Thursday, July 21, 2011

SSA က မြန်မာစစ်တပ် နောက်တန်းစခန်းများကို တိုက်ခိုက်

သျှမ်းပြည်တပ်မတော် SSA
 20 July 2011,

သျှမ်းပြည်တပ်မတော် SSA ဌာနချုပ် ၀မ်ဟိုင်းအား မြန်မာစစ်တပ် ထိုးစစ်ဆင်နေချိန် SSA က တန်ပြန်သည့် အနေဖြင့် မြန်မာစစ်တပ် နောက်ကျောကို ပြန်လည် တိုက်ခိုက်နေကြောင်း သျှမ်းတပ် သတင်းရပ်ကွက်က အဆိုအရ သိရသည်။

သျှမ်းပြည် (မြောက်ပိုင်း) မိုင်းရယ်မြို့အနီး မြန်မာစစ်တပ် လုံခြုံရေးစခန်းများကို SSA က ယမန်နေ့ တရက်အတွင်း ၂ ကြိမ်တိုင်တိုင် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့အ၀င် စစ်တပ်လုံခြုံရေးဂိတ်နှင့် မိုင်းရယ်မြို့နယ် လွယ်ငင်း ကျေးရွာအုပ်စု နားဟီးရွာအနီး ယာယီတပ်စခန်း ချထားသော မြန်မာစစ်တပ်တို့အား တိုက်ခိုက်ခဲ့သည်ဟု သျှမ်းတပ်အရာရှိတစ်ဦးက ဆိုသည်။

၁၉ ရက်နေ့ ညနေ ၆နာရီလောက်က နားဟီးရွာနားမှာ ဗမာတပ်တွေ ထမင်းစားနေတုန်း SSA က ၀င် ပစ်တာပေါ့။ အဲဒီမှာ ဗမာစစ်သား ၃ ယောက်သေတယ်။ အဲဒီညပိုင်း လားရှိုးကနေ မိုင်းရယ်မြို့ အ၀င်ဂိတ်ကို ၀င်ပစ်တယ်။ အသေအပျောက်တော့ မသိရဘူး ဂိတ်စခန်း တခုလုံး ပျက်စီးသွားတယ် ဟု ဆိုသည်။

ယခုလ ၁၈ ရက်နေ့ကလည်း မိုင်းရယ်မှ မိုင်းရှုးဘက်အထွက် မြို့လုံခြုံရေးဂိတ်အား တိုက်ခိုက်ခဲ့ရာ မြန်မာစစ်သည် ၂ ဦး သေဆုံးကြောင်း သိရပါသည်။ ရက်သတ္တပတ်ကျော် SSA ဌာနချုပ် ၀မ်ဟိုင်းအနီး ဖြစ်ပွားနေသည့် တိုက်ပွဲများ ယခုရက်ပိုင်း ခေတ္တ ငြိမ်သက် သွားသော်လည်း မြန်မာတပ်များ ၀မ်ဟိုင်း ဌာနချုပ်အနီးမှ ပြန်လည် ရုတ်သိမ်းခြင်း မရှိသေးကြောင်း သိရသည်။

သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်

0 comments: