Saturday, September 24, 2011

အသုံးမ၀င်တဲ့ မှတ်ပုံတင်နဲ့ ခရီးသွားတွေရဲ့ ဒုက္ခ

September 23, 2011 ,

ကျနော်က ရန်ကုန်ကနေ ကော့သောင်းကို အရေးကြီးကိစ္စနဲ့ ခရီးသွားရပါတယ်။  ရန်ကုန်ကနေ မော်လမြိုင်အထိ ဘာမှ ပြဿနာ မရှိပေမယ့် မော်လမြိုင်လွန်တာနဲ့ လ၀ကနဲ့ လူကုန်ကူး တားဆီးရေး ဆိုတဲ့အဖွဲ့တွေ တောက်လျှောက် လာစစ်တယ်။ မှတ်ပုံတင် တစောင်ကို ၅၀၀ ကနေ ၁၀၀၀ အထိ ပေးဆောင်ပြီး ခရီးသွားရတယ်။

ပိုဆိုးလာတဲ့နေရာက ထားဝယ်အ၀င်မှာပါ။ မှတ်ပုံတင်နယ်ခြားကို ၅၀၀၀ ကောင်းကောင်း မတောင်းဘူး။ ဟိန်းဟောက် ခြောက်လှန့်ပြီး တောင်းတယ်။ ပေးတဲ့လူတွေ ပေးတယ်။ ကျနော်ကတော့ မပေးဘူး။ စကားတော်တော်များ လိုက်တယ်။ မှတ်ပုံတင် ထားခဲ့လိုက်တယ်။ တိုင်းရဲစခန်းကို သွားအမှု ဖွင့်တယ်။ မှတ်တမ်း ရေးပေးပါ့မယ်ဆိုပြီး ရေးပေးတယ်။ ထားဝယ်မှာ သုံးရက်ကြာတယ်။

တိုင်းရုံးက ထောက်ခံစာ ရေးပေး လိုက်တယ်။ ကော့သောင်း ရောက်တော့ လူကုန်ကူး တားဆီးရေးအဖွဲ့ ရဲတွေက ကျနော့် ထောက်ခံစာကို လုံးခြေ လွှတ်ပစ်လိုက်ပြီး မင်း ရန်ကုန်ပြန်ရမယ်၊ ကော့သောင်း မ၀င်ရဘူးဆိုပြီး သီရိမြိုင်အုပ်ချုပ်ရေးမှူးရုံးမှာ သွားချုပ်ထားတယ်။ မင်းတို့ ထွက်ချင်ရင် မှတ်ပုံတင်တစောင်ကို ၇ သောင်း ဆိုပြီး လာပြောတယ်။ ကောင်မလေးတွေကိုတော့ မှတ်ပုံတင် တစောင် ငါးသောင်းနဲ့ တည့်ပြီး လာထုတ်သွားတယ်။ ခဏနေတော့မှ ကျနော့်သူငယ်ချင်း ရောက်လာလို့ ကျနော် ထွက်ရတယ်။

ခရီးသွားတွေ စိတ်ချမ်းသာမလား။ မှတ်ပုံတင်က မြန်မာပြည်မှာ သုံးမရဘူးလား။ တဖက်နိုင်ငံ ခိုးထွက်မဲ့သူတွေ ဘယ်နေရာကနေ တားသင့်သလဲ။ အသုံးမ၀င်တဲ့ ဒီမှတ်ပုံတင် ဘာလို့ ထုတ်ပေးနေမလဲ။ အခုလို လာဘ်စားပြီး ရိုင်းပြတဲ့ ၀န်ထမ်းတွေကို ဘယ်လို အရေးယူမလဲ။ သမ္မတကြီးနဲ့ တိုင်းမှူးကြီး သိအောင် ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။
ဒီဗွီဘီ ပေးစာ  

ခရီးသည်တဦး

0 comments: