Thursday, June 30, 2011

NLD ကို မြန်မာအစိုးရ သတိပေး

 29 ဇွန် 2011,

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဟာ တရားဝင် နိုင်ငံရေးပါတီတခု မဟုတ်တော့တာကြောင့် နိုင်ငံရေး လှုပ်ရှားမှုတွေကို ရပ်ဖို့ မြန်မာအစိုးရသစ်က သတိပေးလိုက်ပါတယ်။ ဒီလို သတိပေးချက်နဲ့ ပတ်သက်ပြီးတော့ NLD က သူတို့ပါတီဟာ တရားဥပဒေ နဲ့အညီ ရပ်တည်နေတဲ့ ပါတီ ဖြစ်တဲ့အတွက် ဒီသတိပေးချက်ကို ထုတ်ပြန်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ဆုံလိုတယ်လို့ တုံ့ပြန်လိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ပြည်ထဲရေးဝန်ကြီးရဲ့ NLD အပေါ် သဘောထားကို ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ထံ လိပ်မူပြီး မနေ့က ပေးပို့လိုက်တယ်လို့ ဒီကနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြလာတာပါ။ တပြိုင်နက်တည်း ဖော်ပြတဲ့ အစိုးရအာဘော် ဆောင်းပါးမှာတော့ တရားဝင်ပါတီ အနေနဲ့ ရပ်တည်ချင်ရင် တည်ဆဲဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ဖို့ လိုတယ်လို့ ပါရှိပါတယ်။

NLD ဟာ စစ်အစိုးရဟောင်း ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံမတင်ခဲ့တာကြောင့် တရားဝင်ပါတီ အဖြစ်မှ ပျက်ပြယ်သွားပြီလို့လည်း အကြောင်းကြားစာက ဆိုပါတယ်။

ဒါပေမဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုထံ လိပ်မူပြီး ဒီကနေ့ ပေးပို့တဲ့ NLD ရဲ့ အကြောင်းပြန်စာမှာ NLD ဟာ စစ်အစိုးရဟောင်းတွေ ချမှတ်ထားတဲ့ ဥပဒေနဲ့အညီ တရားဝင်ပါတီတခု အနေနဲ့ ရပ်တည် နေကြောင်း ပါရှိပါတယ်။

NLD ပြောခွင့်ရသူ ဦးအုံးကြိုင်က ဒီကနေ့ ပေးပို့တဲ့စာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“ဟုတ်ပါတယ်၊ ဥပဒေပြဋ္ဌာန်းချက်တွေကို တဘက်နဲ့တဘက် အမြင်ပေါ့ဗျာ၊ သူ့အမြင်၊ ကိုယ့်အမြင် ကွဲလွဲနေတယ် ဆိုရင်လည်း ဒီဟာကို အခြေခံပြီးတော့ တရားဥပဒေ စိုးမိုးရေးအတွက် ညှိနှိုင်းလိုပါတယ်၊ စီစဉ်ပေးပါလို့ မေတ္တာရပ်ခံထားပါတယ်။”

၂၀၁၀ နိုဝင်ဘာလမှာ NLD ဘက်က သီးခြားသက်သာခွင့် အက်ဥပဒေအရ ပါတီဖျက်သိမ်းတာ တရားမ၀င်ကြောင်း တရားရုံးချုပ်သို့ လျှောက်လဲ ခဲ့ပေမဲ့ ပယ်ချ ခံခဲ့ရပါတယ်။ ဒါကြောင့်ပဲ ပါတီ ဆက်လက် ရပ်တည်ရေးအတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြား ထားတာကိုလည်း ဆက်လက် လုပ်ကိုင်ဆဲလို့ ဦးအုံးကြိုင်က ဆက်ပြောပါတယ်။

“ကျနော်တို့ရဲ့ တရားဝင် ဆက်လက် ရပ်တည်ခွင့်ဟာ တရားဥပဒေနဲ့ ညီတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတယ် ဆိုတာကလည်း ကျနော်တို့ Proof လုပ်ဖို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ကို တင်ပို့ထားတာကလည်း စီစဉ် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။”

၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က NLD အပေါ် အခုလို အကြောင်းကြားလာတာဟာ အမျိုးသား ရင်ကြားစေ့ရေးကို အဟန့်အတား ဖြစ်စေတယ်လို့ သုံးသပ်ပါတယ်။

“အခုဆို စာနဲ့ပေနဲ့ ဦးအောင်ရွှေ၊ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းကြားလာတယ် ဆိုတော့ လက်ရှိ နိုင်ငံရေးအရ ဆိုရင်လည်း NLD အနေနဲ့ လုပ်သင့် လုပ်ထိုက်တာကို ဆက်လုပ်မယ် ဆိုတော့ ရှေ့ဆက်ပြီး တိုင်းပြည်အတွက်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒါဟာ မကောင်းတဲ့ လက္ခဏာ တခုပဲလို့ ကျနော်မြင်ပါတယ်။”

သီပေါစော်ဘွား၏ မဟာဒေ၀ီ စ၀်သုစန္ဒီနှင့် တွေ့ဆုံမေးမြန်းခန်း


video - DVBBurmese

ဂျပန်က မြန်မာ့ ဒီမိုကရေစီရေး ဆက်ကူညီမည်

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘက်မြို့၌ ၂၀၁၀ နိုဝင်ဘာ အတွင်းက ကျင်းပသော ဖွံ့ဖြိုးရေး ဖိုရမ်တွင် ပြောဆိုရှင်လင်းနေသည့် မစ္စ မခိကို ခိခုတ (ဓာတ်ပုံ - uk.emb-japan.go.jp)

Wednesday, June 29, 2011

အစိုးရက ကချင်နဲ့ ဆွေးနွေးဖို့ ဖွဲ့စည်း

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို တွေ့ရပုံ။
2011-06-28

အစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲများ ရပ်ဆိုင်းရေး အတွက် စေ့စပ် ဆွေးနွေးဖို့ မနေ့က ကချင်ပြည်နယ် ၀န်ကြီးချုပ်က အဖွဲ့ဝင် ငါးဦးပါ အဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း သိရှိရပါတယ်။

ဒီအဖွဲ့ကို ပြည်သူ့ကိုယ်စား ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ကြားဝင် စေ့စပ်ရေးအဖွဲ့လို့ အမည်ပေး ထားပါတယ်။ အဖွဲ့မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်များနဲ့ ပတ်သက်ပြီး အဖွဲ့ဝင် တဦးဖြစ်တဲ့ ကချင်အမျိုးသား အတိုင်ပင်ခံ အဖွဲ့ ဥက္ကဌ ဦးဆင်ဝါးနော်က အခုလိုပြောပါတယ်။
 
"ကချင်အတိုင်ပင်ခံက တယောက်ဖြစ်တဲ့ ကျနော် ဦးဆင်ဝါးနော် ပါတယ်။ အမျိုးသားလွှတ်တော်က ဦးချက်ထိန်နန်၊ နယ်ခြား ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေး တာဝန်ခံ အစိုးရအဖွဲ့ထဲက ဗိုလ်မှူးကြီး သန်းအောင်၊ စရန က ဗိုလ်မှူး နိုင်လင်း၊ နပခ တိုင်းအဆင့်က ဗိုလ်မှူးကြီး ထွန်းထွန်းအုန်း၊ ကျနော်တို့ ၅ ယောက်ကို ကချင်ပြည်နယ် ၀န်ကြီးချုပ်က ခေါ်ပြီး ဖွဲ့လိုက်တာပါ။"
 
ဒီအဖွဲ့ဟာ ဆက်သွယ်ရေး ၀န်ကြီးဟောင်း ဦးသိန်းဇော်နဲ့ ညိုနှိုင်းပြီး လုပ်ငန်းများကို အကောင်အထည် ဖေါ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအဖွဲ့ ဖွဲ့စည်း လိုက်တာနဲ့ ပတ်သက်ပြီး KIO ကတော့ သူတို့ထံ တရားဝင် ဆက်သွယ် အကြောင်းကြားတာ မရှိသေးဘူးလို့ ပြောပါတယ်။ KIO အဖွဲ့ တွဲဘက် အတွင်းရေးမှူး ဦးလနန်းက အခုလိုပြောပါတယ်။
 
"သူတို့ ဘာရည်ရွယ်ပြီး ဖွဲ့တယ်ဆိုတာ ကျနော်တို့ ကောင်းကောင်း မသိသေးဘူး။ ဒါပေမဲ့ သူက အပစ်အခတ် ရပ်ဆိုင်းရေး အဆင့်ကို လုပ်ဖို့အတွက် ဆိုရင်တော့ ကျနော်တို့ သိမှာပါ။ သူတို့ ဘာရည်ရွယ်ချက် ရှိတယ် ဘာတွေ ပြောမယ် ဆိုတာကို အရင် နားထောင်ရမှာပါ။

တိုင်းရင်းသားဒေသ ကျုးကျော် ထိုးစစ်ဆင် တိုက်ခိုက် နေမှုအား ဂျပန်အစိုးရမှ ၀င်ရောက် တားဆီးပေးပါရန် တောင်းဆိုသည့် ဆန္ဒပြပွဲ


၂၀၁၁ ခုနှစ် ဇွန်လ (၂၈)ရက်။

တိုင်းရင်းသား ဒေသများအတွင်း ကြံ့ဖွတ် စစ်အစိုးရမှ ကျုးကျော် ထိုးစစ်ဆင် တိုက်ခိုက် နေမှုအား ရပ်တန့်စေရန် အတွက် ဂျပန်အစိုးရမှ ၀င်ရောက် တားဆီးပေးပါရန် တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြပွဲကို Kasumigaseki အရပ်ရှိ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးရုံးရှေ့တွင် ယနေ့ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

တောင်းဆိုသည့် ဆန္ဒပြပွဲကို မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)မှ တာဝန်ယူ ကျင်းပပြုလုပ်ပြီး တိုင်းရင်းသား ဒေသများ ထိုးစစ်ဆင် လူမျိုးတုံး မျိုးဖြုတ် သတ်ဖြတ် နေမှုများကို ဂျပန် အစိုးရမှ ၀င်ရောက် တားဆီးပေးဖို့ ပြည်တွင်းစစ် ရပ်စဲရန်အတွက် မြန်မာအစိုးရသစ် စစ်အုပ်စုအား ဖိအားပေး တောင်းဆိုပေးရန် ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုခဲ့ကြပါသည်။ တိုက်တွန်း တောင်းဆိုသည့် စာကို NDB-Japan တာဝန်ခံ ၅ ဦးတို့မှ သွားရောက် ပေးပို့ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အရှ ရေးရာဝန်ခံ တဦးဖြစ်သူ Mr.TOMIOKA မှ လက်ခံရယူခဲ့ပါသည်။

ဆက်လက်ပြီး ဇူလိုင် လဆန်းတွင် ဂျပန်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များကို လာရောက်ရန် ဖိတ်ကြားထားသည့် ဂျပန်အစိုးရ၏ လုပ်ရပ်သည် နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan၏ ရပ်တည်ချက် ကန့်ကွက်သည့် သဘောထား များတို့ကို ပေးပို့ခဲ့ကြကြောင်း၊ ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် ရပ်တည်ချက် သဘောထားများ တို့ကို မေးမြန်းခဲ့ကြကြောင်း သိရှိရပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် စုစုပေါင်း အင်အား ၁၀၀ ခန့် တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
သတင်းဓါတ်ပုံ ။ ဦးသန်းဝင်း၊ Aung Htoo Thein

မစ်ရှဲလ်ယိုး ရန်ကုန်လေဆိပ်မှ လှည့်ပြန်ရ

ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး မစ်ရှဲလ်ယိုး
ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး မစ်ရှဲလ်ယိုး (Michelle Yeoh) ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာပြည်ကိုအလာ ရန်ကုန် နိုင်ငံတကာ လေဆိပ်ကနေ ၀င်ရောက်ခွင့် မပြုဘဲ ပြန်ခိုင်းလိုက်တယ်လို့ မြန်မာအစိုးရ အရာရှိတွေက ဒီနေ့ ပြောဆိုလိုက်ပါတယ်။

အသက် ၄၈ နှစ်အရွယ် မလေးရှားနိုင်ငံသူ နာမည်ကြီး ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး မစ်ရှဲလ်ယိုးဟာ The Lady လို့ နာမည် ပေးထားတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀သရုပ်ဖော် ရုပ်ရှင်ဇာတ်ကားမှာ ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင် ရိုက်ကူးနေတာပါ။

သူ့ကို မြန်မာအစိုးရက မြန်မာပြည် ၀င်ခွင့် မပေးရမယ့် သူများစာရင်း Black List မှာ ထည့်သွင်း ထားတာကြောင့် ၀င်ခွင့် မပြုတာ ဖြစ်တယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

မစ်ရှဲလ်ယိုးဟာ ဇွန်လ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့က မြန်မာပြည်ကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။ မစ်ရှဲလ်ယိုးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အတွင်းက မြန်မာပြည်ကို လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။

မစ်ရှဲလ်ယိုးဟာ မလေးရှားနိုင်ငံရဲ့ စံပြ အလှမယ်တဦးဖြစ်ပြီး Crouching Tiger, Hidden Dragon၊ Memoirs of Geisha နဲ့ ဂျိမ်းစ်ဘွန်း (James Bond) ရုပ်ရှင်ဇာတ်လမ်း Tomorrow Never Dies ဆိုတဲ့ ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

သတင်းရင်းမြစ် - ဗွီအိုအေ

Tuesday, June 28, 2011

ကျုးကျော် ထိုးစစ်ဆင် တိုက်ခိုက် နေမှုအား ကုလသမဂ္ဂမှ ၀င်ရောက် တားဆီးပေးပါရန် တောင်းဆိုသည့် ဆန္ဒပြပွဲ


၂၀၁၁ ခုနှစ် ဇွန်လ (၂၇)ရက်။

တိုင်းရင်းသား ဒေသများအတွင်း ကြံ့ဖွတ် စစ်အစိုးရမှ ကျုးကျော် ထိုးစစ်ဆင် တိုက်ခိုက် နေမှုအား ရပ်တန့်စေရန် အတွက် ကုလသမဂ္ဂမှ ၀င်ရောက် တားဆီးပေးပါရန် တောင်းဆိုသည့် ဆန္ဒပြပွဲကို တိုကျို SHIBUYA ရှိ UN အဆောက်အဦး ရှေ့တွင် ယနေ့ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan မှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းရင်းသား ဒေသများ ထိုးစစ်ဆင် လူမျိုးတုံး မျိုးဖြုတ် သတ်ဖြတ် နေမှုများကို တက်ရောက်လာကြသည့် အဖွဲ့အစည်း အသီးသီးတို့မှ တာဝန်ခံ ကိုယ်စားလှယ်များတို့မှ ရှုတ်ချ ကန့်ကွက် ခဲ့ကြကြောင်း ထိုးစစ်ဆင် တိုက်ခိုက်မှုများ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုများ အမြန်ဆုံး ရပ်ဆိုင်းရန်အတွက် ကုလသမဂ္ဂမှ ၀င်ရောက် တားဆီးပြီး အမြန်ဆုံး အရေးယူ ဖြေရှင်းပေးပါရန် မြန်မာ့ဒီမိုကရေစီကွန်ယက် (ဂျပန်)မှ တိုက်တွန်း တောင်းဆိုသည့် စာကို UN ဂျပန် ရုံး တာဝန်ခံ ကနေတဆင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံသို့ ပေးပို့ခဲ့ပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် စုစုပေါင်း အင်အား ၁၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Aung Htoo Thein

Monday, June 27, 2011

AUN-Japan ၏ ညီလာခံနှင့် အလုပ်အမှုဆောင် ကော်မီသစ် ရွေးကောက် တင်မြှောက်သည့် အခမ်းအနား


၂၀၁၁ ခုနှစ် ဇွန်လ (၂၆)ရက်။
ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) Association of United Nationalities in Japan, AUN-Japan ၏ ညီလာခံ အခမ်းအနားနှင့် ၂၀၁၁ - ၂၀၁၂ ခုနှစ် အတွက် အလုပ်အမှုဆောင် ကော်မတီသစ် ရွေးချယ် တင်မြှောက်သည့် အခမ်းအနားကို တိုကျိုမြို့ KOMAGOME Bunka Center မှာ ယနေ့ ဇွန်လ ၂၆ ရက် ညနေ ၆း၀၀ နာရီမှ ၉း၀၀ နာရီအထိ အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဂျပန်ရောက် တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးများတို့မှ တာဝန်ခံများ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ၊ စစ်မှန်သော ဒီမိုကရေစီစနစ် ရရှိရေးနှင့် တန်းတူညီမျှသော ဖက်ဒရယ် ပြည်ထောင်စု စနစ် ပေါ်ထွန်းရေး နိုင်ငံရေး ဦးတည်ချက်များဖြင့် စုပေါင်း အကောင်အထည် ဖေါ်ဆောင်သွားရန် ညီလာခံတွင် အတည်ပြု ဆုံဖြတ်ခဲ့ကြပါသည်။

ဆက်လက်ပြီး အလုပ်အမှုဆောင် ကော်မတီ ရွေးချယ်ရာတွင် AUN-Japan၏ အဖွဲ့ဝင် အဖွဲ့အစည်း အသီးသီးမှ အချိုးကျ ရွေးချယ်သည့် ကိုယ်စား (၂၆) ဦးတို့မှ ၂၀၁၁ - ၂၀၁၂ ခုနှစ် အတွက် လုပ်ငန်းစဉ်များကို ဦးဆောင် အကောင်အထည် ဖေါ်ဆောင်သွားရန်အတွက် AUN-Japn ဥက္ကဌ အဖြစ် ဦးဇော်မင်းခိုင် အား လည်းကောင်း၊ တွဲဘက် ဥက္ကဌ (၁) အဖြစ် မိုင်ကျော်ဦး ၊ တွဲဘက် ဥက္ကဌ (၂) အဖြစ် စိုင်းစီဝမ် အား လည်းကောင်း ရွေးချယ် ခဲ့ကြပါသည်။ အထွေထွေ အတွင်းရေးမှုး အဖြစ် နော်အယ်မူ၊ တွဲဘက် အထွေထွေအတွင်းရေးမှုး(၁) အဖြစ် ဦးကျော်သန်းလှိုင် ၊ တွဲဘက် အထွေထွေအတွင်းရေးမှုး(၂)အဖြစ် စိုင်းနွဲ့ တို့အား အများဆန္ဒနှင့်အညီ ရွေးချယ် တာဝန် ပေးခဲ့ကြပါသည်။ ယနေ့ ရွေးကောက်ပွဲ အခမ်းအနားတွင် သျှမ်းတိုင်းရင်းသားများ၏ နာယက စိုင်းဆမ်မုမ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အဖြစ် ကူညီ ဆောင်ရွက်းပေးခဲ့ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၃၅ နှစ်ပြည့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

June 26, 2011,

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီက ကြိုးပေး သတ်ဖျက်တာ ခံခဲ့ရတဲ့ ရန်ကုန် တက္ကသိုလ်က ကျောင်းသား ခေါင်းဆောင် (ချင်းတိုင်းရင်းသား) ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၃၅ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အနေနဲ့ သူ့ရဲ့ ကြွေးကြော်သံတွေ ပါဝင်တဲ့ လက်ကမ်း စာစောင်တွေ ဖြန့်ဝေတဲ့ လှုပ်ရှားမှု တခု ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်၊ မန္တလေးအပါအ၀င် မြေလတ်ဒေသတွေက မြို့အချို့မှာ ဖြန့်ဝေခဲ့ကြတာ ဖြစ်တယ်လို့ လှုပ်ရှားမှု ဦးဆောင် ပြုလုပ်နေသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်အုပ်စုရဲ့ ပထမဆုံး ကြိုးပေး သတ်ဖျက်တာ ခံခဲ့ရတဲ့ ကျောင်းသား ခေါင်းဆောင်တဦးရဲ့  သမိုင်းကြောင်းကို လူငယ်တွေ သိရှိအောင် ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်ကိုလည်း သူကပဲ အခုလို ဆက်ပြောပြပါတယ်။

“တချို့ဝေးနေတာ ရှိတယ်။ တချို့က နီးနီးကပ်ကပ်နဲ့ ရှိနေတာတွေ ရှိတယ်။ ကျနော်တို့ဆိုရင် ဒီလှုပ်ရှားမှုမှာ နီကပ်နေတဲ့သူ ဖြစ်တဲ့အတွက် ကိုဆလိုင်းတင်မောင်ဦးကို မေ့မှာ မဟုတ်ဘူး။ ကျနော်တို့ ကျောင်းသားတွေက အမှု့မဲ့ အမှတ်မဲ့ နေတာ မဟုတ်ဘူးဗျ။ သူတို့ မသိလိုက်တဲ့ ကိစ္စပေါ့။ သမိုင်းက အာဏာရှင်တွေရဲ့ ဖြတ်တောက်ခြင်းကို ခံလိုက်ရတဲ့အတွက်ကြောင့် ဒီကျောင်းသားတွေ မသိတာပဲ ဖြစ်ပါတယ်။ အခု ကျနော်တို့ သိအောင်လုပ်တာပါပဲ။”

၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းကို ဦးဆောင်ခဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသား (ချင်းတိုင်းရင်းသား) ဆလိုင်းတင်မောင်ဦးကို မဆလစစ်အစိုးရက ဇွန်လ ၂၆ ရက်နေ့မှာ ကြိုးပေး သတ်ဖြတ်ခဲ့တာဖြစ်ပြီး သူကွယ်လွန်တဲ့ ၃၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ အပါအ၀င် ထိုင်းမြန်မာနယ်စပ်၊ အိန္ဒိယနဲ့ ကနေဒါနိုင်ငံတွေမှာလည်း ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက အထိမ်းအမှတ် အခမ်းအနားတွေကို ပြုလုပ်ခဲ့ကြပြီး စာတမ်း ဖတ်ကြားတာတွေလည်း ရှိခဲ့ပါတယ်။

Copy from - DVB

Sunday, June 26, 2011

ဂျပန်နိုင်ငံတွင် မြန်မာ့ဒီမိုကရေစီရေးအတွက် စုပေါင်း လှုပ်ရှားဆောင်ရွက်သွားကြမည့် လုပ်ငန်းစဉ်များ ညှိနှိုင်းစည်းဝေး


၂၀၁၁ ခုနှစ် ဇွန်လ (၂၆)ရက်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေးကို Takadanobaba  အရပ်ရှိ Shoohiseikatsu Center 4F ,မှာ မှာ ယနေ့ ဇွန်လ (၂၆)ရက် နံနက် ၉း၃၀ မှ ၁၂း၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

ညှိနှိုင်းစည်းဝေးတွင် ဂျပန်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များကို ဂျပန်နိုင်ငံသို့ ဇူလိုင်လဆန်းတွင် လာရောက်ရန် ဖိတ်ကြားထားသည်ဟု သိရှိရသည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲအား ဒီမိုကရေစီ နိုင်ငံကြီးများက အသိအမှတ်ပြုသည်ဟု ထုတ်ဖော် ပြောဆိုခြင်း  မရှိသေးချိန်တွင် ဂျပန်အစိုးရ၏ ယခုကဲ့သို့သော လုပ်ရပ်သည် အသိအမှတ် ပြုသလို ဖြစ်သည့် အတွက်  မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan၏ ရပ်တည်ချက် ကန့်ကွက်သည့် သဘောထားကို ဂျပန်အစိုးရထံသို့ သွားရောက် ပေးပို့သွားမည်ဖြစ်ပါသည်။

ဂျပန်အစိုးရက မြန်မာ အာဏာပိုင်များအား ၄င်းတို့ အစဉ်တစိုက် ပြောဆိုနေခဲ့သည့် နိုင်ငံရေးအကျဉ်းသား များလွှတ်ပေးရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် ဆိုသည့် ရပ်တည်ချက် ပြောင်းလဲ သွားပြီလားဟု မေးခွန်း ထုတ်ရမည် ဖြစ်သည်။ 

ထို့ကြောင့် ဂျပန်အစိုးရ၏ လုပ်ရပ်သည် မြန်မာပြည်တွင် စစ်မှန်သော ဒီမိုကရေစီ ထွန်းကားရေးအတွက် အနှောင့်အယှက် အတားအဆီး ဖြစ်ရာ ရောက်သောကြောင့်  မြန်မာ့ဒီမိုကရေစီရေး ထောက်ခံ အားပေး နေသော ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂ၏ အကူအညီဖြစ် လွှတ်တော်တွင်း ကြားနာမှုတခု ပြုလုပ်ရန်၊ ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ချီတက် ဆန္ဒပြပွဲအစီအစဉ်များ နှင့် နိုင်ငံတကာရှိ မြန်မာ့အရေး လှုပ်ရှားသူများ အနေဖြင့် သံတမန်ရေးအရ ဖိအားပေးသည့် နိုင်ငံတကာ လှုပ်ရှားမှုအဖြစ် အကောင်အထည် ဖေါ်ဆောင်သွားကြရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ဆက်လက်ပြီး (၄၉)နှစ်မြောက် သမိုင်းဝင် ဇူလိုင် ၇ ရက် ကျောင်းသား လှုပ်ရှားမူ အထိမ်းအမှတ် အခမ်းအနားကို NDB-Japan မှ ဦးဆောင် ကျင်းပ ပြုလုပ်သွားရန်နှင့် ရှေ့လှုပ်ရှား ဆောင်ရွက်သွားကြမည့် အသေးစိတ် အစီအစဉ်များနှင့် လုပ်ငန်းစဉ်များတို့ NDB ပြန်ကြားရေးမှ ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
သတင်းဓါတ်ပုံ ။ Lian Khan Sum

နောင်တော် ကျောင်းသားခေါင်းဆောင်ကြီး ဆလိုင်း ကိုတင်မောင်ဦးအား ဦးညွှတ်အလေးပြုအပ်ပါတယ်။


နောင်တော် ကျောင်းသားခေါင်းဆောင်ကြီး ဆလိုင်း ကိုတင်မောင်ဦးအား ဦးညွှတ်အလေးပြုအပ်ပါတယ်။
Copy from - niknayman.blogspot.com

Saturday, June 25, 2011

လက်ဖက်အကြောင်းသိကောင်းစရာ

မြန်မာပြည်မြောက်ပိုင်း အကြမ်းဖက်မှု အမေရိကန် စိုးရိမ်

ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာကြသည့် ဒေသခံ စစ်ပြေး ဒုက္ခသည်များ။
ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာကြသည့် ဒေသခံ စစ်ပြေး ဒုက္ခသည်များ။
  24 ဇွန် 2011,

မြန်မာစစ်တပ်နဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ အဲဒီ တိုက်ပွဲတွေက ထွက်ပြေးလာကြတဲ့ စစ်ပြေး ဒုက္ခသည်တွေကို အကာအကွယ် ပေးကြဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆို လိုက်ပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် အတွင်းနဲ့ တခြား ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအပေါ် အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ် ပူပန်ကြောင်းနဲ့ အဲဒီ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့အတွက် တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နူးလန်း (Victoria Nuland) က ပြောထားပါတယ်။
ဒေသခံ တိုင်းရင်းသားတွေအပေါ် ညှဉ်းပန်းနှိပ်စက်၊ အမျိုးသမီးတွေကို မတရား ပြုကျင့်တာနဲ့ နေရပ်ရွှေ့ပြောင်း ထွက်ပြေးနေရတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုး ဖြစ်ပေါ်နေတယ်လို့ သတင်းတွေ ထွက်နေတဲ့အပေါ် အမေရိကန် ပြည်ထောင်စု အနေနဲ့ အထူးစိုးရိမ် ပူပန်မိကြောင်းလည်း မစ်စ် နူးလန်းက ဆက်ပြောပါတယ်။

တိုင်းရင်းသား ဒေသများအတွင်း ကျုးကျော် ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကြံ့ဖွတ် စစ်အစိုးရအား ရှုတ်ချ ကန့်ကွက် ဆန္ဒပြ(တိုကျို)




၂၀၁၁ ခုနှစ် ဇွန်လ (၂၄)ရက်။

တိုင်းရင်းသား ဒေသများအတွင်း ကျုးကျော် ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကြံ့ဖွတ် စစ်အစိုးရအား ရှုတ်ချ ကန့်ကွက်သည့် ဆန္ဒပြပွဲကို တိုကျိုရှိ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့တွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ စုပေါင်း ပါဝင်သော မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan မှ ဦးဆောင်၍ ယနေ့ ညနေ ၃း၀၀၀ နာရီ မှ ၄း၁၅ နာရီအထိ ကျင်းပခဲ့ကြပါသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ဆန္ဒပြပွဲတွင် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်နေသော စစ်ပွဲများ ရပ်ဆိုင်းရေးအတွက် တောင်းဆိုသည့် လှုပ်ရှားမှုကို ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု အဖြစ် ပြည်ပရောက် ကချင်အမျိုးသားများ နိုင်ငံအသီးသီးတွင် တပြိုင်တည်း ကျင်းပခဲ့ကြကြောင်းနှင့် ကချင်ပြည်နယ်တွင်း ကျုးကျော် ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကြံ့ဖွတ် စစ်အစိုးရအား ရှုတ်ချ ကန့်ကွက်ခဲ့ကြကြောင်းကို KNO-Japan ဥက္ကဌ ပီတာ ဘရန်ဆိုင်းမှ ရှင်းလင်း ပြောကြားသွားပါသည်။
ဆက်လက်ပြီး သျှမ်းပြည်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့(ဂျပန်)တွဲဘက် ဥက္ကဌ စိုင်းညွန့်မောင် မှ ၂၀၁၁ ခုနှစ် မတ်လ ၁၃ ရက်မှစတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူများ ရှိသည့် နေရာတွေကို ရွေးချယ် ထိုးစစ် ဆင်ခဲ့သည့်အတွက် အပြစ်မဲ့ ပြည်သူ အများအပြား သေဆုံးမှုများ ရှိကြောင်း အတင်းအကျပ် နေရာ ရွှေ့ပြောင်းခိုင်းခြင်း ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း ၊ အမျိုးသမီးတွေကို မတော်မတရား ကျင့်တာ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချ ကန့်ကွက်ကြောင်းနှင့် သျှမ်းပြည် SSA/SSP တပ်မတော်ကို ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ ဓါတုလက်နက် အသုံးပြုခဲ့ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြောကြားသွားပါသည်။

ကရင်ပြည်နယ်အတွင်း နေ့စဉ် တိုက်ပွဲများ ဆင်နွဲနေသလို၊ နယ်ခြားစေါင့် တပ်အဖြစ် လက်မခံသော DKBA တပ်များကိုလည်း အပြင်းအထန် တိုက်ခိုက် လျှက်ရှိသည်။ တချိန်တည်းတွင် အရပ်သား ကျေးရွာသားများကို စစ်တပ်ရှေ့ပြေး အကာကွယ်အဖြစ် အသုံးပြု နှင့် အကျဉ်းသား များကိုလည်း ပေါ်တာဆွဲကာ ရှေ့တန်းတွင် လူသား မိုင်ရှင်း ကရိယာ များသဖွယ် အသုံးချနေသည့် စစ်အုပ်စုအား ရှုတ်ချ ကန့်ကွက်ကြောင်း ပြည်တွင်းစစ် အမြန်ဆုံးရပ်ဆိုင်းဖို့ KNU-Japan တာဝန်ရှိသူ မိုးမင်းသူမှ ပြောကြားသွားပါသည်။

တိုင်းရင်းသား ဒေသများ ထိုးစစ်ဆင် လူမျိုးတုံး မျိုးဖြုတ်နေမှုများ ရှုတ်ချ ကန့်ကွက်ကြောင်းနှင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကို အမြန်ဆုံး ရပ်ဆိုင်းပြီး တပ်ရင်း တပ်ဖွဲ့များကို ပြန်လည် ရုပ်သိမ်းရန်၊ တိုင်းရင်းသား နယ်ပယ်များတွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို အမြန်ဆုံး ရပ်ဆိုင်းရန်၊ မြန်မာ့ဒီမိုကရေစီကွန်ယက် (ဂျပန်)မှ တိုက်တွန်း တောင်းဆိုသည့် ထုတ်ပြန်ကြေငြာချက်ကို စစ်အခွန်ရုံး သံအမတ်ကြီးကနေတဆင့် ကြံ့ဖွတ် စစ်အစိုးရ သမ္မတ ဦးသိန်းစိန်ထံသို့ ပေးပို့ခဲ့ပါသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ဆန္ဒပြပွဲတွင် ဂျပန်ရှိ ပြည်ထောင်စုဘွား တိုင်းရင်းသားများ အင်အား (၁၂၀) ကျော်ခန့် တက်ရောက် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

Friday, June 24, 2011

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်

University of Johannesburg
တောင်အာဖရိကနိုင်ငံရဲ့ နာမည်ကျော် ယိုဟန်းနက်စဘတ် တက္ကသိုလ် အဆောက်အဦ။
2011-06-24,

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကနိုင်ငံရဲ့ နာမည်ကျော် ယိုဟန်းနက်စဘတ် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ် ချီးမြှင့်လိုက်တယ်လို့ တက္ကသိုလ်က မနေ့က သတင်းထုတ်ပြန် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ယိုဟန်းနက်စဘတ် တက္ကသိုလ်ရဲ့ ရပ်တည်ချက်တွေ ဖြစ်တဲ့ လူသား ဂုဏ်သိက္ခာနဲ့ မတူကွဲပြားမှု အပေါ် လေးစား တန်ဘိုးထားမှု၊ ပညာရေး လွတ်လပ်ခွင့်နဲ့ ပွင့်လင်း မြင်သာမှု အပေါ် အားပေးမှု တို့ကို ကိုယ်စားပြုသူ ဖြစ်တယ်လို့ တက္ကသိုလ်ရဲ့ လူမှု ဗေဒဌာနမှူး ပါမောက္ခ Rory Ryan က ပြောပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကရဲ့ အထင်ကရ တက္ကသိုလ်ကြီး တခုက ဂုဏ်ထူးဆောင် ပါရဂူဘွဲ့တခု ထပ်မံချီးမြှင့်လိုက်တာဟာ တောင်အာဖရိက အစိုးရအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် အပြည့်အ၀ ထောက်ခံ ရပ်တည်လာအောင် တွန်းအား ပေးလိုက်တာ ဖြစ်တယ်လို့ ယိုဟန်းနက်စဘတ်မြို့ အခြေစိုက် မြန်မာပြည် လွတ်မြောက်ရေး လှုပ်ရှားမှု (တောင်အာဖရိက) အဖွဲ့ရဲ့ ဥက္ကဌ ဒေါက်တာ သိန်းဝင်းက ပြောပါတယ်။

ဂျပန်လွှတ်တော် နိုင်ငံခြားရေး ဒု-အတွင်းဝန် မြန်မာပြည်သွားမည်

ဂျပန် ဒိုင်းယက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဒုတိယအတွင်းဝန် မစ်စ် မာကီကို ကီကူတာ။
ဂျပန် ဒိုင်းယက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဒုတိယအတွင်းဝန် မစ်စ် မာကီကို ကီကူတာ။
ဓာတ်ပုံ mofa.go.jp
သောကြာ, 24 ဇွန် 2011


ဂျပန် ဒိုင်းယက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဒုတိယအတွင်းဝန် မစ်စ် မာကီကို ကီကူတာ။ဂျပန် ဒိုင်းယက် လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာ ကော်မတီက အကြီးတန်း အရာရှိကြီး တဦးဖြစ်တဲ့ ဒုတိယ အတွင်းဝန် မစ်စ် မာကီကို ကီကူတာ (Makiko Kikuta) ဟာ လာမယ့် တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ မစ်စ် ကီကူတာဟာ မြန်မာအစိုးရသစ်အဖွဲ့ တာဝန် ရှိသူတွေအပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့ မြန်မာနိုင်ငံကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့သစ် တက်လာပြီးတဲ့နောက် နိုင်ငံတကာက အဆင့်မြင့် အရာရှိကြီးတွေ တဦးပြီးတဦး မြန်မာနိုင်ငံကို လာရောက်နေရာမှာ အခု ဂျပန်နိုင်ငံကလည်း အဆင့်မြင့် သံတမန်တဦးကို စေလွှတ်မှာ ဖြစ်ပါတယ်။ ဂျပန်အစိုးရရဲ့ အဆင့်မြင့် အရာရှိကြီးတဦးဖြစ်တဲ့ မစ်စ် မာကီကို ကီကူတာ လာရောက်ဖို့ ရှိတယ်လို့ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ မတ်ဆုနာဂက ဗွီအိုအေကို အတည်ပြု ပြောကြားခဲ့ပါတယ်။

“လွှတ်တော် နိုင်ငံခြားရေးရာ ဒုတိယ အတွင်းဝန် မစ်စ် ကီကူတာ မြန်မာနိုင်ငံကို သွားမှာပါ။ လာမယ့် တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့ အထိပါ။ ဂျပန်အစိုးရရဲ့ နိုင်ငံခြားရေးရာ ထိပ်တန်းသံတမန် မြန်မာနိုင်ငံကို မစေလွှတ်တာ ၃ နှစ် ရှိပါပြီ။ အခု ဂျပန်အစိုးရရဲ့ ထိပ်တန်း သံတမန်တဦးဖြစ်တဲ့ မစ်စ် ကီကူတာ သွားရောက်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလတုန်းက နောက်ဆုံးသွားခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ လွှတ်တော် နိုင်ငံခြားရေးရာ ဒုတိယ အတွင်းဝန် မစ္စတာ အူနိုပါ။” လို့ ပြောသွားပါတယ်။

နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်တို့တွင် ဗုံးဆက်တိုက်ကွဲ

မန္တလေးတွင် ကားဗုံးကွဲပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ - စစ်မုန်းပုန်ကန် / Facebook)
Friday, 24 June 2011 ,

နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင် တို့တွင် ယနေ့ နေ့လယ်၌ ဆက်တိုက် ဗုံးပေါက်ကွဲမှုများ  ဖြစ်ပွားသည်။

နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ နေအိမ်တလုံးတွင် ယနေ့နေလယ် ၁၂ နာရီခွဲခန့်က ဗုံးတလုံး ပေါက်ကွဲကြောင်း သိရသည်။

သပြေကုန်း ရပ်ကွက်အတွင်း နေထိုင်သူတဦးက “အရမ်းပြင်းတော့ အိမ်အမိုး လန်သွားတယ်။ လူတွေလည်း ရုတ်ရုတ်သဲသဲ ဖြစ်ပြီး ပြေးကြလွှားကြနဲ့” ဟု ဆိုသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်သေကျေမှု သတင်းအတိအကျ မသိရသေးကြောင်း၊ လုံထိန်းများနှင့် ရဲများ ရောက်ရှိလာပြီး လမ်းများကို ပိတ်ဆို့ထားကြောင်း ၎င်းဒေသခံက ပြောသည်။

တဆက်တည်းတွင် မန္တလေး ဈေးချိုတော်ရှေ့ ၂၇ လမ်းနှင့် ၂၈ လမ်းကြား ဈေးချိုဟိုတယ် ရှေ့တွင်လည်း နေလယ် ၁၂ နာရီခန့်က ကားဗုံးတလုံး ပေါက်ကွဲသည်။

ဂျစ်ကားပေါ်တွင် ထောင်ထားသည့် ဗုံးပေါက်ကွဲခြင်း ဖြစ်ပြီး နှစ်ဦး ဒဏ်ရာ ရကြောင်း၊ မြို့နယ် အာဏာပိုင်များနှင့် ရဲများ၊ လုံခြုံရေး တာဝန်ရှိသူများ၊ မီးသတ်များက ပေါက်ကွဲမှု ဖြစ်သည့် အနီးတ၀ိုက်ကို ပိတ်ဆို့ ထားကြောင်း မန္တလေး ဒေသခံတဦးက ပြောသည်။

“အသံကြီးက ကျယ်တယ်။ ထရန်စဖော်မာ ပေါက်တယ်ထင်တာ။ ဈေးချိုက ဥပုသ်နေ့ဆိုတော့ ပိတ်ထားလို့။ ဖွင့်ရင်တော့ မလွယ်ဘူး” ဟု ဆိုသည်။

ယင်းကားဗုံး ပေါက်ကွဲမှုအားသည် ကြီးမားကြောင်း၊ အနီးနား အဆောက်အဦးမှ ပြတင်းပေါက် မှန်များလည်း ကွဲကုန်ကြောင်း သိရသည်။

ထို့နောက် နေ့လယ် ၂ နာရီခန့် တွင် မန္တလေးမြို့ ၃၁ လမ်းနှင့် ၃၂လမ်းကြား၊ ၈၄ လမ်းမကြီးပေါ်ရှိ စိန်စပယ်ဖူး ရွှေဆိုင်အနီးတွင် ဗုံးတလုံးထပ်မံ ရှာဖွေတွေ့ရှိခဲ့ရာ ၃ နာရီကျော်ကျော်တွင် ဗုံး ရှင်းလင်းရေး အဖွဲ့များက ဖောက်ခွဲ ဖျက်ဆီး ရှင်းလင်း လိုက်ကြောင်း သိရသည်။

ယင်းဗုံး ပေါက်ကွဲမှုများ ဖြစ်ပြီး မကြာမီတွင်ပင် ပြင်ဦးလွင်မြို့၌လည်း ဗုံးပေါက်ကွဲမှု ဖြစ်ကြောင်း သိရသည်။ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၃၊ အကွက် ၄ ရှိ လူမနေသည့် အိမ်တလုံးတွင် ပေါက်ကွဲခြင်းဖြစ်ပြီး အိမ်ပြိုကျသွားသည်ဟု သိရှိရသည်။

မြို့ ၃ မြို့တွင် ဗုံးများ ဆက်တိုက် ပေါက်ကွဲနေသည့်အတွက် ပြည်သူများအကြား ထိပ်လန့်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

အဇင်းရွာသား ၁၀၀ကျော်ကို ဓါးစာခံအဖြစ် အစိုးရစစ်တပ် ဖမ်းဆီးထား

၂၀၁၁ ဇွန်လ ၂၃ရက်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်းကျေးရွာရှိ အစိုးရ စစ်တပ်သည် ကရင်တပ်ဖွဲ့များ ဖမ်းဆီးထားသည့် စစ်ဗိုလ်တဦး အား ပြန်လွှတ်ပေးရန်အတွက် ဓါးစာခံအဖြစ် ယခုအချိန်တွင် အဇင်းရွာသား ၁၀၀ကျော်ကို ဖမ်းဆီး ချုပ်နှောင် ထားကြောင်း ဒေသခံ များက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အဇင်းကျေးရွာ အခြေစိုက် အစိုးရ စစ်တပ်စခန်းတခုအား ကရင်ပူးပေါင်းတပ်ဖွဲ့များက ၀င်ရောက်စီးနင်းခဲ့ရာ တွင် တပ်စခန်းထဲမှ စစ်ဗိုလ်တစ်ဦးကို အရှင် ဖမ်းဆီးရမိ ခဲ့သည့်အတွက် ၎င်းစစ်ဗိုလ်ကို ပြန်လွှတ်ပေးရန် ယခုကဲ့သို့ ရွာသားများအား ဓါးစာခံအဖြစ် ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။

သူက “စစ်ဗိုလ် ပြန်လွတ်ပေးဖို့အတွက် ရွာသားတွေကို ဓါးစာခံအဖြစ် ဖမ်းဆီးထားတာပါ။ အခုအချိန်ထိ ဖမ်းထားတုန်းပဲ။ အဲဒီစစ် ဗိုလ်ကို ပြန်မလွှတ်မချင်း ဓါးစာခံအဖြစ် ဖမ်းဆီး ချုပ်နှောင်ထားတဲ့ ရွာသားတွေကို လွှတ်ပေးမှာ မဟုတ်ဘူးလို့ စစ်တပ်က ပြော တယ်။”ဟု ပြောသည်။

အဆိုပါ အစိုးရစစ်တပ်၏ တပ်ရင်းနံပါတ်ကို မသိရှိရသေးသော်လည်း ဖမ်းဆီးထားသည့် အဇင်းရွာသား ၁၀၀ကျော်ကို သီးသန့်နေ ရာတွင် ချုပ်နှောင်ထားပြီး ၎င်းတို့အထဲမှ ရွာသားအချို့မှာ စစ်တပ်၏ ညှင်းပန်း နှိပ်စက် ခံနေရသည်ဟု ၎င်းက ဆက်ပြောသည်။

ရှမ်းပြည် တပ်မတော်နဲ့ အစိုးရတပ်တို့ အပြန်အလှန်ဝိုင်းရံ

Photo by -DVB
June 23, 2011,

ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီး မြို့နယ်အတွင်း အခုလ ၂၁ ရက်နေ့က စတင်ဖြစ်ပွါးတဲ့ ရှမ်းပြည် တပ်မတော်နဲ့ မြန်မာ အစိုးရတပ်ကြား တိုက်ပွဲဟာ အခုအချိန်အထိ နှစ်ဖက် တင်းမာနေဆဲ ဖြစ်ပါတယ်။

ကျေးသီးမြို့နယ် ၀မ့်ဝပ်ကျေးရွာ အုပ်စု တာ့ဖာဆောင် တံတားနားမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ မနက်ပိုင်းက စဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲဟာ ဒီကနေ့ မနက်အထိလည်း သေနတ်သံတွေ ထွက်နေဆဲ ဖြစ်ပါတယ်။ ရင်ဆိုင် တိုက်ပွဲမျိုး မဟုတ်ဘဲ တဘကနဲ့ တဘက် အပြန်အလှန် ၀ိုင်းရံထားတဲ့ ပုံစံ ဖြစ်နေတာပါ။

ရှမ်းပြည် တပ်မတော် တပ်မဟာ ၇၂၆ က ခြေကုတ်ယူထားတဲ့ တာ့ဖာဆောင် စခန်းကို မြန်မာအစိုးရ ခလရ ၁၄၇ က တပ်အင်အား ၇၀ လောက်က ၀ိုင်းထားတယ် ။ အဲဒီအစိုးရတပ်ကို ရှမ်းပြည် တပ်မတော် တပ်မဟာ ၃၆ အဖွဲ့က ပြန်ပြီး ၀ိုင်းထားတယ်လို့ ရှမ်းပြည် တပ်မတော် တပ်မှူးတဦးက ပြောပါတယ်။

နောက်ထပ် ရောက်လာတဲ့ ခလရ ၂၂၊ ၂၈၆ ၊ ခမရ ၅၀၄၊ ၃၂၅ စတဲ့ တပ်ရင်းတွေရော ရှမ်းပြည် တပ်မတော်က တပ်ရင်းတွေပါ မိုင်းရယ်၊ မိုင်းရှုး ၊ ကျေးသီး စတဲ့ မြို့နယ်တွေရဲ့ အစပ် မိုင်းတုန်၊ မိုင်းလား၊ မလန်း၊ ကိုင်ဖိုက်၊ နမ့်ပုတ် စတဲ့ရွာအနီးမှာ တနေရာစီ အပြန်အလှန် ဖြန့်နေရာ ယူထားကြပါတယ်။

ဒီလို အပြန်အလှန် ၀ိုင်းရံမှုတွေမှာ နောက်ထပ် ရင်ဆိုင်တိုက်ပွဲ မဖြစ်ပေမယ့် သေနတ်သံတွေတော့ ကြားနေရဆဲပဲလို့ ဒေသခံတွေ ပြောပါတယ်။ လက်ရှိ အပြန်အလှန် ၀ိုင်းရံမှု ဖြစ်တဲ့ဒေသမှာ လွင်ပြင်ကြီး ဖြစ်နေတာကြောင့် စစ်ရေးအရ တိုက်ပွဲဖြစ်ရင် ထွက်ပေါက် ပိတ်မိနေတဲ့ အခြေအနေ ဖြစ်နေတယ်လို့ လည်း အဲဒီတပ်မှူးက ပြောပါတယ်။

ဇွန်လ ၂၁ ရက် ၂၂ ရက်နေ့က ဖြစ်တဲ့ တိုက်ပွဲအတွင်း အစိုးရ တပ်ဘက်က ၃ ယောက်ကျပြီး ၇ ယောက် ဒဏ်ရာရခဲ့ပြီး ရှမ်းတပ်မတော်ဘက်က ၁ ယောက် ဒဏ်ရာရတယ်လို့ အဲဒီရှမ်းတပ်မှူးက ပြောပါတယ်။ ရှမ်းပြည် တပ်မတော် ဌာနချုပ်ရှိရာ ၀မ့်ဟိုင်းတ၀ိုက်မှာ ဒေသခံ ရွာသားတွေ တိုက်ပွဲဖြစ်မှာ စိုးရိမ်တာကြောင့် ထွက်ပြေး တိမ်ရှောင်နေတယ်လို့ လည်း ဆိုပါတယ်။ အဲဒီ ရွာသားတွေဟာ မိမိနီးစပ်ရာ ဆွေမျိုးတွေ ရှိရာ မိုင်းရှုးဘက်ကို ထွက်သွားကြသလို တချို့ကတော့ ထိုင်းနိုင်ငံဘက် ကူးလာတာတွေ ရှိတယ်လို့ ဒေသခံတွေ ပြောပါတယ်။

သတင်းရင်းဖြစ် - ဒီဗီဘီ

Thursday, June 23, 2011

ကချင်အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံနေရ

၂၀၁၁ ခုနှစ် ဇွန်လဆန်းအတွင်း ကချင်ပြည်နယ် တ၀ှမ်းမှာ မြန်မာ စစ်အစိုးရတပ်တွေက ကျူးလွန်ခဲ့သော မုဒိန်းမှုများကို ကချင်အမျိုးသမီးအဖွဲ့ KWAT ရဲ့ ကြေညာချက်မှာ မြေပုံဖြင့် ဖော်ပြထားပုံ။
KWAT
2011-06-22
မြန်မာစစ်တပ်က ကချင်အမျိုးသမီးတွေ အပေါ် အဓမ္မ ပြုကျင့်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်နေတာကို ရပ်တံ့ပေးဖို့ ထိုင်းနိုင်ငံ အခြေစိုက် KWAT ကချင်အမျိုးသမီးများ အဖွဲ့က မနေ့က ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး တောင်းဆို လိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ ကေအိုင်အေ ကချင် လက်နက်ကိုင် တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကချင်ပြည်နယ် တ၀ှမ်းမှာ အမျိုးသမီးတွေ မုဒိမ်းပြုကျင့်ခံရတဲ့ အခြေအနေတွေ ဆိုးဝါး လာနေတယ်လို့ ကချင် အမျိုးသမီးများအဖွဲ့က မရှယ်လီစိုင်းက RFA ကို ပြောပါတယ်။
 
စစ်တပ်သွားလာနေတဲ့ လမ်းကြောင်း တလျှောက်မှာ မြန်မာစစ်တပ်က သတ်လိုက် ဖြတ်လိုက်၊ ယောက်ျားတွေကို ပေါ်တာဆွဲလိုက်၊ အမျိုးသမီးတွေတွေ့ရင် အဖွါးကြီး မကျန် ကလေး မကျန် ရက်စက်စွာ မုဒိမ်း ပြုကျင့်ကြတယ် ဆိုတာကို ကြားသိရကြောင်း မရှယ်လီစိုင်းက ပြောပါတယ်။
ကချင်ပြည်နယ် တ၀ှမ်းမှာ ဇွန်လ ၁၀ ရက်နေ့ ကနေ ၁၈ ရက်နေ့ အထိ အဓမ္မ ပြုလုပ်ခံရတဲ့ ကချင်အမျိုးသမီး အနည်းဆုံး ၁၈ ဦးရှိသွားပြီ ဖြစ်ကြောင်း ကချင် အမျိုးသမီးများ အဖွဲ့က ပြောပါတယ်။ အထူးသဖြင့် မြန်မာ စစ်အစိုးရတပ်တွေ ဖြစ်တဲ့ ခမရ-၂၃၁၊ ၁၄၁၊ ၁၃၉ နဲ့ ၄၃၇ တပ်တွေဟာ ဗန်းမော်ခရိုင် အတွင်းက မြို့နယ် လေးခုမှာ ဒေသခံ အမျိုးသမီးတွေကို အဓိက အဓမ္မ ပြုကျင့်ခဲ့ကြကြောင်း၊ ပြုကျင့်ခံရသူတွေထဲမှာ အသက် ၁၅ နှစ်ကစလို့ ၅၀ ၀န်းကျင် အရွယ်အထိ ပါဝင်ကြောင်း၊ စစ်တပ်ရဲ့ အထက် အမိန့်အရ ကျူးလွန်ခဲ့ကြတာ ဖြစ်နိုင်ကြောင်း KWAT ကချင် အမျိုးသမီးများ အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
KWAT ကချင် အမျိုးသမီးများ အဖွဲ့ရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ အဖွဲ့ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တဦး ဖြစ်တဲ့ မရှယ်လီစိုင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။

Copy from - rfa.org/

မြို့ပြတိုက်ပွဲ KIA စတင်

KIA ၏ စစ်ရေးဗျူဟာပြ မြေပုံ (ဓာတ်ပုံ - RYAN LIBRE)

22 June 2011 ,

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရ စစ်တပ်များ အကြားရှိ နယ်စပ် တိုက်ပွဲများ လျော့နည်း သွားသော်လည်း ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ပေါ်တွင် ဗုံးများ ဖောက်ခွဲခြင်းဖြင့် KIA က မြို့ပြ တိုက်ပွဲအဖြစ် ပြန်လည် စတင်လိုက်ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းနှင့် လူဝင်မှုကြီးကြပ်ရေး ရုံးတွင် ယမန်နေ့ ည ၁၁ နာရီကျော်ခန့်က ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ KIA သို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ၎င်းတို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ သို့သော် လူထုကို မထိခိုက်စေဘဲ ရည်ရွယ်ထားသည့် နေရာများတွင်သာ ဖောက်ခွဲခြင်း ဖြစ်ကြောင်း KIA တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

မြစ်ကြီးနား မြို့မ အမှတ် ၁ ရဲစခန်း ရှေ့တွင် တည်ဆောက် ထားသည့် ဖျက်သိမ်း ထားသော ဆိုင်ခန်းများတွင် ဗုံး ၁ လုံး ပေါက်ကွဲခဲ့ပြီး နောက် ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ရုံးရှေ့တွင်လည်း ဗုံး ၁ လုံး ထပ်မံ ပေါက်ကွဲ ခဲ့သည်ဟု မြစ်ကြီးနား ဒေသခံတဦး၏ အဆိုအရ သိရသည်။

“လူမနေတော့တဲ့ ဆိုင်ခန်းတွေထဲမှာ ပေါက်တာ။ အထိအခိုက် မရှိဘူး” ဟု ၎င်းက ဆိုသည်။

ယနေ့နံနက် မြစ်ကြီးနားမြို့ အခြေအနေမှာ ဈေးဆိုင်တချို့ ပိတ်ထားပြီး ခြောက်သွေ့နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းနှင့် မြို့နယ်မှူး ရုံးသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ပေါက်ကွဲမှု ဟုတ်မှန်ကြောင်း၊ စုံစမ်း အတည်ပြုနေဆဲ ဖြစ်ကြောင်း၊ အသံမိုင်း အဆင့်သာရှိသည့်အတွက် အသေအပျောက် အထိအခိုက် မရှိကြောင်း တာဝန်ရှိသူတဦးက ရှင်းပြသည်။

ယခုဖောက်ခွဲမှုကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်းလည်း အဆိုပါ တာဝန်ရှိသူက မှတ်ချက်ပေး ပြောဆိုသည်။

ကချင်သတင်းစဉ်၏ ယနေ့ သတင်း ထုတ်ပြန်ချက်အရ ယမန်နေ့ ညပိုင်းက မြစ်ကြီးနား - မန္တလေး ရထားလမ်း ပေါ်ရှိ စစ်ရေးအရ အချက်အချာ ကျသော တံတားတစင်းကို KIA က ဖောက်ခွဲလိုက်သည်ဟု သိရသည်။

FP ၏ ကမ္ဘာ့နိုင်ငံ အမည်ပျက် စာရင်းတွင် မြန်မာပါဝင်


အမေရိကန် ၀ါရှင်တန် အခြေစိုက် Foreign Policy ခေါ် နိုင်ငံခြားရေးပေါ်လစီရေးရာ မဂ္ဂဇင်းက ကမ္ဘာတစ်ခုလုံးရှိ နိုင်ငံ အမည်ပျက် စာရင်းကို ရေးသား ထုတ်ဝေရာတွင် မြန်မာနိုင်ငံ ကိုလည်း ထည့်သွင်း ဖေါ်ပြထားသည်။

ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့က ထုတ်ဝေလိုက်သည့် FP မဂ္ဂဇင်းတွင် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၆၀ ကို စာရင်းပြုစု ဖေါ်ပြထားရာတွင် မြန်မာနိုင်ငံကို နံပါတ် ၁၈ နေရာ၌ စာရင်းသွင်း ဖေါ်ပြ ထားခြင်း ဖြစ်သည်။

အဆိုပါ နိုင်ငံများတွင် လူ့ဂုဏ်သိက္ခာကို မလေးစားမှု၊ လုံခြုံရေး ကင်းမဲ့မှု နှင့် ဆင်းရဲမွဲတေ မှုများရှိနေပြီး၊ ပြည်သူများက အသက်ရှင်ရည်တည်ရေး အတွက် နေ့တဓူဝ ရုန်းကန်နေရချိန်တွင် အစိုးရများမှာ သူတို့၏ အာဏာ ရေရှည် တည်မြဲရေးအတွက်သာ လုံးပန်းနေကြကြောင်း ရေးသား ဖေါ်ပြထားသည်။

မြန်မာနိုင်ငံ အကြောင်း ရေသားထားရာတွင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး အစိုးရ ခေါင်းဆောင်သစ်ကို ရွေးချယ် တင်မြှောက်ခဲ့သည်ဟု ဆိုသော်လည်း ဒီမိုကရေစီ အတိုက်အခံ အင်အားစုများကို နည်းမျိုးစုံဖြင့် ကန့်သတ် ချုပ်ချယ် ထားကာ စစ်အစိုးရကသာ နိုင်ငံ၏အာဏာကို ထိမ်းချုပ် ထားဆဲဖြစ်ပြီး၊ တိုင်းပြည်ကို ၂၂ နှစ်ကြာ အုပ်ချုပ်လာခဲ့ကြသည့် စစ်ဗိုလ်ချုပ်ကြီးများမှာ စစ်မှန်သော ဒီမိုကရေစီ အသွင် ကူးပြောင်းရေး နှင့် အမျိုးသား ရင်ကြားစေ့ရေးတို့အတွက် အခွင့် အခါကောင်း တစ်ခုကို တလွဲပြုလုပ် လိုက်ကြကြောင်း ရေးသားဖေါ်ပြထားသည်။

၎င်းအပြင် မြန်မာအစိုးရမှ တိုင်းပြည်ဘဏ္ဍာ၏ ထက်ဝက်နီးပါးကို စစ်တပ်ကို အင်အား ဖြည့်တင်း ရာတွင် အသုံးပြုနေသောကြောင့် တိုင်းပြည် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းမှာ ဆင်းရဲ မွဲတေစွာဖြင့် အသက်ရှင် နေထိုင်နေကြရကြောင်း၊ အစိုးရကို ဆန့်ကျင်သည့် လူထုအုံကြွမှုများ ဖြစ်ပေါ် လာတိုင်း တွင်လည်း ရက်စက်စွာ နှိပ်ကွပ်ပစ်လေ့ ရှိကြောင်းလည်း ရေးသားထားသည်။

Wednesday, June 22, 2011

KIA မှ စစ်သုံ့ပန်း လွှဲပြောင်းပေးအပ်ခြင်း

Copy from - naytthit.net

ဝမ့်ဟိုင်းဌာနချုပ် စီးနင်းသိမ်းပိုက်နိုင်ရန် ဓာတုလက်နက်သုံးသင့်လည်း သုံးရမည်ဟု နေပြည်တော်စစ်ရုံးချုပ်ညွှန်ကြား

SSPP/SSA တပ်သားများ
ဇွန်လ 21 ရက် 2011 ခုနှစ်။

ထိုးစစ်ဆင် တိုက်ခိုက် လာသည့် မြန်မာစစ်တပ်အား ပျောက်ကျား နည်းဖြင့် ၃ လကြာ ခုခံတိုက်ခိုက် နေသော သျှမ်းပြည် တိုးတက်ရေးပါတီ/သျှမ်းပြည် တပ်မတော် (SSPP/SSA) ၏ ဝမ့်ဟိုင်းဌာနချုပ် အား စီးနင်း သိမ်းပိုက် နိုင်ရန် ဓာတုလက်နက် သုံးသင့်လျှင် သုံးရမည်ဟုနေပြည်တော် စစ်ရုံးချုပ်မှ ညွှန်ကြား ထားကြောင်း စစ်ရုံးချုပ် အတွင်းပိုင်း နှင့် ဝင်ဆန့်သည့် အသိုင်းအဝိုင်းက ပြောပါသည်။

“ဝမ့်ဟိုင်းဌာနချုပ် ဒါမှမဟုတ် စဝ်ပန်ဖှရဲ့ဌာနချုပ်ကို သိမ်းပိုက်နိုင်ဖို့ ဓာတုလက်နက်သုံးသင့်ရင်လဲ သုံးရမယ် လို့ ညွှန်ကြားထားတယ်။”

အလားတူ SSPP/SSA ၏ ဝမ့်ဟိုင်း ဌာနချုပ်ကို မဖြစ်မနေ စီးနင်း သိမ်းပိုက်နိုင်ရမည်ဟု လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးမှ အမိန့်ချကြောင်း ရမခတိုင်းရုံးနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။

သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စု တောင်ဘက် SSPP/SSA ၏ အဓိက မဟာဗျူဟာမြောက် လွယ်ဂျန့်ကင့် ၇ မိုင် တပ်စခန်းကို ဂျွန်လ ၃ ရက်နေ့ မြန်မာစစ်တပ် တိုက်ခိုက်ခဲ့စဉ် ကလည်း မြန်မာစစ်တပ်မှ ဓာတုလက်နက် အသုံးပြု ခဲ့ကြောင်း တပ်မဟာ ၃၆ မှ တပ်မှူးတစ်ဦးက အထောက်အထားပြဆို ပြောကြားခဲ့သည်။

တဖက်၌လည်း မြန်မာစစ်တပ်က ဝမ့်ဟိုင်းဌာနချုပ် အနီးသို့ စစ်အင်အားများ ပို့ဆောင် ဖြည့်တင်းလျက်ရှိ သည်။

ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို


၂၀၁၁ ခုနှစ် ဇွန်လ(၂၁)ရက်။

မတရား ဖမ်းဆီး ခံနေရသော ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် ဆန္ဒပြ တောင်းဆိုသည့် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့၌ ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ အထိ ကျင်းပ ခဲ့ကြပါသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ နီးပါး ရှိနေခြင်းဟာ၊ မြန်မာပြည်သူ ပြည်သားများ ကျွန်ဘဝမှ မလွတ်မြောက်နိုင်သေးဘဲ၊ လွတ်လပ်ရေး ဆိတ်သုဉ်းနေကြောင်း မီးမောင်းထိုးပြလျှက်ရှိနေပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ ပထမ အဆင့် အနေနဲ့ နိုင်ငံရေး အကျဉ်းသား(၂၀၀၀)ကျော်အား ချွင်းချက်မရှိ ပြန်လွှတ် ပေးရန်အတွက် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ လစဉ် ၂၁ ရက်နေ့ ကျရောက်တိုင်း အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါသည်။

မတ်လ ၁၁ ရက်နေ့ ငလျင်နဲ့ ဆူနာမိဒဏ်ခံခဲ့ကြရသော ဂျပန်ပြည်သူများကို စာနာ ထောက်ထား သောအားဖြစ် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြ တောင်းဆို လှုပ်ရှားမှုများကို ခေတ္တ ရပ်ဆိုင်းခဲ့ကြပြီးနောက် ယခုတဖန် ဆန္ဒပြ တောင်းဆို လှုပ်ရှားမှုများကို ပြန်လည် စတင်ခဲ့ကြပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် အင်အား ၁၀၀ ကျော်ခန့် တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

Tuesday, June 21, 2011

Fighting Continues between Govt and Kachin Troops


Copy from - irrawaddynews

မြန်မာဒုက္ခသည် ကမ္ဘာပေါ်မှာ ပဉ္စမ အများဆုံး

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ပြေးဒုက္ခသည်များ။.
20 ဇွန် 2011,

ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက် ၄၀၀,၀၀၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အဖွဲ့က ပြောကြားလိုက်ပါတယ်။ ဒီနေ့ကျရောက်တဲ့ အကြိမ် ၆၀ မြောက် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ UNHCR အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ၂၀၁၀ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် အိမ်နီးချင်း တရုတ်နိုင်ငံကို နောက်ဆုံး ထွက်ပြေး ရောက်ရှိနေတဲ့ ဒုက္ခသည် အရေးနဲ့ ပတ်သက်လို့လည်း တရုတ်အစိုးရဘက်က အကူအညီ တောင်းလာရင် ပေးဖို့ အဆင်သင့်ပဲလို့ UNHCR အဖွဲ့ရဲ့ အာရှဒေသ တာဝန်ခံက ပြောဆိုပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကနေ အိမ်နီးချင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေကိုသာမက မလေးရှားနဲ့ တရုတ် နိုင်ငံတွေထဲကိုပါ ဒုက္ခသည်တွေ ထွက်ပြေး ခိုလှုံနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမို့ ဒီအစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း မြန်မာနိုင်ငံက ဒုက္ခသည်တွေ အများအပြား မွေးထုတ်ပေးနေတယ်လို့ အာရှဒေသဆိုင်ရာ UNHCR ပြောခွင့်ရ ကစ်တီ မက်ကင်ဆီ (Kitty McKinsey) က ပြောပါတယ်။

“မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည်တွေ မွေးထုတ်ပေးနေတဲ့ ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်တယ်ဆိုတာ ဒီနေ့ထုတ်ပြန်တဲ့ စာရင်းဇယားတွေကို ကြည့်ရင် သိရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ့် အရှေ့ဂျပန်ငလျင်နှင့် ဆူနာမိ ဘေးဒဏ်သင့်ဒေသသို့ သွားရောက်၍ ကုသိုလ်ကောင်းမှု ဒါနပြု..သတင်း(ဓါတ်ပုံ၊ရုပ်သံ)


Video by - maungwto
(Volunteer to miyagi)19-6-2011/(2) http://www.youtube.com/watch?v=1eIMBKT1Bg8#


Photo by - Tha Htet (BCJP)


Photo by - Branden Brazil (Albums)

Monday, June 20, 2011

တိုင်းရင်းသား ပဋိပက္ခအရေး NLD နှင့် EU ဆွေးနွေးမည်

မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ပေရို ဖက်စီနို (ဓာတ်ပုံ - Piero Fassino)
20 June 2011 ,

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဥရောပ သမဂ္ဂ (EU) ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံသည့်အခါ တိုင်းရင်းသား ဒေသများတွင် လတ်တလော ဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး အမြန်ဖြစ်ပေါ်စေရန် ကူညီပေးရေး ထည့်သွင်း ဆွေးနွေးမည်ဟု သိရသည်။

EU ကိုယ်စားလှယ်အဖွဲ့တွင် EU နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲဖြစ်သူ ကက်သရင်း အက်ရှ်တန်၏ အထူးအကြံပေး အရာရှိ မစ္စတာ ရောဘတ် ကူးပါးက ဦးဆောင်ကာ ယမန်နေ့က နေပြည်တော်သို့ ရောက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ EU အထူးကိုယ်စားလှယ် မစ္စတာ ပေရို ဖက်စီနိုသည်လည်း တရက်စော၍ ကြိုတင်ရောက်ရှိသည်။

EU ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် တာဝန် ရှိသူများနှင့် တွေ့ဆုံရန်ရှိဟု သိရသည်။

“မြန်မာအစိုးရ အာဏာပိုင်တွေရဲ့ စိတ်နေ စိတ်ထားကို အကဲခတ် ချဉ်းကပ် နိုင်ဖို့အတွက် ကျနော်ရဲ့ ပထမဆုံး ကြိုးစားချက် တရပ်ပဲ” ဟု EU သံတမန်တဦးကို ကိုးကားပြီး AFP သတင်းတပုဒ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီးနောက် ပထမဆုံး လာရောက်သည့် EU သံတမန် ကိုယ်စားလှယ် အဖွဲ့နှင့် NLD တို့ တွေ့ဆုံရန် ဇွန်လ ၂၂ ရက်ကို အကြမ်းဖျင်း စီစဉ် ထားကြောင်း NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။

ဦးအုန်းကြိုင်က “EU ကိုယ်စားလှယ်တွေနဲ့ တွေ့တဲ့အခါ ထည့်သွင်း ပြောမှာတွေက ပါတီရဲ့ လက်ရှိရပ်တည်မှု၊ လက်ရှိ အစိုးရအပေါ် သဘောထား၊ ဒီ့အပြင် အခု ကချင်အပါအ၀င် တိုင်းရင်းသား ဒေသတွေမှာ စစ်ပွဲတွေဖြစ်နေတာတွေ အမြန်ဆုံး ရပ်ဆိုင်းဖို့၊ ငြိမ်းချမ်းရေး အမြန်ရဖို့တွေကို ကူညီနိုင်တဲ့ နိုင်ငံတွေကို ကူညီပါလို့ ဆွေးနွေး သွားဖို့ရှိတယ်”

နမ်ဆန်ယန် စရဖရုံး ဗုံးခွဲ တိုက်ခိုက်ခံရ

KIA စနိုက် တပ်သား( Photo - irrawaddy )
ဒီကနေ့ မနက် (၂)နာရီလောက်က မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန် မြို့နယ်ခွဲ နမ်ဆန်ယန် မှာရှိတဲ့ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ရုံးကို ကေအိုင်အေ ဘက်ကနေ ဗုံးခွဲတိုက်ခိုက် ခဲ့ကြောင်း သိရပါတယ်။

ကေအိုင်အေ ဘက်က အဆိုအရ နမ်ဆန်ယန် စရဖ ရုံး ဗုံးခွဲ တိုက်ခိုက်ရာမှာ အစိုးရ စစ်တပ်မှ (၅)ဦး သေဆုံးတယ်လို့ ဆိုပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုချက့် ရယူခြင်း မရှိသေးပါဘူး။ ကေအိုင်အေ နဲ့ အစိုးရ စစ်တပ်အကြား အပြန်အလှန် တိုက်ခိုက်မှုတွေ နေ့စဉ် ဆက်တိုက် ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

စနေနေ့ နေ့လည်ပိုင်းကလည်း တနေ့လုံး လိုလို ရွှေကူမြို့နယ် ပန်ဒန် ရွာအနီး တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ရာမှာ အစိုးရတပ်ဘက်က (၃)ဦး မိုင်းနင်းမိပြီး သေဆုံးကာ နောက်ထပ် သေဆုံး ထိခိုက် ဒဏ်ရာရသူ (၆)ဦး ထပ်မှန်ရှိခဲ့တယ်လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

သတင်းရကင်းမြစ် - ဘီဘီစီ

ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အရှေ့ဂျပန်ငလျင်နှင့် ဆူနာမိ ဘေးဒဏ်သင့်ဒေသသို့ သွားရောက်၍ ကုသိုလ်ကောင်းမှု ဒါနပြု..

၂၀၁၁ ခုနှစ် ဇွန်လ(၁၉)ရက်။

အမျိုးသားခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် ဂျပန်ရောက် မြန်မာနိုင်ငံသားများတို့မှ စုစည်း၍ မြန်မာ့ ယဉ်ကျေးမှု ထုံတမ်း စဉ်လာနှင့်အညီ ဂျပန်ငလျင်နှင့် ဆူနာမိ ဘေးဒဏ်သင့် ဒေသသို့ သွားရောက် ကုသိုလ်ကောင်းမှု ဒါန ပြုခဲ့ကြပါသည်။


ခရီးစဉ်ကို ၂၀၁၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့(စနေနေ့) ည နာရီတွင် တိုကျိုမှ စတင်ထွက်ခွါခဲ့ပြီး ဇွန်လ ၁၉ ရက်(တနင်္ဂနွေနေ့) မနက်တွင် သတ်မှတ်နေရာ Miyagi Kan, Ishinomaki Volunteer Center သို့ ရောက်ရှိခဲ့ပါသည်။ ငလျင်ဘေးဒဏ်သင့် ဒုက္ခသည် ၆၀၀ ခန့်အား အစားအသောက် ချက်ပြုတ် ကြွေးမွေး လှူဒန်းခဲ့ပြီး.....
ထမင်း ချက်ပြုတ် ကျွေးမွေးသည့် လှူဒန်းသည့် မြန်မာနိုင်ငံသားများ လုပ်အားပေးအဖွဲ့
ထမင်းဟင်းများ နှင့်အတူ တိုကျိုမှ တပါးတည်း ယူဆောင်လာခဲ့သော ရေသန့်ဗူး ၊ ရေနွေးကြမ်ဗူး၊ အသီးအနှံ သစ်သီးစုံများကိုပါ ပူးတွဲ၍ ဝေဌါခဲ့ကြပါသည်။

ဆက်လက်ပြီး Miyagi ke ခရိုင် Ishinomaki-shi  Kitakami-Machi Aikawa-chiku ဒေသရှိ Aikawaချောင်းဆွယ် တခုတွင် ဆူနာမိ ဒဏ်ကြောင့် စုပုံရောက်ရှိလာသော ချောင်းဆွယ် အတွင်းနှင့် ပတ်ဝန်းကျင်ရှိ အမှိုက်သရိုက် ပေါင်းစုံတို့ကို အင်းအား ၁၃၀ ကျော်ရှိ မြန်မာနိုင်ငံသားများ လုပ်အားပေး အဖွဲ့များတို့မှ ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် နေ့တွင် လုပ်အားဒါနဖြစ် တနေ့တာ အားတက်သရော် လုပ်အားပေးလှူ ခဲ့ကြပါသည်။

Aikawa ချောင်းဆုံ ပတ်ဝန်းကျင် လုပ်အားလှူဒန်းခဲ့ကြသည့် မြန်မာနိုင်ငံသားများ
ကိုယ့်မွေးဖွါး ကြီးပြင်းခဲ့တဲ နိုင်ငံမှာရှိ ပြည်သူတွေနဲ့ မိသားစုတွေကို မမေ့မလျော့ပဲ ကူညီ ထောက်ပံ့ နေကြသလို လက်ရှိ ကိုယ်နေသည့် အသိုင်း အ၀ိုင်းမှာ ငလျင်နဲ့ ဆူနာမိ ဒဏ်ကြောင့် ဒေသတွင်း ပြည်သူများ၏ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရုံမက လူနေမှု ဘ၀ကိုပါ ဖျက်ဆီး ခဲ့သည်အထိ ကြီးမားသည့် ဆုံးရှုံးမှုကြီးတွေကို မြင်တွေ့ ခဲ့ကြသည့်အခါမှာ ကိုယ့်ရှေ့မှာ ဒုက္ခရောက်နေသူတွေ အခက်အခဲ့ တွေ့နေကြရသူတွေကို ကူညီရမယ်ဆိုတဲ အသိစိတ်နဲ့ ကူညီ လုပ်ဆောင် နေကြသည့် မွန်မြတ်သော မြန်မာများတို့၏ စိတ်ထားကို အထူးလေးစား ဂုဏ်ယူမိပါတယ်။

လုပ်အားပေး ခရီးစဉ်တွင် ချက်ပြုတ်ကျွေးမွေး လှူဒန်းရန်အတွက် ပစ္စည်းတင်ကား တစ်စီး အပါအ၀င် လူစီးကား ၄ စီးဖြစ် တိုကျိုရှိ မြန်မာနိုင်ငံသူ နိုင်ငံသားများ အင်အား ၁၅၉ ဦးဖြစ် သွားရောက် လုပ်အားပေး  အလှူဒါနပြုခဲ့ကြပြီး ည ၁၁း၄၀ နာရီတွင် တိုကျိုသို့ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Tha Htet (BCJP)

သတင်းမီဒီယာ အဖွဲ့များမှ စုပေါင်း ရိုက်ကူထားသည့် ဓါတ်ပုံနှင့် ရုပ်သံ မှတ်တမ်းများတို့ကို မကြာမည် ဆက်လက်ဖေါ်ပြ သွားမည် ဖြစ်ပါသည်။

Sunday, June 19, 2011

Daw Aung San Suu Kyi 66th Birthday Wishes from New York


Uploaded by KoNiknayman on Jun 17, 2011

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ video message for မဲဆောက်1

၆၆နှစ်မြောက်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဂုဏ်ပြုကဗျာများ

Poems for Daw Aung San Suu Kyi

Saturday, June 18, 2011

ထောင်သားများကို အရေးပေါ် ခေါ်ထုတ်

အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူ တဦးဖြစ်ပြီး စစ်ပွဲဖြစ်နေချိန်တွင် ရန်ကုန် အင်းစိန်ထောင်တွင်းမှ အကျဉ်းသား ၁၅ဝ ကျော်ကို အာဏာပိုင်များ အရေးပေါ် ခေါ်ထုတ် (ဓါတ်ပုံ မဇ္ဈိမ)

ဇွန်လ ၁၇ ရက် ၂၀၁၁ ခုနှစ်,

ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့နှင့် ဖြစ်ပွားနေသော စစ်ပွဲများတွင် အသုံးပြုရန်ဟု သံသယရှိဖွယ်ဖြစ်သော ရန်ကုန် အင်းစိန်ထောင်တွင်းမှ အကျဉ်းသား ၁၅ဝ ကျော်ကို အာဏာပိုင်များက အလျင်စလို ခေါ်ယူသွားမှု ကြာသပတေးနေ့ နံနက်က ဖြစ်ခဲ့သည်။

နံနက်ပိုင်း တန်းစီချိန်တွင် လူရွေးခေါ်သွားခြင်း ဖြစ်ပြီး နှစ်ရှည်ပြစ်ဒဏ်ကျ အကျဉ်းသား အများစု ပါဝင်သည်။ လက်နက်ကိုင်ရဲများ စောင့်ကြပ်လိုက်ပါသော ကုန်တင်ကားကြီး နှစ်စီးဖြင့် ထောင်သားများကို ခေါ်ထုတ်သွားခြင်း ဖြစ်ကာ မည်သည့်နေရာသို့ ခေါ်ဆောင်မည်ကို အကျဉ်းဦးစီး အရာရှိများက ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။

“အင်းစိန်ရဲ့ အရှေ့ဘက်ကို မောင်းသွားတယ်။ ထောင်တာဝန်ကျ ဝန်ထမ်းတွေ မပါဘူး။ ထောင်ကားလည်း မဟုတ်ဘူး” ဟု မျက်မြင်တွေ့လိုက်ရသူ တဦးက ပြောသည်။

Friday, June 17, 2011

KIA အပေါ် ထိုးစစ်ဆင်နေတာ ရပ်တန့်ဖို့ အမေရိကန် တောင်းဆို

16 ဇွန် 2011,

မြန်မာ အစိုးရတပ်တွေ အနေနဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ကို ထိုးစစ်ဆင် တိုက်ခိုက် နေတာတွေ ချက်ချင်း ရပ်တန့်ဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေတွေကို အမေရိကန်အစိုးရ အနေနဲ့ သတိထား စောင့်ကြည့်နေတဲ့အကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။ ဒီအကြောင်းနဲ့အတူ ကချင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြ ပေးထားပါတယ်။

ကချင်ပြည်နယ် အတွင်း မြန်မာအစိုးရ တပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ဒုက္ခသည်တွေ သောင်းနဲ့ချီ တရုတ်နိုင်ငံထဲကို ထွက်ပြေးလာနေတဲ့ အချိန်မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာအစိုးရကို အခုလို တောင်းဆိုလိုက်တာပါ။

အမေရိကန်အစိုးရ အနေနဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့် လေ့လာနေတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ကယ်လီ မက်ကဲလော့ဂ် (Kelly McKellog) က ပြောပါတယ်။

“ကချင်ပြည်နယ်အတွင်း အခြေအနေတွေဟာ အမျိုးမျိုး ပြောင်းလဲလာနိုင်တာကြောင့် အမေရိကန်ပြည်ထောင်စု အနေနဲ့ အခြေအနေတွေကို သတိထား စောင့်ကြည့်နေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကတည်းက မြန်မာအစိုးရ တပ်တွေနဲ့ ကချင်လက်နက်ကိုင် အဖွဲ့အကြားမှာ တိုက်ပွဲဖြစ်နေတယ် ဆိုတာကို ကျမတို့ ကြားသိရပါတယ်။ အရေအတွက် အတည်ပြုလို့ မရနိုင်တဲ့ မြန်မာဒုက္ခသည်တွေလည်း တရုတ်နိုင်ငံထဲကို ထွက်ပြေးကြတယ် ဆိုတာကို ကျမတို့ သိပါတယ်။

“ဒါကြောင့် မြန်မာအစိုးရ အနေနဲ့ ဒီတိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်စေမယ့် တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့ အမေရိကန်က တောင်းဆိုပါတယ်။”

နေပြည်တော်အတွင်းရေး - ဇွန်(၁၅)။တော်တော်လေးအထိနာသွားပုံရတယ် ဗမာ့တပ်မတော်က တရုတ်ကြီးကို စတင် အကူအညီတောင်းနေပြီ။

from_China_in_the_attack_on_KIA__MaungShein_ordered_to_get_ammtns_Heavy_weapons_from_loan__MAH_order_3_500_prisnrs_including_pltica_prisnrs___-_blog

KIO က တံတား ၁ဝ စင်း ဖျက်ဆီး၊ ၆ ဦးဖမ်းထား

လက်နက်ကြီးနှင့် တင့်ကားများ သယ်ယူမှုမပြုနိုင်အောင် တံတား ၁၀ စင်းဖျက်ဆီး၍ ဟန့်တား၊ ဗိုလ်အဆင့်ရှိသူ တဦးနှင့် လူ ၆ဦးကို KIO မှ ဖမ်းဆီးထိန်းသိမ်းထား (ဓါတ်ပုံ : jinghpawkasa.blogspot.com)

“၁ဝ ခု ပတ်ဝန်းကျင်တော့ ရှိပြီ။ ဒါပေမဲ့ ကျနော်တို့က အများပြည်သူ ခက်ခဲ သွားလောက်တဲ့ အခြေအနေ မဖြစ်ဖို့၊ သူတို့ စစ်အင်အားတွေ မဝင်ရောက်နိုင်တဲ့ တံတားတွေပဲ ဖျက်ဆီးတာပါ။ စစ်ဆင်ရေးနည်း တခုပဲ။ ပြည်သူ တွေလည်း ဖြတ်သွား နိုင်အောင်တော့ လုပ်ထားတာ။ အဲဒါကြောင့် အကုန်မဖျက်နဲ့၊ တင့်ကားတွေ မဖြတ် နိုင်အောင်ဘဲ လုပ်ပါလို့ ညွှန်ကြားထားတာပဲ” ဟု KIO မှ ဒုဗိုလ်မှူးကြီး ယော်ထုံက မဇ္ဈိမကို ပြောသည်။
Photo by - jinghpawkasa.blogspot.com
ကချင်ပြည်နယ် ဖားကန့်၊ မိုးမောက်နှင့် ဝိုင်းမော် စသည့် မြို့နယ်များအတွင်းရှိ ပျဉ်တံတား၊ ကွန်ကရစ် တံတားနှင့် ကြိုးတံတားများကို ဖျက်ဆီး ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

ခြေမြန် တပ်ရင်း ၃၄၂ စခန်းမှူး ဗိုလ်သီဟနိုင် ခေါ် သက်နိုင်အောင်၊ တပ်သား ထွန်းဇော်၊ တပ်သား ဖြိုးဝေအောင်တို့ကို ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ဝါးရွာအနီး ကချင်တပ်က ကြာသပတေးနေ့ မွန်းလွဲတွင် ဖမ်းမိ ခဲ့ခြင်းဖြစ်သည်ဟု KIO ဗဟိုကော်မတီဝင် ဦးလနန်က ပြောသည်။

ထို့အပြင် အဆိုပါစစ်သားများနှင့် အတူတွေ့ရှိရသော အရပ်သား ၃ ဦးကိုပါ ထိန်းသိမ်းထားသည်ဟု သူက ထပ်ပြောသည်။
KIA ဖျက်ဆီးလိုက်သော တံတားများ
မိုးမောက်မြို့နယ် တာပိန်မြစ် ရေကာတာ စီမံကိန်းသို့ ဖြတ်သွားသည့် နမ်ဖတ်ခချောင်း ကြိုးတံတား
ဝိုင်းမော်မြို့နယ်ရှိ မရမ်းချောင်း တံတား
ဝိုင်းမော်-လိုင်ဇာသွား လမ်းပေါ်ရှိ မလီချောင်း တံတား
ဝိုင်းမော်-ကန်ပိုင်တီ လမ်းပေါ်ရှိ လန်နုချောင်း တံတား
ရှမ်းပြည်နယ် တာမိုးညဲ-မုန်းစီ ကားလမ်းပေါ်ရှိ နမ်ဆာချောင်း တံတား
ဖားကန့်မြို့နယ် ကားမိုင်း-လုံးခင်းကြားရှိ တံတား
ဖားကန့်-ဂွီခါကားလမ်းပေါ် ဟိုပင်နှင့် နမွမ်းကျေးရွာကြားရှိ တံတား
ဝါရာဇွပ်-ဘန်ကောက်ကျေးရွာအကြား နမ်ဆန်ချောင်း ကွန်ကရစ်တံတား
ဝါရာဇွပ်- ဘန်ကောက်ကျေးရွာအကြား နမ်ဆန်ရွာအဝင် နမ်ဆမ်ခချောင်း ပျဉ်တံတား
၁၀ချီဖွေမြို့နယ် တောင်ဘက် ၅၉ မိုင် မေခမြစ်ကူး ကြိုးတံတား

KIO က ဖောက်ခွဲခဲ့သော တံတားများမှာ မိုးမောက်မြို့နယ် တာပိန်မြစ် ရေကာတာ စီမံကိန်းကို ဖြတ်သွားသည့် နမ်ဖတ်ခချောင်း ကြိုးတံတား၊ ဝိုင်းမော်ရှိ မရမ်းချောင်း တံတား၊ ဝိုင်းမော်-လိုင်ဇာ လမ်းပေါ်ရှိ မလိချောင်း တံတား၊ ဝိုင်းမော်-ကန်ပိုင်တီ လမ်းရှိ လန်နုချောင်း တံတား၊ ရှမ်းပြည် တာမိုးညဲ-မုန်းစီ လမ်းပေါ်ရှိ နမ်ဆာချောင်း တံတား၊ ဖားကန့် ကားမိုင်း-လုံးခင်းကြားရှိ တံတား၊ ဖားကန့်-ဂွီခါ လမ်းပေါ် ဟိုပင်နှင့် နမွမ်းရွာကြားရှိ တံတား၊ ဝါရာဇွပ်-ဘန်ကောက်ရွာ အကြား နမ်ဆန်ချောင်း ကွန်ကရစ်တံတား၊ ဝါရာဇွပ်-ဘန်ကောက်ရွာ အကြား နမ်ဆန်ရွာအဝင် နမ်ဆမ်ခ ချောင်း ပျဉ်တံတားနှင့် ချီဖွေ မြို့နယ် တောင်ဘက် ၅၉ မိုင်မေခ မြစ်ကူး ကြိုး တံတားတို့ ဖြစ်သည်။

သို့သော်လည်း အစောပိုင်းက တံတားဖျက်စီးမှု အချို့တွင် ထိရောက်မှု အနည်းငယ်သာ ရှိခဲ့သည်ဟုဒေသတွင်း စစ်ရေး လေ့လာသူ များက ပြောသည်။

Thursday, June 16, 2011

“ဒီနေရာကို သူတို့ လိုချင်တယ်”

KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်
16 June 2011 ,

ကချင်ပြည်နယ်တွင် မြန်မာ့ တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တို့ အကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေသည်မှာ တပတ်ကြာပြီ ဖြစ်သည်။

ဤအခြေအနေတွင် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က တိုက်ပွဲများ ဖြစ်ပွားမှု၊ KIA ၏ ပြင်ဆင်မှု၊ စစ်ရေး မဟာမိတ် အဖွဲ့များ၊ တရုတ် နိုင်ငံ၏ အနေအထား၊ စစ်သုံ့ပန်း စသည်တို့နှင့် ပတ်သက်ပြီး ဧရာဝတီကို ပြောပြသည်။

ဧရာဝတီ၏ အကြီးတန်းသတင်းထောက် ဝေမိုးက ယနေ့ ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။

မေး ။ ။ ဒီနေ့ရော တိုက်ပွဲတွေ ထပ်ဖြစ်သေးလား။

ဖြေ ။ ။ နယ်ဘက်မှာတော့ ဖြစ်တယ်။ ကျနော်တို့ (KIA ဌာနချုပ်) နားမှာတော့ မဖြစ်ဘူး။ သူတို့ကတော့ ကောင်းကောင်း ဖြေရှင်းပေးမယ် လို့ မြို့ထဲမှာတော့ ပြောနေတယ်။ လေသံပစ်နေတာကတော့ ညှိမယ်လို့ ပြောနေတာပဲ။ ဘယ်လို ပုံစံလာမလဲတော့ မသိဘူး။ လုပ်မယ်ပဲ လေသံ ပစ်နေတယ်။ ဘာမှ မလုပ်သေးဘူး။ တပ်တွေ အများကြီး ချနေတယ်။ နေရာတကာပေါ့။ တပ်တွေကတော့ တောက်လျှောက် တိုးနေတယ်။

မေး ။ ။ ၉ ရက်နေ့မှာ တိုက်ပွဲ စဖြစ်တယ်၊ ဒီကြားထဲ တိုက်ပွဲ မဖြစ်တဲ့ရက် ရှိသလား။

ဖြေ ။ ။ မရှိဘူး။ တောက်လျှောက်ပဲ (ဖြစ်နေတယ်)။ ကျနော်တို့က တန်ပြန်ပြီးတော့ ပြောက်ကျားတွေ လုပ်နေတယ်။ ပြောက်ကျားနဲ့ တန်ပြန် ခုခံ ကာကွယ်စစ်။

မေး ။ ။ သူတို့က ဘာကြောင့် တာပိန် ရေအားလျှပ်စစ် စီမံကိန်း ရှိတဲ့ ဒေသကို အဓိက ဦးတည်ပြီး တိုက်နေတာလဲ။

ဖြေ ။ ။ ခွင်တခုလုံး လုပ်ဖို့အတွက် ဒီ တာပိန်က နာမည်တပ်တာပဲ။ အားလုံးကို ဖြိုခွင်းဖို့ပဲ ရည်ရွယ်တာပါ။ သူတို့က ဒီဟာကို ခေါင်းစဉ် လုပ်ပြီးတော့ တကယ်ကို ထိုးစစ်ကြီး လုပ်ပြီးတော့ ကြိုးစားနေတာ။ ဒါ ပထမ အဆင့် မအောင်မြင်တော့ သူတို့က နည်းနည်း ဗျူဟာ ပြောင်းနေတာပဲ ရှိတယ်။

မေး ။ ။ အစိုးရဘက်က တပ်ရင်းဘယ်နှစ်ခုနဲ့ ဆိုင်ထားလဲ။

ဖြေ ။ ။ တပ်ရင်း ၆ ခုလောက် ရှိတယ်။ အခုက ၃၃ တို့၊ ၆၆ တို့၊ ၂၂ တို့ အများကြီး ပြန်တက်လာပြီ။

မေး။ ။ တိုက်ပွဲအတွင်းမှာ အစိုးရတပ်က ရဲဘော်တွေကို KIA က ဖမ်းမိထားတယ် ဆိုတာ ဟုတ်ပါသလား။

ဖြေ။ ။ ၆ ယောက်ပါ။ Lieutenant (ဗိုလ်) တယောက် ပါတယ်။ အားလုံး ၆ ယောက်။ ကျနော်တို့ အခုမှ နောက်တန်း စခန်းကို ပို့ဖို့ ပြောနေတယ်။ ခလရ လား၊ ခမရ လား၊ ၃၁၄ ဖြစ်မယ်။ နမ့်ကျိုတပ်ကလို့ ပြောတယ်။ အခုမှ ရှေ့တန်းကနေ သတင်း ပို့နေတယ် ဆိုတော့ ၆ ယောက်တော့ သေချာသွားပြီ။ ခဏနေရင် နောက်တန်းကို ပြန်ရောက်လာရင်တော့ အကုန် အစုံသိရမယ်။

မေး ။ ။ တရုတ်အစိုးရက ဒေသ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး ဆိုတာ အမြဲ ပြောတယ်လေ။ ဒီကိစ္စက တရုတ် အစိုးရရဲ့ ပြောဆိုချက်တွေ ဂရုမစိုက်ဘဲ လုပ်တဲ့ သဘောမျိုးလား။ ရှေ့လျှောက်ရော ဘာတွေ ဆက်ဖြစ်မယ်လို့ ခန့်မှန်းထားလဲ။

မြန်မာ့တပ်မတော်သားများသို့ KIA၏ ကမ်းလှမ်းချက် ထုတ်ပြန်

15 June 2011 ,

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ဘုံရန်သူ မြန်မာ့တပ်မတော်အား ၎င်းသို့ထံ ပူးပေါင်းရန် ဆန္ဒ ရှိသူအား ကြိုဆိုလျက် ရှိကြောင်း ကြေညာချက်အား ယနေ့ ထုတ်ပြန် လိုက်သည်။

“ရှေ့တန်း စစ်မျက်နှာပြင်၌ မလွှဲမရှောင် ရင်ဆိုင်တိုက်ခိုက်စဉ် KIA တပ်မတော်ထံသို့ ပူးပေါင်း ဝင်ရောက်လာသော မြန်မာ့ တပ်မတော်သားများ အားလုံးကို နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကြိုဆို လက်ခံသွားမည် ဖြစ်ပါသည်။” ဟု ရေးသား ဖော်ပြထားသည်။
ယင်းကြေညာချက်နှင့် ပက်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ နိုင်ငံရေး ပြောရေး ဆိုခွင့်ရှိသူ ဒူကဘာလနန်မှ “ကျတော်တို့ တပ်အသီးသီးကို ပေးပို့ ထားလိုက်ပြီ။ ဒါဟာ ကျတော်တို့ လုပ်ဖို့ လိုအပ်လာလို့ လုပ်ရတာပါ။” ဟု ဆိုသည်။

ရှေ့တန်းရောက် KIA အရာရှိ တစ်ဦးကမူ “မနက်က ၀rder ကျတယ်၊ ပူးပေါင်း လာတဲ့လူတွေကို ကောင်းကောင်း မွန်မွန် လက်ခံဖို့၊ ဒဏ်ရာရလာတဲ့ သူတွေကို နောက်တန်းကို အမြန်ဆုံးပို့ဖို့” ဟု ပြောသည်။

ကြေညာချက်တွင် အချက် (၆)ချက်ကို ဖော်ပြထားပြီး ယခု နှစ်ဖက်ကြား စစ်ရေး ဖြစ်ပေါ်နေခြင်းသည် KIA အနေဖြင့် စစ်မှန်သော ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အာဏာရှင် အစိုးရအား နိုင်ငံရေးအရ တော်လှန် နေခြင်းသာ ဖြစ်ကြောင်း ဆိုသည်။

တစ်ဆက်တည်းမှာပင် လွတ်လပ်၍ တရားမျှတသော ပြည်ထောင်စု နိုင်ငံတော် သစ်ဆီသို့ လျင်မြန်စွာ ရောက်ရှိရေး အာဏာရှင်စနစ် ကွယ်ပျောက်ရန် လိုအပ်သည်ဟု KIA ယုံကြည်ချက် ပါရှိသည်။

Copy from - kachinnews.com

ကော့ကရိတ်နဲ့ လှိုင်းဘွဲမြို့နယ်တွေထဲက တိုက်ပွဲ ၂ ပွဲ


ကရင်ပြည်နယ် ကော့ကရိတ်မြို့ ရန်ကုတ် ကျေးရွာအနီးမှာ ဒီကေဘီအေ စစ်ဗျူဟာ (၂) ဗိုလ်မှူး ကြီး ကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့တွေက ကြံ့ဖွတ်အစိုးရ တပ်တို့ ဒီကနေ့ ဇွန်လ ၁၅ ရက် ညနေ ၃ နာရီခွဲမှ ၅ နာရီထိ ဝင်ရောက် တိုက်ခိုက် ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီကေဘီအေ ဘက်က ထိခိုက်မှု မရှိဆိုတာ သိရှိရပြီး ကြံ့ဖွတ် အစိုးရ စစ်တပ်ဘက်မှ ထိခိုက်မှု အခြေအနေကို မသိရှိရသေးပါ။

အလားတူး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ထဲက ပိန်းနွယ်ကုန်းရွာ အနီးမှာ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့မှာပဲ မနက် ၈ နာရီမှ ၉ နာရီခန့်အထိ ဒီကေဘီအေ ကေအန်ယူ ပူးပေါင်း တပ်ဖွဲ့တွေနဲ့ နဖူး စခန်းထိုင်တပ် ကြံ့ဖွတ် အစိုးရ စစ်တပ် အင်အား တချို့နဲ့ တိုက်ပွဲတပွဲ ဖြစ်ပွား ခဲ့ပါသေးတယ်။ ဒီပွဲမှာ ကြံ့ဖွတ် စစ်တပ်ဘက်မှ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒီကေဘီအေ သတင်းရပ်ကွက် ပြောပြချက်အရ သိရှိရပါတယ်။

Copy from - naytthit.net