Sunday, July 24, 2011

အစိုးရ အဖွဲ့ဝင်တို့၏ သမီးများက ပြည်သူကို စော်ကားသည့် မှတ်ချက်များ ပြောဆို

ဂျပန်လာသွားသောကြံ့ဖွတ်ပါတီနှင့်ရွေးကောက်ပွဲဝင်ပါတီတို့၏သတင်းစာရှင်းလင်းပွဲ
July 23, 2011,
ဂျပန်နိုင်ငံမှ ပြန်လည် ရောက်ရှိလာသော နိုင်ငံရေးပါတီ ၆ ပါတီမှ လူငယ် ကိုယ်စားလှယ် အဖွဲ့၏ ပူးပေါင်း သတင်းစာရှင်းလင်းပွဲကို တက္ကသိုလ်ရိပ်သာလမ်းရှိ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်တွင် ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုး ပါတီ လူငယ်အဖွဲ့ဝင်များ ဖြစ်ကြသော ဝန်ကြီး ၃ ဦး၏ သမီးများလည်း ပါဝင် တက်ရောက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး သာမန် ပြည်သူတစ်ယောက် အိမ်မက် မမက်ဝင့်သော ဆယ့်ငါးသိန်းကျော် Mac Book ကို ရှေ့တွင် ချထားသည့် ရဲချုပ်ဟောင်း ၀န်ကြီးဦးခင်ရီ၏ သမီးဖြစ်သူက ပြည်သူလူထုကို စော်ကား ပြောဆိုသဖြင့် အထွေထွေအတွင်းရေးမှုး ဦးဌေးဦးက ဖာဖာထေးထေး ၀င်ရောက် ပြောဆို ပေးခဲ့ရကြောင်း တက်ရောက်ခဲ့သူ အားလုံးက တညီ တညွှတ်တည်း ပြောဆိုသည်။

မြန်မာနိုင်ငံ အစိုးရက ပြည်သူများ၏ ကောင်းကျိုးများကို ဆောင်ရွက်သော်လည်း ပြည်သူများက စည်းကမ်း ပြည့်ဝခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံသည်ဖွံဖြိုးဆဲနိုင်ငံများအလယ်တွင် ခေတ်နောက်ကျ နေရခြင်း ဖြစ်ကြောင်း အစချီကာ ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသို့ ၇ ရက်ကြာ လေ့လာရေး ခရီး သွားခဲ့သူတို့၏ အတွေ့အကြုံများကို ပြန်လည် ရှင်းပြရန် သတင်းထောက် တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာတွင် အထက်ပါ အချက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အမျိုးသမီးက “အစိုးရတွေက ကောင်းတယ်၊ ပြည်သူတွေရဲ့ အခြေခံ စိတ်မှာသာ ကွာခြားနေတာပါ။ ကိုယ့်ဆီမှာက အပြစ်တင်ဖို့ များနေတာပါ၊ ကျွန်မတို့ သွားခဲ့တဲ့ ဂျပန်မှာက ပြည်သူကော၊ အစိုးရကော ကောင်းတယ်။ နှစ်ဦးနှစ်ဘက် ဘာမှ ပြောဖို့ကို မလိုဘူး။ ဒါပေမယ့် ကျွန်မတို့ နိုင်ငံမှာက ဒီလိုအခြေအနေတွေ မရှိသေးဘူး။ အသေးအဖွဲ တွေကအစ လိုက်နာမှု အားနည်းနေတာကို တွေ့ရတယ်၊ အမှိုက်ပစ်တဲ့ ကိစ္စကအစ ကြည့်ရင်ပေါ့။ အမှိုက်မပစ်ရလို့ ပြောတဲ့နေရာမှာ အမှိုက်ပစ်တယ်၊ ဒီလို အသေးအဖွဲကိစ္စလေးတွေကို မဆင်ခြင်နိုင်ဘဲ လူတွေက အကြီးကြီးတွေ လျှောက်ပြောနေတာ ”ဟုဆိုသည်။ ပြည်သူတွေရဲ့ အခြေခံ စိတ်အား နည်းပါးနေသည့် အတွက် ဝေဖန်မှုများ များပြားနေခြင်း ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ယင်းသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသူ တစ်ဦးက ပြည်သူနှင့်အစိုးရ ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ အစိုးရဘက်က တာဝန်ခံရန် လစ်ဟင်းမှုများကို လစ်လျှုရှုပြီး၊ ယခင် အစိုးရအဆက်ဆက်၏  အမှားကြောင့် ပေါ်ပေါက်ခဲ့ရသော ပြည်သူတို့၏ အဘက်ဘက်က နိမ့်ကျမှုများကိုသာ အပြစ်ပုံချနေခြင်း ဖြစ်ကြောင်း ဆိုသည်။ “အမှိုက်ပစ်တဲ့ကိစ္စကို ပြောတဲ့ အခါမှာလည်း အစိုးရက လုပ်ပေး သင့်သလောက် မလုပ်ပေးတာကို ပြည်သူတွေ စည်းကမ်းမရှိလို့ ဆိုပြီး၊ သူတို့ ဖြတ်သန်းလာတဲ့ အခြေအနေတွေနဲ့  နှိုင်းယှဉ်ပြီး၊ ပြည်သူတွေကို စော်ကား သွားတာတော့လွန်တယ်”ဟု ၎င်းကဆိုသည်။ ယင်းခရီးစဉ်ကို လိုက်ပါသွားသူ NDF မှပါတီဝင် တစ်ဦးကလည်း “ကျွန်တော်တို့ အစိုးရက အခြေခံ အဆောက်အဦး နည်းနေလို့ပါ၊ အခြေခံအဆောက်အဦး ကောင်းမွန်တဲ့ ဂျပန်နိုင်ငံမှာက ဒီလိုကိစ္စတွေကို ခဏလေး ဖြေရှင်းနိုင်တယ်” ဟုသုံးသပ် သွားသည်။ ဇူလိုင် ၂၂ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် တက်ရောက်လာသူ သတင်းထောက်များနှင့် ပြည်ခိုင်ဖြိုးပါတီမှ လူငယ် အမျိုးသမီး ပါတီဝင်များကြား အပြန်အလှန် ပြောကြားချက်များ ပြီးဆုံးပြီးနောက်တွင် ဦးဌေးဦးမှ သတင်းထောက်များအား ယင်းကဲ့သို့ ပြန်လည် ဖြေကြားချက်များအား သတင်းမီဒီယာ များအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ရေးကြရန် ပြောကြားခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲသို့  ဦးဌေးဦးနှင့်အတူ အတိုက်အခံဟု ပြောရမည့် နိုင်ငံရေးပါတီများမှ ထိပ်ပိုင်း ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ရာ ပြည်ခိုင်ဖြိုး ပါတီသည် များစွာ အပြုသဘော ဆောင်ခဲ့သည်ဟု တက်ရောက်သူ နိုင်ငံရေးပါတီမှ ခေါင်းဆောင်တစ်ဦးက ထုတ်ဖော် ပြောကြားသည်။ သို့သော် ပြည်ခိုင်ဖြိုးပါတီ လူကြီး လူငယ်အားလုံးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ယခုကဲ့သို့ မဲလိမ်ရန် ညွှန်ကြားမည့် ဗိုလ်ချုပ်မှုးကြီး ၏အကူအညီမပါဘဲ ယှဉ်ပြိုင်ရမည်ကိုမေ့လျော့၍ ပြည်သူလူထုနှင့်တပြေးတည်း ခံစား ပေးနိုင်ရန်ကိုလည်း သတိမပြုနိုင်သေးဘဲ ရှိနေသည်ကို တွေ့ရသည်။ဂျပန်နိုင်ငံက ဖိတ်ကြားခဲ့သည့် ပါတီစုံလူငယ် ကိုယ်စားလှယ်များထဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ဝန်ကြီးဦးခင်ရီနှင့် ဦးဇော်မင်း၊ ဝန်ကြီးဟောင်း ဦးသိန်းဆွေတို့၏ သမီးများ လိုက်ပါသွားခဲ့သည်။

" jacjapan " Forward mail မှတဆင့်ကူးယူဖော်ပြသည်။

0 comments: