Friday, September 30, 2011

တလှမ်းပြီး တလှမ်းရှေ့တိုးလှမ်းကြရအောင်...

ညနေ အိမ်ပြန်ရောက်ရောက်ချင်းပဲ DVB ရုပ်မြင်သံကြား အစီအစဉ်ကို ဖွင့်ကြည့်လိုက်တော့ မနေ့က ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ တဲ့သူတွေကို အစိုးရက လိုက်ဖမ်း နေကြောင်းစစ်တွေမှာလည်း ရဟန်း သံဃာတချို့ကို ထိန်းသိမ်း လိုက်တယ်လို့ ကြေညာသွားတာ တွေ့ရတယ်။ တပြိုင်တည်းမှာပဲ နေ့ခင်းက ဖတ်လိုက်ရတဲ့ မဇ္ဒ္စ္ဏ္ဈိမ သတင်းဌာနက သတင်း တပုဒ်ထဲမှာ KIO ပြောရေးဆိုခွင့် ရှိသူဦးလနန်က မြန်မာစစ်တပ်က အင်အား ၈၀၀ လောက်နဲ့ KIO တပ်မဟာ (၄) တို့ လေးရက်ကြာ တိုက်ပွဲ ဖြစ်နေကြောင်း၊ နှစ်ဘက် အကျအဆုံး များရှိနေကြောင်း၊ စစ်ရေးနဲ့ ဖိအားပေးပြီး နိုင်ငံရေးအရ ဆွေးနွေးဖို့ အကြပ်ကိုင် တာဖြစ်တာမို့ စစ်ပြေငြိမ်းရေးဟာ မလွယ်တော့ဘူးလို့ မှတ်ချက်ချ ပြောဆိုတာကို ပြေးသတိရ မိပါတယ်။

လွတ်လပ်ရေးရဲ့ ဖွားဖက်တော်အဖြစ် မွေးဖွားလာတဲ့ ပြည်တွင်းစစ်ရဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး တဆင့်ပြီး တဆင့်ကြီးထွား လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေ ရှာရေး ဂါထာကိုရွတ်၊ ဥုံဖွမန်းပြီးပျောက် စေလို့ အမိန့်ပေးရုံနဲ့ ပြဿနာ အားလုံးပြေလည်သွားမယ်လို့ ဘယ်သူကမှ မယုံကြည်ကြပါ။ သတင်းစာဆရာကြီး လူထု စိန်ဝင်းက “လမ်းလျှောက်တဲ့အခါ ခြေတလှမ်းပြီး တလှမ်း လှမ်းကြရသလို ဒီမိုကရေစီ ခရီးကိုလည်း တလှမ်းပြီး တလှမ်း ရှေ့တိုးလှမ်း ကြရမှာဖြစ်တယ်” လို့ ပြောလိုက်တာဟာ အင်မတန်မှ နာယူ လက်ခံကျင့်သုံးရမယ့် ကျင့်စဉ် တရပ်ဖြစ်ပါ တယ်။ သည်သဘောကို ခံယူ နားလည်ထားပါမှ ဒီမိုကရေစီရေး ဖြစ်စဉ်တလျောက်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာ ဝကို နားလည် သဘောပေါက်ပြီး စိတ်ဓာတ်ကျတာ၊ တွေဝေတာ၊ ယုံမှား သံသယရှိတာတွေ ကင်းကင်း စင်စင်နဲ့၊ ဇွဲရှိရှိနဲ့ အခက်အခဲတွေ ကျော်လွှားပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး ပန်းတိုင်ကို လှမ်းကိုင် နိုင်မှာ ဖြစ်ပါတယ်။


အပြောင်းအလဲတွေ ဖြစ်လာပြီဆိုတာနဲ့ ဘက်နှစ်ဘက်စလုံးမှာ ဒီအပြောင်းအလဲအပေါ် ချက်ချင်း လက်မခံနိုင်ကြသူတွေ ရှိကြစမြဲပါ။ တောင်အာဖရိက အသားအရောင် ခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားသမိုင်းမှာ ဆိုရင် နယ်လ်ဆင်မန်ဒဲလားနဲ့ သမတ ပက်ဘိုသာတို့ တွေ့ဆုံ ဆွေးနွေးအပြီး အပြောင်းအလဲများ အစပျိုး လုပ်ဆောင်နေချိန်မှာတောင် လူဖြူလူမည်း အဓိကရုဏ်းတွေကြောင့် လူရာနဲ့ချီ သေဆုံးခဲ့ရတဲ့ သာဓကများ ရှိပါတယ်။ ANC ရဲ့ စစ်ဦးစီးချုပ်လည်းဖြစ်၊ တောင်အာဖ ရိက ကွန်မြူနစ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး လည်းဖြစ်တဲ့ ခရစ်ဟာနီဟာ အဲသည့်ကာလမှာပဲ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် နယ်လ်ဆင်မန်ဒဲလား ခေါင်းဆောင်တဲ့ အမျှော်အမြင်ကြီးတဲ့ ANC ခေါင်းဆောင်များက သူတို့ရဲ့ အရှိန်အဝါနဲ့ Destructive Elements တွေကို ထိန်းနိုင် ခဲ့သလို သမတဒီကလပ် ဘက်ကလည်း ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် နောက်ဆုံးမှာတော့ လူဖြူ လူမည်းမခွဲခြားပဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်တဲ့ တောင်အာဖရိက နိုင်ငံသစ်ကို ထူထောင်နိုင်ခဲ့တာကို ကျနော်တို့ ပြည်သူတွေ အတုယူ သင့်ပါတယ်။ ဘယ်လို အတားအ ဆီးတွေ၊ အခက်အခဲတွေကြုံရပါစေ နာကျင် ခါးသီးမှုတွေကို မျိုသိပ်ပြီး ပြည်သူလူထုရဲ့ အကျိုးစီးပွားကို  ဦးထိပ် ပန်ဆင်ဖို့ သက်ဆိုင်သူ အားလုံးက အလေးမူရမှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့  အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်စေဖို့အတွက် အခြေခံ လိုအပ်ချက်တွေထဲမှာ သည်းခံမှု၊ ခွင့်လွှတ်မှု၊ အနစ်နာခံမှု၊ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်လိုမှုဆိုတဲ့ စိတ် နေစိတ်ထားများဟာ ရှေ့တန်းက တန်းစီနေရာယူ ထားရပါမယ်။

ရန်ကုန်ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး တိုင်းသိပြည်သိ လူထုကလေးစား ကြည်ညိုရတဲ့ ဆရာလူထုစိန်ဝင်းက “မြစ်ဆုံရေကာ တာကိစ္စ တနိုင်ငံလုံး စိတ်မကောင်း ဖြစ်နေတာ နားလည်ပါတယ်။ အစိုးရ အနေနဲ့ ပြန်လည် ညှိနှိုင်းပေးဖို့ ပြောဆိုထားကြ ပြီဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဆန္ဒစောတာ မဖြစ်သင့်ဘူး။ တဆင့်ပြီးတဆင့် လူယဉ်ကျေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန် ပေးသင့်တယ်။ ဒီဟာကို အကြောင်းပြုပြီး အမျိုးသား ရင်ကြားစေ့ရေးကို မလိုလားသူတွေက ဖျက်လို ဖျက်ဆီးလုပ်မယ့် အန္တရာယ်က ကြီးမားတယ်။ ပြည်သူတရပ်လုံး အနေနဲ့ စိတ်ရှည်ဖို့ လိုပါတယ်” လို့ ပြောကြားတာ တွေ့ရတော့ ရတက်မ အေး ဖြစ်နေတဲ့ သောကများ အနည်းငယ်တော့ လျော့ကျသွားပါတယ်။ Eleven Media Group က CEO ဒေါက်တာသန်း ထွဋ်အောင်နဲ့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်တို့ကလည်း အာရပ် ပုံစံတော်လှန် မှုဟာ မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေး အခြေအနေများနဲ့ လျော်ကန်မှု မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားကို ကိုးကားပြီး သည်အချိန်မှာ သည်လိုနည်းမျိုးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို တိုးမြှင့်တဲ့အပေါ် သဘောမတူကြောင်း ပြော တာတွေ့ရပါတယ်။

ဘက်နှစ်ဘက် စလုံးမှာ အပြောင်းအလဲများ အပေါ် လက်မခံနိုင်တဲ့ အင်အားစုများ ရှိနေတာတွေ့နေရပေမယ့် ထိန်းထိန်း သိမ်းသိမ်း လုပ်ကိုင်နိုင်စွမ်း ရှိနေတာတွေ့ရတာ အားတက်စရာပါ။ အစိုးရအဖွဲ့ထဲမှာ ဦးဇော်မင်း၊ ဦးကျော်ဆန်းတို့လို ပုဂ္ဂိုလ်မျိုးတွေ ရှိနေပေမယ့် သူတို့လည်း ဆန္ဒအရ မဟုတ်တောင် ဘဝအရ အပြောင်းအလဲများကို လက်ခံကြရမယ့် အရိပ် အယောင်များ တွေ့နေရပါတယ်။ လက်ရှိဖွဲ့စည်းပုံအရ “ကာလုံ” ဟာ အရင်တော်လှန်ရေး ကောင်စီ၊ နဝတ၊ နအဖ လို အာ ဏာ အရှိဆုံး စစ်ကောင်စီပဲ ဖြစ်ပါတယ်။ အရေးကြီးဆုံး အပြောင်းအလဲများအတွက် အဆုံးအဖြတ်ကို သူကပဲပေးမှာပါ။ အခုလည်း တပ်မတော်ရဲ့ ပုံမှန်ခေါ်ယူနေကျ (၄) လပတ် အစည်းအဝေးကို ပုံမှန်ကျင်းပချိန်ထက် (၂) လ စောပြီး ခေါ် ထားပါတယ်။ သည် (၄) လပတ် အစည်းအဝေးတွေက စစ်တပ်ရဲ့ တိုင်းပြည်နဲ့ ပတ်သက်တဲ့ မူ ပေါ်လစီ လုပ်ငန်းစဉ် တွေ ချမှတ်လေ့ ရှိတယ်ဆိုတာ သတင်းမဟုတ်ပါ။ သည် အစည်းအဝေးကပဲ  တိုင်းပြည်ရဲ့ ရှေ့ရေးကို ဆုံးဖြတ် မှာဖြစ်ပါ တယ်။ စစ်တပ်ရဲ့ ထုံးစံအတိုင်းပါပဲ “ကာလုံ” က ချမှတ် ထားပြီးဖြစ်တဲ့ မူ ပေါ်လစီ လုပ်ငန်းစဉ်တွေကို တပ်မှူးတွေကို အသိပေး ရှင်းပြဖို့က များပါတယ်။ “ကာလုံ” ရဲ့ အလုပ်တွေကို စစ်တပ်က ထောက်ခံမှု ရဖို့လုပ်တဲ့ အစည်းအဝေးပါ။ စစ်တပ်တွင်း ညီညွတ်ရေး လုပ်တာ ဆိုလည်း မမှားပါ။

သည်အခြေအနေတွေကို ကြည့်ရင် ကြံ့ဖွံ့အစိုးရက ဘယ်အတိုင်း အတာအထိ ဒီမိုကရေစီဖြစ်ထွန်းမှုမှာ ပူးပေါင်း ဆောင် ရွက်မယ်ဆိုတာ မကြာတော့တဲ့ ကာလ (ဘယ်နည်းနဲ့မှ သည်နှစ် မကျော်ပါ) အတွင်းမှာ လူသိ ရှင်ကြား ပြောရတော့မှာ ဖြစ် ပါတယ်။ စီးပွားရေး စကားနဲ့ပြောရရင် သူရောင်းမယ့် ဈေးကို သတ်မှတ်ရတော့မှာပါ။ နိုင်ငံရေး အကျဉ်းသား များလွှတ်ရေး ပါဝင်တဲ့ လွှတ်တော်က သမတဆီကို တရားဝင် မေတ္တာရပ်ခံထားတဲ့ အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်၊ NLD ပါတီ တရားဝင် ရပ်တည်ရေး၊  တိုင်းရင်းသားအဖွဲ့များနဲ့ ဆက်ဆံရေးနဲ့ ၂၀၀၈ အခြေခံ ဥပဒေ ကိစ္စတို့မှာ သူတို့အတွက် အနိမ့်ဆုံးနဲ့ အမြင့် ဆုံးဈေးတွေကို “ကာလုံ” က အခုလောက်ဆို သတ်မှတ်ပြီး ဖြစ်လောက်ပါပြီ။

သေချာတာကတော့ လိုချင်သလောက် ရမှာမဟုတ်ပါ။ ရသင့်သလောက် ရဖို့ပဲလိုပါတယ်။ သည် ရချက်က တဆင့် မှန် ကန်တဲ့၊ ဖြောင့်မတ်တဲ့ လုပ်ဟန်နဲ့ ပြည်သူလူထုရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့  အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုက ရေစီဖြစ်ထွန်းရေးကို တလှမ်းချင်း တိုးသွားကြရမှာ မဟုတ်ပါလား။ မိုင်တထောင် ခရီးကို ခြေတလှမ်းက စရတယ်လို့ ဆိုပါ တယ်။ ဒီမိုကရေစီခ ရီးရှည်ကို အခု မြင်တွေ့နေရတဲ့ ခြေတလှမ်းကပဲ စကြပါစို့လား။

မြင်းရည်တက်ဦးသာ
Copy from - naytthit.net

0 comments: