Saturday, September 17, 2011

ဧရာဝတီမြစ် ပျက်စီး​မည်ကို ပညာရှင်များ​ စိုး​ရိမ်



September 16, 2011,

ဧရာဝတီမြစ် ပျက်စီး​မှာကို စိုး​ရိမ်တဲ့​ ပညာရှင်​တွေနဲ့​ သဘာဝ ပတ်ဝန်း​ကျင် ထိန်း​သိမ်း ​စောင့်​ရှောက်​ရေး​ လှုပ်ရှား​ သူ​တွေက ကန့်​ကွက်​ နေကြ​ပေမယ့်​ ဧရာဝတီမြစ်ဆုံ ​ရေအား​ လျှပ်စစ်စီမံကိန်း​ကို မဖြစ်မ​နေ အကောင်အထည်​ ဖော်မယ်လို့​ လျှပ်စစ် စွမ်း​အား​ဝန်ကြီး​က ​ပြောတဲ့​အပြင် စက်မှုဖွံ့​ဖြိုးရေး ​ဝန်ကြီး​ကလည်း​ လွှတ်​တော်မှာ ​ပြောလိုက်ပြန်ပါပြီ။

သဘာဝ ပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ ပညာရှင်တဦး​က​တော့​ ဒီစီမံကိန်း​ကြောင့်​ ထိခိုက် ပျက်စီး​မှု ကြီး​မား​နိုင်တယ်လို့​ ​ပြောကြား​လိုက်ပါတယ်။

မြစ်ဆုံ စီမံကိန်း​က​နေ လျှပ်စစ်ဓာတ်အား​ ၁၈,၀၀၀ ထွက်ရှိမယ်၊​ မြစ်​ရေရဲ့​ ၇ ရာခိုင်နှုန်း​ကိုပဲ သုံး​မှာဖြစ်လို့​ စနစ်တကျ တွက်ချက်ပြီး​မှ ​ဆောင်ရွက်တာလို့​ စက်မှုဖွံ့​ဖြိုး​ရေး​ ဝန်ကြီး​ဌာန ဝန်ကြီး​ ဒုတိယဗိုလ်ချုပ်ကြီး​သိန်း​ဌေး​က ကြာသပ​တေး​နေ့​ ပြည်သူ့​လွှတ်​တော် အစည်း​အဝေး​မှာ ​ပြောကြား​သွား​ပါတယ်။

အမှတ် ၁ လျှပ်စစ် စွမ်း​အား​ဝန်ကြီး​ဌာန ဝန်ကြီး​ ဦး​ဇော်မင်း​ကလည်း​ တနင်္ဂ​နွေ​နေ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ဒီစီမံကိန်း​ ဘယ်လို ကန့်​ကွက်မှု​တွေပဲ ရှိရှိ မဖြစ်မ​နေ လုပ်မယ်လို့​ ​ပြောခဲ့​ပါတယ်။

သဘာဝ ပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ ပညာရှင်တဦး​ဖြစ်တဲ့​ ဦး​အုန်း​က​တော့​ ဧရာဝတီမြစ်ဆုံ ​အောက်ခံ​မြေဟာ မခိုင်မာဘူး။ စစ်ကိုင်း ​မြေလွှာပြတ်​ရွေ့​ကြောကြီး​နဲ့​ ဆက်စပ်​နေလို့​ ငလျင် လှုပ်နိုင်တဲ့​အတွက် အန္တရာယ် ကြီး​မား​တယ်လို့​ ရှင်း​လင်း​ ပြောကြား​ပါတယ်။


“နံပါတ် ၁ အချက်က​တော့​ ​ရေကာတာ​ ဆောက်မယ့်​ ခံနေတဲ့ မြေသားက မခိုင်တဲ့​အတွက် ​ရေစိမ့်​မယ်၊​ ငလျင်လှုပ်မယ်၊​ ​နောက်ပိုင်း​ ​ရေကြီး​မယ်၊ နုန်း​တွေ များ​လာမယ်၊ ​နောက်ဆုံး​ မြစ်ဆုံက​နေ  ဧရာဝတီ မြစ်ဝကျွန်း​ပေါ် ထိ​အောင် ​တောက်​လျှောက် ထိခိုက်မှု​တွေ ရှိနိုင်တယ်။”

ဦး​အုန်း​ရည်ညွှန်း​သွား​တဲ့​ စစ်ကိုင်း​ပြတ်​ရွေ့​ကြောဟာ မြန်မာပြည် အလယ်ပိုင်း​ တ​လျှောက် တည်ရှိ​နေတဲ့​ အဓိက​ မြေလွှာပြတ်​ရွေ့​ကြောဖြစ်ပြီး​ ဒီပြတ်​ရွေ့​ကြော လှုပ်ရှား​မှု​ကြောင့်​ ၁၉၃၀ ပြည့်​ နှစ်တုန်း​က ရစ်ခ်ျတာ စ​ကေး​ ၇ ဒဿမ ၃ အဆင့်​ရှိတဲ့​ ငလျင်လှုပ်ဖူး​ပါတယ်။

