Wednesday, September 14, 2011

ရှမ်း​ပြည် မျိုး​ဆက်သစ်လူငယ် ​ထောင်​ဆေး​ရုံ တက်​နေရ

စိုင်းမျိုးဝင်းထွန်း (ဓာတ်ပုံ - သျှမ်းသံတော်ဆင့် )
September 13, 2011,

နှစ်ရှည်​ထောင်ကျ​နေတဲ့​ ရှမ်း​ပြည်မျိုး​ဆက်သစ်လူငယ်အဖွဲ့ဝင် စိုင်း​မျိုး​ဝင်း​ထွန်း​ ကျန်း​မာ​ရေး​ မ​ကောင်း​တဲ့​အတွက် ​ထောင်​ဆေး​ရုံမှာ ကုသ​နေရတယ်လို့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့ချုပ် ​ပြောခွင့်​ရ စိုင်း​လိတ်က ​ပြောပါတယ်။

စိုင်း​လိတ်က “ကျန်း​မာ​ရေး​အ​ခြေအ​နေ မ​ကောင်း​ဘူး​။ စိတ်​ထွေပြား​တဲ့​ရောဂါ​ကြောင့်​ ​ဆေး​ရုံ​ပေါ်​ရောက်​နေတာ တနှစ်နီး​ပါး ​ရှိပြီ။ ပြီး​ခဲ့​တဲ့​ ၂ နှစ်က ​ထောင်​ဆေး​ရုံကို ​ရောက်တယ် ပြန်ဆင်း​သွား​ရင် အဲဒီ​ရောဂါပြန်​ဖောက်လာတယ်။ အခု​ထောင်​ဆေး​ရုံ​ပေါ်မှာပဲ အပြီး​နေလိုက်ရတဲ့​ သ​ဘောမျိုး​ရှိတယ်” လို့​ ​ပြောပါတယ်။ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့​ စိုင်း​မျိုး​ဝင်း​ထွန်း​ဟာ တရား​မဝင် ရှမ်း​ပြည်အတိုင်ပင်ခံအဖွဲ့​ ဖွဲ့​စည်း​ရာမှာ ပူး​ပေါင်း​ပါဝင်မှု၊​ စည်း​လုံး​ညီညွတ်​သော တိုင်း​ရင်း​သား​မဟာမိတ်အဖွဲ့​က ​ရေး​ဆွဲတဲ့​ အနာဂတ်ပြည်​ထောင်စုဖွဲ့​စည်း​ပုံစာတမ်း​ကို ပူး​ပေါင်း​ပါဝင် ရိုက်နှိပ်​ပေး​မှု​တွေနဲ့​ ​ထောင်ဒဏ် ၇၉ နှစ် ချထား​ခံ​နေရတာပါ။

 ဒီအမှုတွဲထဲမှာ ရှမ်း​ပြည်မျိုး​ဆက်သစ်လူငယ်အဖွဲ့​က နှစ်ဦး​ ဖမ်း​ဆီး​ခံခဲ့​ရပြီး​ ​ခေါင်း​ဆောင်ဖြစ်သူ ဦး​မြင့်​သန်း​က​တော့​ ရခိုင်ပြည်နယ် သံတွဲ​ထောင်ထဲမှာ ၂၀၀၆ ခုနှစ်က ကွယ်လွန်သွား​ခဲ့​ပါတယ်။ ဦး​သိန်း​စိန်အစိုး​ရဟာ တိုင်း​ပြည်ငြိမ်း​ချမ်း​ရေး​ကို အမှန်တကယ်လိုလား​ပါက နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ အား​လုံး​ကို ပြန်လွှတ်​ပေး​ရလို့​ စိုင်း​လိတ်က ​ပြောပါတယ်။

“ဦး​သိန်း​စိန် အစိုး​ရအ​နေနဲ့​ သိသာထင်ရှား​တဲ့​ အ​ပြောင်း​အလဲမျိုး​ကို အမှန်တကယ်လုပ်မယ်ဆိုရင် ပထမဆုံး​အ​နေနဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ အား​လုံး​ကို လွှတ်​ပေး​မှသာ ဒီအစိုး​ရအ​ပေါ်မှာ လူထုနဲ့​ကမ္ဘာက အယုံအကြည် ရှိလာမယ်။ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေကို လွှတ်​ပေး​ပြီး​မှ အား​လုံး​ပါဝင်သင့်​ ပါဝင်ထိုက်တဲ့​ ပုဂ္ဂိုလ်မျိုး​တွေ ပါဝင်တဲ့​တွေ့​ဆုံ​ဆွေး​နွေး​မှုမျိုး​ကို စတင်နိုင်မယ်။ ပြည်တွင်း​မှာ စစ်မက်ဖြစ်ပွား​နေတဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင် အဖွဲ့​တွေနဲ့​လည်း​ ​ဆွေး​နွေး​ညှိနှိုင်း​ဖို့​ နှစ်ဦး​နှစ်ဖက် အယုံအကြည်ရှိနိုင်ကြမယ်​လေ။”

သတင်းရင်းမြစ် - ဒီဗွီဘီ

0 comments: