး အရာရှိတဦးက ဤကဲ့သို့ ပြောပါသည်။

Thursday, August 25, 2011

ဒီပဲယင်းအရေး ကုလသို့ တင်မည်

ဗုဒ္ဓဟူးနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာကင်တားနားတို့ ဆွေးနွေးပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည် (ဓာတ်ပုံ - ဧရာဝတီ)
25 August 2011 ,

ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည် အကြမ်းဖက်တိုက်ခိုက်ခံရမှု၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တရားဝင် ဆက်လက် ရပ်တည်ရေး စသည့် အကြောင်းအရာများ ပါဝင်သော ကုလသမဂ္ဂသို့ ပေးပို့မည့် အစီရင်ခံစာကို အင်္ဂါနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ သောမတ် အိုဟေး ကင်တားနားကို တင်ပြလိုက်သည်ဟု သိရသည်။ 

 “အစီရင်ခံစာကို မစ္စတာကင်တားနားကို ပြတယ်။ ပါတီရပ်တည်ရေး အပါအ၀င် ကိစ္စတွေကိုပါ။ သူက ဥပဒေပညာရှင် မဟုတ်တော့ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တယောက်နဲ့ ကျနော်တို့နဲ့ ညှိနှိုင်း လုပ်ဆောင်နိုင်ဘို့ အမြန်ဆုံး မြန်မာနိုင်ငံကို စေလွှတ်ဖို့ စီစဉ်မယ်လို့ ပြောပါတယ်” ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ မော်တော်ယာဉ်တန်းကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် တုတ်၊ ဓား၊ လက်နက်ကိုင် ဆောင်သူများ၏ တိုက်ခိုက်မှုကြောင့် ပါတီဝင် တချို့ သေဆုံး ခဲ့ရသည့် အမှုကို အာဏာပိုင်တို့က အရေးယူ ဆောင်ရွက်ခြင်း မပြုသေးပေ။

 NLD ပါတီ ဥပဒေ အကြံပေး အဖွဲ့က ရေးသား ပြုစုထားသည့် ထိုအစီရင်ခံစာကို အကြမ်းဖက်မှုဖြစ်ပွားပြီး ၈ နှစ် အကြာတွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ တင်ပြရန် စီစဉ်နေခြင်း ဖြစ်သည်။

ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးစာရင်း ဒေါ်စု ပါဝင်

24 သြဂုတ် 2011 ,

ကမ္ဘာပေါ်မှာ သြဇာအကြီးမားဆုံး အမျိုးသမီး ၁၀၀ စာရင်းထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ထည့်သွင်း သတ်မှတ် လိုက်ပါတယ်။ အမေရိကန်နိုင်ငံမှာ ထုတ်ဝေတဲ့ နာမည်ကျော် Forbes မဂ္ဂဇင်းကြီးက နှစ်စဉ် ထုတ်ပြန်တဲ့ စာရင်းထဲမှာ အခုလို ဖော်ပြထားတာပါ။

လွန်ခဲ့တဲ့ ၂၁ နှစ်အတွင်း ၁၅ နှစ်က နေအိမ် အကျယ်ချုပ် ချခံထားခဲ့ရပြီးတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကမှ ပြန်လည် လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် ၂၀၁၁ ခုနှစ်ဟာ အရေးပါတဲ့ နှစ်တနှစ် ဖြစ်တယ်လို့ Forbes မဂ္ဂဇင်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးထားပါတယ်။

အရေးပါတဲ့ ဖြစ်ရပ် တခုအဖြစ် ဖော်ပြပြောဆိုတဲ့ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်နဲ့ မကြာသေးခင်က ပထမဆုံးအကြိမ် တွေ့ဆုံ ခဲ့တာကိုလည်း Forbes မဂ္ဂဇင်းက အထူး ဖော်ပြထားပါတယ်။

KIA ခြုံခိုတိုက်ခိုက်မှုတွင် မြန်မာစစ်သား ၂ ဦးကျ၊ ၄ ဦးဒဏ်ရာရ

kutkai-to-muse-road-Myan
သြဂုတ်လ 25 ရက် 2011 ခုနှစ် ။
မြန်မာ စစ်သားများထံမှ သေနတ် (၂) လက်ကိုလည်း သိမ်းဆည်း ရရှိသည်ဟု ဆက်ဆိုသည်။

ရှမ်းပြည် မြောက်ပိုင်း မူဆယ်ဘက်သို့ ဦးတည် ချီတက်သွားသည့် အင်အား ၂၀ ကျော်ရှိ မြန်မာစစ်သား များအား မုန်ဘော် (Mungbaw) တံတားအကျော် နမ်ဖတ်ကာ(Nampaka)မြို့ မရောက်မီ လျှိုတစ်နေရာတွင် KIA တပ်မဟာ (၄)လက်အောက်ရှိ တပ်ရင်း (၉) တပ်သားများက ခြုံခို တိုက်ခိုက်ခဲ့သည်ဟု ယင်းတပ်မဟာ မှ KIA အရာရှိများပြောသည်။

လွန်ခဲ့သည့် ၂ ပတ် ကျော်တွင်လည်း နမ္မတူ ဒေသတွင် မြန်မာစစ်သားများနှင့် KIA တပ်မဟာ (၄) လက် အောက်ရှိ တပ်ရင်း (၈) ကြား တိုက်ပွဲဖြစ်ပွားရာ မြန်မာစစ်သား ၂၀ ကျော် ကျဆုံးခဲ့ကြောင်း KIA တပ်ရင်း (၈) သတင်း ရပ်ကွက်က ဆိုသည်။

ဒေါ်စု နဲ့ သိန်းစိန် တွေ့ဆုံမှု ဆွေးနွေးမှု အတွင်းသတင်း

Thursday, August 25, 2011 ,

ဒေါ်စု နဲ့ သိန်းစိန် တွေ့ စဉ်- ဒုသမတ တင်အောင်မြင့်ဦး တက်ခွင့်မရ။ အစိုးရ ၀န်ကြီးတွေလဲ တက်ခွင့်ရ- ကြံဖွင့် ခေါင်းဆောင်တွေ သိပ်ကို စိတ်ဆိုးတယ်လို့ သိရ။ ဒေါ်စုကို ဗွီအိုင်ပီလို ပြုစု ဆက်ဆံတယ်လို့ သိရ။ ဒေါ်စုက ရောက်ကာစက ခပ်တောင့်တောင့် ဖြစ်နေတယ်။ နောက်တော့ အဆင်ပြေသွားတယ်။ လူတိုင်း ပြုံးပြုံရီရီ ဖြစ်လာတယ်လို့ဆို။ ဒေါ်စုနဲ့အတူ ဒီင်္ချုပ်အဖွဲ့ဝင် တချို့ပါ၊ ပရောဖက်ဆာ ရီရီမြင့်လဲ ဒေါ်စု နဘေးမှာ ရှိတယ်။ အစိုးရ ဖက်ကတော့ ဦးအောင်ကြည်( အလုပ်သမား)၊ ဦးအောင်မင်း (မီးရထား) ၊ဦးစိုးသိန်း( စက်မှု)၊ မေဂျာသိန်းဌေး (နယ်စပ်) တို့  တက်ရောက်တယ်။ သူတို့ က ပြုပြင် ပြောင်းလဲမှု သိပ်ဖြစ်ခြင်တယ်လို့ဆို။ ဒီထဲမှာ ဦးအောင်မင်းက ဖိုးတက်ကြွလို့ သိရ။ ဒေါ်စု အစည်းဝေးခန်းမ အလာမှာ ပေါ်တီကိုမှာ ၀င်းအောင်၊ ဇော်ဇော်၊ အောင်သက်မန်းတို့က ဒေါ်စု လီမွန်ဇင်းကို လာဖွင့်ပေးကြ ဟုသိရ။ ဒီအခြေအနေကို ဒီချုပ်က အကောင်းမြင်ပုံရ။ ကြေညာချက်ထုတ် အကောင်းမြင်ဟုဆို။ တင်အောင်မြင့်ဦး အရမ်းပေါက်ကွဲနေဟု သိရ။

အစိုးရ အတွင်းအခြေအနေက နှစ်ပိုင်း ကွဲနေတယ်။ သန်းရွှေသြဇာ တနေ့ တခြားကျဆင်း နေတယ်။သိန်းစိန်နဲ့ စစ်တပ် ခေါင်းဆောင်တွေက သန်းရွှေနဲ့ ခပ်ဝေးဝေး ခပ်ရှောင်ရှောင် လုပ်လာကြတယ်။ သမတ အုပ်စုက  တင်အောင်မြင့်ဦးနှင့် ကျော်ဆန်းကို မနှစ်မြို့ ။ ဥပမာ -ဦးအောင်မင်းက မြန် မာ့ အလင်း သတင်းစာကို သူ့ စားပွဲပေါ် မတင်ရန် ၀န်ထမ်းတွေကို ကြိမ်းမောင်း - ဒီသတင်းစာကို တွေ့ရင် အံခြင်တယ်ကွ ဟုဆို။ ရွေမန်းက သိန်းစိန်ကို ပိုမို ထောက်ခံလာ။ ပိုနီးစပ်လာ။ သန်းရွေ အနားမယူခင်က သူလုံခြုံရေး တပ်ကို ပြန်လည်ဖွဲ့ စည်းခဲ့။ သို့ သော် မကြာသေးခင်က သူရဲ အတွက် လုံခြုံရေး ယူပေးနေတဲ့ တပ်ဖွဲ့ များ လျော့ချလာသည်ကို တွေ့ ရ။

ဦးနေ၀င်း အသက် ၉၀ မွေးနေ့ပွဲ အပြီး သူလုံခြုံရေး တပ်များကို သန်းရွှေ-မောင်အေးဂိုဏ်းက လျော့ချ သကဲ့သို့ ရှိနေတယ်။ ဦးနေ၀င်း သေပြီး ၂ ရက်အတွင်း ဦးစိန်လွင်အိမ်ရှေ့ က လုံခြုံရေး တပ်ကို လူပြောင်းတာ လျော့ချတာ လုပ်သကဲ့သို့ ဖြစ်နေ။ မင်းအောင်လှိုင်က သန်းရွှေ လုံခြုံရေး တပ်ဖွဲဝင် အများစုမှာ တပ်ထွက်များနှင့် ပြန်လည် စုဖွဲ့ပေးခဲ့သည်မှာ ထူးခြားနေတယ်။

မင်းအောင်လှိုင်က သန်းရွှေ စိတ်ကြိုက် ရွေးခဲ့သူသူဖြစ်။ အရည်အချင်း မရှိ။တပ်တွင် လူကြိုက် နည်းခဲ့သူဖြစ်။ လူကြိုက်များသုမှာ မြင့်အောင်ဖြစ်။ မြင့်အောင် စကား မှားသောကြောင့် တပ်ချုပ်အဖြစ်လျာထားပြီးမှ ဖယ်ရှားခံရ။

မင်းအောင်လှိုင် အပြောင်းအလဲကို ကျနော်တို့ ဆက်လက် စောင့်ကြည့်နေ။ သိသာရန် ပေးပို့ ။ ကောင်းသည့် အချက်ကတော့ တပ်ထဲတွင် သန်းရွှေ ပြန်လာမှာကို စိုးရိမ်နေကြ။ မလိုခြင်တော့။ တပ်ထဲတွင် ဟာသ ပင်လုပ်နေ- ဦးသိန်းစိန်ရေ သေချာအောင် လုပ်ပေးပါ။ မသေချာရင်-အားလုံး သေမှာဟု နောက်ပြောင်နေ။

ကုလ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ ကင်တားနား ဆက်လက် ထောက်ခံ


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးအပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား သတင်းထောက်များအား ရှင်းလင်း ပြောကြားနေစဉ်။ သြဂုတ် ၂၄၊ ၂၀၁၁။
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးအပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား သတင်းထောက်များအား ရှင်းလင်း ပြောကြားနေစဉ်။

24 သြဂုတ် 2011,
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေးနိုင်ဖို့ ကုလသမဂ္ဂက ကော်မရှင်ဖွဲ့ရေး အကြံပြုခဲ့တာဟာ မြန်မာနိုင်ငံ တရားဥပဒေ စိုးမိုးရေးအတွက် အထောက်အကူပြုအောင် ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ပြောပါတယ်။ ဒါ့ကြောင့် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းနိုင်ရေးကို သူ့အနေနဲ့ ဆက်လက် တိုက်တွန်း သွားမယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသား ဒေသတွေမှာ စစ်ခေါင်းဆောင်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တာ ရှိမရှိကို ကုလသမဂ္ဂက စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီး စစ်ဆေးနိုင်ဖို့အတွက် လူ့အခွင့်အရေး ကော်မရှင်ကို အကြံပြု တင်ပြထားတာဟာ အဖွဲ့အစည်း တခုခု ဒါမှမဟုတ် လူပုဂ္ဂိုလ် တဦးတယောက်ကို အပြစ်ပေး အရေးယူဖို့ မဟုတ်ဘဲ မြန်မာနိုင်ငံမှာ ယိုယွင်းနေတဲ့ တရားဥပဒေ စိုးမိုးမှုကို ပြန်လည် အထောက်အကူ ပြုနိုင်အောင် ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်း NLD ပါတီရဲ့ ဥပဒေ အကျိုးဆောင် အဖွဲ့နဲ့ မစ္စတာ ကင်တားနားတို့ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ပြောဆို ဆွေးနွေးစဉ်အတွင်း မစ္စတာ ကင်တားနားက အခုလို မှတ်ချက်ပေး ပြောဆိုခဲ့တာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီလို ဆောင်ရွက်မှုဟာ တရားဥပဒေ စိုးမိုးရေးအတွက် အထောက်အကူ ဖြစ်တယ်။ ဆက်ပြီး သူ ဒီ Stand ကို ကိုင်ထားတယ်။ တစုံတယောက်ကို၊ တဦးတယောက်ကို စွပ်စွဲဖို့၊ အပြစ်ရှိကြောင်း ဆုံးဖြတ်ဖို့ မဟုတ်ပါဘူးဆိုတာ သူ အဲဒီလို ရှင်းပြပါတယ်။ ကျနော်တို့ ဘက်ကလည်း ဒါကိုတော့ ထောက်ခံတယ်လို့ ပြောပါတယ်။”

လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် နှင့် လွှတ်တော် အမတ်များ နေပြည်တော်၌ ဆွေးနွေးစဉ် စစ်မြေပြင်ရှိ သျှမ်းရွာတရွာအား အစိုးရစစ်တပ်မီးရှို့

သျှမ်းပြည်အလယ်ပိုင်း၌ စစ်ဘေးစစ်ဒဏ်ခံရသည့် သျှမ်းဒုက္ခသည်များ
သြဂုတ်လ 24 ရက် 2011 ခုနှစ်။
“ကျေးသီးမြို့ အရှေ့မြောက်ဘက် ၇ လောက် ဝေးတဲ့ ဝမ့်ဖွီးအုပ်စု ဝမ့်နားပိန်းရွာကို မနက် ၉ နာရီ ထိုးခါနီး လောက် ကစရှို့တယ်။ ကျွဲ နွား ကောက်ရိုးထားတဲ့ တဲတွေပါမချန်ဘူး၊ အကုန်ရှို့ပစ်တာ” - ဟု ကျေးသီးမြို့ ရောက်  ဂေါပကတဦး ကပြောပါ သည်။

ဩဂတ်စ် ၂၃ ရက် မနက်ပိုင်း၌ နေပြည်တော်ရောက် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင် လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား နှင့် တိုင်းရင်းသား လွှတ်တော်အမတ်များ တွေ့ဆုံစဉ် သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် အရှေ့မြောက်ဘက် ( ၇ မိုင်ခန့်) ဝမ့်ဖွီး ကျေးရွာအုပ်စု ဝမ့်နားပိန်း ရွာအား မြန် မာအစိုးရတပ် တပ်မ ၅၅ လက်အောက်ခံ နောင်ချို အခြေစိုက် ခမယ ၁၁၄ က မီးရှို့ဖျက်ဆီး လိုက်ကြောင်း ကုန်သည်တဦးက ဤကဲ့သို့ ပြောပြပါသည်။

အဖွဲ့​ချုပ်ရပ်တည်​ရေး​ကိစ္စ ကုလသမဂ္ဂ ဥပ​ဒေပညာရှင် ​ဆောင်ရွက်ရန် စီစဉ်မည်

August 24, 2011,

ပါတီ ရပ်တည်မှု ပျက်ပြီလို့​ အစိုး​ရက ​ကြေညာထား​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပါတီတရား​ဝင် ရပ်တည်​ရေး​ ကိစ္စနဲ့​ ပတ်သက်ပြီး​ ကုလသမဂ္ဂမှ ဥပ​ဒေ ကျွမ်း​ကျင်သူ ပညာ ရှင်တဦး​ လာ​ရောက် ကူညီနိုင်ဖို့​ ​ဆောင်ရွက်​ပေး​မယ်လို့​ ကုလသမဂ္ဂ လူ့​အခွင့်​အ​ရေး​ အထူး​စုံစမ်း​ စစ်​ဆေး​သူက ​ပြောကြား​သွား​ပါတယ်။

အဖွဲ့​ချုပ် ဥပ​ဒေ အ​ထောက်အကူပြု အဖွဲ့​ဝင်​တွေက ကုလသမဂ္ဂ လူ့​အခွင့်​အ​ရေး​ အထူး​စုံစမ်း​ စစ်​ဆေး​သူ မစ္စတာကင်တား​နား​ကို ဒီ​နေ့​တွေ့​ဆုံရာမှာ ပါတီ တရား​ဝင်ရပ် တည်မှုနဲ့​ ပတ်သက်ပြီး​ တင်ပြပါတယ်။ ကင်တား​နား​က သူဟာ ဥပ​ဒေကျွမ်း​ကျင်သူ ပညာရှင် မဟုတ်​ကြောင်း​၊​ ဒါ​ကြောင့်​ ကျွမ်း​ကျင်သူ ပညာရှင်တဦး​ မြန်မာပြည်ကို မကြာမီ လာ​ရောက်​ တွေ့​ဆုံနိုင်​အောင် ​ဆောင်ရွက်​ပေး​မယ်လို့​ ကတိပြုသွား​တယ်လို့​ အဖွဲ့​ချုပ် ဥပ​ဒေ အ​ထောက်အကူပြုအဖွဲ့​ဝင် ​ရှေ့​နေ ဦး​ဉာဏ်ဝင်း​က ​ပြောပါတယ်။

၁၉၉၀ ပြည့်​နှစ် ပါတီစုံ အ​ထွေ​ထွေ​ ရွေး​ကောက်ပွဲ အနိုင်ရ အဖွဲ့​ချုပ်ကို ပါတီရပ်တည် မှု ပျက်ပြယ်ပြီလို့​ လက်ရှိ အစိုး​ရက ​ကြေညာထား​တာပါ။ ဥပ​ဒေ အ​ထောက်အကူပြုအဖွဲ့​က မြန်မာနိုင်ငံမှာ ဖြစ်​ပေါ်​နေတဲ့​ လူအခွင့်​အ​ရေး​ ချိုး​ဖောက်ခံရမှုအ​ခြေအ​နေ​တွေကိုလည်း​ ကင်နား​နဲ့​ အဖွဲ့​ကို ​ပြောကြား​လိုက်တယ်လို့​လည်း​ ​ပြောပါတယ်။ “လယ်ယာ လုပ်သား​တွေ တရား​မဲ့​ ဥပ​ဒေနဲ့​ မညီဘဲ လယ်ယာ​တွေ အသိမ်း​ခံရလို့​ သူ တို့​ရဲ့​ အခွင့်​အ​ရေး​တွေ ဆုံး​ရှုံး​တာ၊​ ပ​ရော်ဖက်ရှင်နယ် ဆရာဝန်​တွေ၊​ ​ရှေ့​နေ​တွေ သူတို့​ရဲ့​ လိုင်စင်​တွေ ရုပ်သိမ်း​ခံရတာ ဒီအ​ခြေအ​နေမျိုး​တွေကို​တော့​ ကျ​နော်တို့​ ​ပြောလိုက်ပါ တယ်။”

သတင်းရင်းမြစ် - ဒီဗီဘီ

ပင်လုံစာချုပ်အတိုင်း နိုင်ငံရေးဆွေးနွေးရေး မြန်မာအစိုးရ လက်မခံ

24 August 2011,

ပင်လုံစာချုပ်ကို အခြေခံသည့် နိုင်ငံရေး ဆွေးနွေး အဖြေရှာခြင်းကို လက်မခံကြောင်း မြန်မာ အစိုးရအဖွဲ့သစ်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထံသို့ ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက ပြန်ကြား လာသည်ဟု KIO အရာရှိများပြောသည်။

သက်တမ်း ၅ လရှိပြီဖြစ်သည့် မြန်မာ အစိုးရသစ်က အကယ်၍ KIO နှင့် နိုင်ငံရေး ဆွေးနွေးလျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းသာ ဆွေးနွေးသွားမည်ဟု ရှင်းရှင်း လင်းလင်း ပြန်ကြား ထားသည်ဟု ဆိုသည်။

KIO ၏ တောင်းဆိုချက်များ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါဝင် ထည့်သွင်း ထားခြင်းမရှိဟုဆိုကာ ၎င်းဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှ နိုင်ငံရေး ဆွေးနွေးမှု မပြုနိုင်ဟု KIO အရာရှိများ ဘက်ဆိုသည်။ တာပိန်ရေကာတာ လုံခြုံရေး အကြောင်းပြချက်ဖြင့် ဇွန် ၉ ရက်တွင် မြန်မာအစိုးရ တပ်က ဗန်းမော်ခရိုင်ထဲရှိ KIA စစ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ရာမှ နှစ်ဖက်ကြား ၁၆ နှစ်ကျော်ကြာ အပစ်အခတ် ရပ်ဆိုင်းရေး ပျက်ပြားခဲ့သည်။

ယင်းသည် ပြည်ထောင်စု လွှတ်တော်က ကြေညာခြင်း မရှိဘဲ မြန်မာအစိုးရ စစ်တပ်က KIA ကို ထိုးစစ် ဆင် တိုက်ခိုက် ခဲ့ခြင်းလည်း ဖြစ်သည်။ ဆယ်စု တစုကျော် အပစ်အခတ် ရပ်ဆိုင်းရေး ကာလအတွင်း ဗမာတိုင်းရင်းသားများ ချုပ်ကိုင်သော နိုင်ငံတော်အစိုးရ က KIOနှင့် နိုင်ငံရေး ဆွေးနွေး အဖြေရှာခြင်း မပြုလုပ်ခဲ့ပါ။

စစ်အစိုးရ အလိုကျ ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုပြီးသည့်နောက် KIO နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို မြန်မာ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (Border Guard Force) သို့မဟုတ် ပြည်သူ့စစ် အသွင်ပြောင်းရန် ဖိအားပေးခဲ့သည်။

မြန်မာအစိုးရ အဆက်ဆက်နှင့် KIO ကြား နှစ်ဖက် သီးသန့် တွေ့ဆုံ ဆွေးနွေးမှုများမှ တဆင့် တစ်ကြိမ်မျှ နိုင်ငံရေး ဆွေးနွေးမှု အောင်မြင်ခြင်း မရှိခဲ့သဖြင့် ရှေ့ဆက်ကာ နိုင်ငံရေး ဆွေးနွေးဖို့ရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) အနေဖြင့်သာ ပင်လုံနှစ်သာရကို အခြေခံကာ မြန်မာအစိုးရနှင့် ဆွေးနွေး သွားမည်ဟု KIO အထွေထွေအတွင်းရေးမှူး ၂ ဆလန်ကဘား လာနန် က ပြောသည်။

တိုင်းရင်းသား ပေါင်းစုံ နေထိုင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံကို ဗမာ၊ ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်များ က သမိုင်းဝင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးပြီး ထူထောင်ခဲ့သည်။ ယင်း စာချုပ်အားဖြင့် ၁၉၄၈ ခုနှစ်တွင် အင်္ဂလိပ် အစိုးရထံမှ လွတ်လပ်ရေး ရယူခဲ့သည်။ သို့သော် နိုင်ငံတော် အာဏာအား ဗမာတိုင်းရင်းသားများက ယခုချိန်ထိ ချုပ်ကိုင်ထားသည်။ ယနေ့အထိ နှစ် ၆၀ ကျော်ကြာ မြန်မာအစိုးရ အဆက်ဆက်က ကိုယ်ပိုင်ပြဋ္ဌါန်းခွင့်နှင့် စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စုအတွက် လက်နက်ကိုင် တော်လှန်နေကြသည့် တိုင်းရင်းသား အဖွဲ့အစည်းများကို နိုင်ငံရေး ဆွေးနွေးရန် ငြင်းဆန်နေဆဲဖြစ်သည်။

 သြဂုတ် ၁၈ ရက်နေ့တွင် မြန်မာအစိုးရသစ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ် လိုက်သည်။ သို့သော် ပင်လုံစာချုပ်အား ထည့်သွင်း စဉ်းစားထားခြင်း မပါဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းသာ ဆွေးနွေး ရမည်ဟု ဆိုသည့် ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အား UNFC ၏ လက်ရှိ ဥက္ကဌ တာဝန်ယူထားသည့် KIO အဖွဲ့က ပယ်ချထားသည်။

Copy from -  kachinnews