မြစ်ဆုံ​ရေကာတာ တည်​ဆောက်ဖြစ်သွား​ရင် အဲဒီ​ရေကာတာရဲ့​ အထက်နဲ့​ ​အောက် ​ရေဖုံး​လွှမ်း​မယ့်​ အ​ရေး​နဲ့​ ဧရာဝတီမြစ်ထဲမှာ နုန်း​မြေ​တွေ အခုထက် ပိုပြီး​များ​လာမယ့်​ အ​ရေး​ကိုလည်း​ ဦး​အုန်း​က ​ထောက်ပြ ပါတယ်။

အခု မြစ်ဆုံ​ ရေကာတာ​ကြောင့်​ဆိုရင် ဒီ့​ထက် အ​ခြေအ​နေ ပိုဆိုး​နိုင်တာ​ကြောင့်​ ဧရာဝတီ မြစ်​ကြောင်း​ထိန်း​သိမ်း​ရေး​ကို လုပ်ရမှာလို့​လည်း​ ​ပြောပါတယ်။ အခုလက်ရှိမှာပဲ ဧရာဝတီမြစ်ထဲမှာ ​ရွှေထုတ်လုပ်တာ၊​ သဲ​ကျောက်​တွေ ထုတ်လုပ်တာ စတာ​တွေ​ကြောင့်​ မြစ်ပို ပျက်စီး​လာပြီး​ ထိန်း​သိမ်း​ စောင့်​ရှောက်မှု လိုအပ်​နေတယ်လို့​လည်း​ ဦး​အုန်း​က ​ပြောပါတယ်။

သဘာဝ ပတ်ဝန်း​ကျင် ထိန်း​သိမ်း​လေ့​လာတဲ့​ Global Environment Institute က တရုတ် ပညာရှင်တဦး​က​တော့​ ဒီမြစ်ဆုံ စီမံကိန်း​ကို မလုပ်ဖို့​ အစီရင်ခံ ထား​တယ်လို့​လည်း​ ဦး​အုန်း​ကို ​ပြောသွား​ကြောင်း​ သိရပါတယ်။

မြစ်ဆုံ စီမံကိန်း​နဲ့​ ပတ်သက်လို့​ မိုး​လေဝသ ပညာရှင် ​ဒေါက်တာ ဦး​ထွန်း​လွင်၊​ ​ဒေါ်​ဒေဝီသန့်​စင်၊​ စာ​ရေး​ဆရာမ ဂျူး​၊​ ကိုတာ၊​ ကာတွန်း​အော်ပီကျယ် စတဲ့​ သဘာဝ ပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ လှုပ်ရှား​သူ​တွေက လာမယ့်​ ရက်ပိုင်း​အတွင်း​ ရန်ကုန်မှာ ​ဆွေး​နွေး​ ​ဟောပြောပွဲ လုပ်ဖို့​  ပြင်ဆင်​နေပြီး​ ဦး​အုန်း​ကလည်း​ စာတမ်း​ဖတ်ပြီး​ အ​ထောက်အထား​တွေ တင်ပြမယ်လို့​လည်း​ သိရပါတယ်။

ဧရာဝတီမြစ်ဖျား​ မြစ်ဆုံ စီမံကိန်း​ကို မြန်မာအစိုး​ရက တရုတ်အစိုး​ရရဲ့​ အကူအညီနဲ့​ လုပ်​နေတာဖြစ်ပြီး​ ဒီကထွက်တဲ့​ လျှပ်စစ်ဓာတ်အား​ ၉၀ ရာခိုင်နှုန်း​ကို တရုတ်နိုင်ငံကို ​ရောင်း​ချမှာလို့​ ​ပြောထား​ပါတယ်။

ပညာရှင်​တွေရဲ့​ ​ပြောကြား​ချက်​တွေကို လျစ်လျူရှုပြီး​ မြစ်ဆုံ စီမံကိန်း​ကို မဖြစ်မ​နေလုပ်မယ်လို့​ အစိုး​ရ တာဝန်ရှိသူ​တွေက ​ပြော​နေတာကို အလွန် ဝမ်း​နည်း​တယ်လို့​ သဘာဝ ပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ပညာရှင် ဦး​အုန်း​က ​ပြောပါတယ်။

“စိတ်မ​ကောင်း​ဘူး​ဆို​တော့​ ဒါ​တွေဟာ စဉ်း​စား​ပြီး​တော့​ ပြည်သူ့​အကျိုး​၊​ တိုင်း​ပြည်အကျိုး​ကို ဦး​ထိပ်ထား​ရမယ်။ တရုတ်ပြည်အကျိုး​၊​ သူတို့​အကျိုး​ ဦး​ထိပ်ထား​တာ မှား​တယ်။ ပြည်သူ့​အကျိုး​၊​ တိုင်း​ပြည်အကျိုး​၊​ ဧရာဝတီ အကျိုး​ကို ဦး​ထိပ်ထား​ရမယ်။ ဒါပဲ ကျ​နော်​ပြောချင်ပါတယ်။”

သတင်းရင်းမြစ် - ဧရာဝတီ

0 comments: