Thursday, June 2, 2011

ပြည်သူ့စစ်တွေကိုပါ KIO အသင့်ပြင်ထား

ကေအိုင်အို တပ်ဖွဲ့ဝင်များ တောတွင်း လေ့ကျင့်ရေး ပြုလုပ်နေပုံ
 01 June 2011 ,

မြန်မာစစ်တပ်နှင့် စစ်မက် ဖြစ်ပွားလာပါက တုန့်ပြန် တိုက်ခိုက် နိုင်ရန်အတွက် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO မှ အရံ အရပ်သား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော ပြည်သူ့စစ် များကိုပါ အသင့် ပြင်ထားကြောင်း သိရသည်။ ယခုအခါ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များအား လက်နက်ငယ်များ တပ်ဆင်၍ နယ်မြေ လုံခြုံရေးတာဝန်ထမ်းဆောင်စေကာ အချို့ကို ရှေ့တန်း နယ်မြေများတို့ စေလွှတ်ထားကြောင်း ကေအိုင်အို သတင်းရပ်ကွက်တခုမှ သျှမ်းသံတော်ဆင့်သို့ ပြောသည်။

 '' ဒီနေ့အထိ တပ် အသင့် အနေအထား ပြင်ထားသေးတယ်၊ နှစ်နေရာခွဲပြီး စစ်သင်တန်း ပေးတယ်၊ ပြည်သူ့စစ် သင်တန်းက တစ်လတစ်ကြိမ် ပုံမှန် ပေးနေတာပေါ့၊ သဘောတရားအနေနဲ့ လေ့ကျင့်ဖို့ ရှေ့တန်းကို တစ်ပတ် ၁၀ ရက် ပို့တာမျိုး ရှိတယ်၊ အဓိကကတော့ နယ်မြေလုံခြုံရေး တာဝန်ယူခိုင်းတယ် " ဟု ကေအိုင်အို နှင့် နီးစပ်သူက ဆိုသည်။

ကချင်ပြည်နယ် အတွင်း ကေအိုင်အို ထိန်းချုပ်နယ်မြေ ကျေးရွာများမှ သာမန်အရပ်သားများအား ဆင့်ခေါ်၍ စစ်သင်တန်း ပို့ချခြင်းဖြစ်ပြီး ယခုအခါ ပြည်သူ့စစ် အင်အား တစ်သောင်း ၀န်းကျင်ခန့်နှင့် အမြဲတမ်း စစ်သည် အင်အား ၈ ထောင် ၀န်းကျင်ခန့် ရှိကြောင်း ခန့်မှန်း ပြောဆိုကြသည်။

လွန်ခဲ့သည့် လ ၁၈ ရက်နေ့က မြန်မာစစ်တပ်က ကေအိုင်အို လက်အောက်ခံ ကေအိုင်အေ တပ်စခန်းများအား ၀င်ရောက် ပစ်ခတ်ခဲ့အပြီး ကေအိုင်အေ တပ်ဖွဲ့များ တပ်လှန့် ထားကြောင်း သိရသည်။ မိုးညှင်းမြို့နယ် အတွင်းရှိ ကေအိုင်အို တပ်ရင်း ၅ ဌာနချုပ်အနီး ချဉ်းကပ်လာသော မြန်မာ စစ်တပ်များ မေလ ၂၅ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာပေးရန် သတိပေးစာ တစ်စောင်ကို ကေအိုင်အိုက မပခ စစ်တိုင်း ဌာနချုပ်သို့ ယခုလ ၁၉ ရက်နေ့က ပေးပို့ခဲ့သေးသည်။

အဆိုပါ စာပေးပို့အပြီး ပြီးခဲ့သည့် အပတ် သောကြာနေ့က မန်စီမြို့နယ်အတွင်း နှစ်ဘက် ပစ်ခတ်မှု ပြန်လည် ဖြစ်ပွားသေးသည်။ " ကေအိုင်အိုက တကယ်ချတော့မယ် ဆိုတော့ နဲနဲရှေင်သွားတယ်၊ အခုလည်း ဗမာစစ်တပ်က တပ်တွေ အကုန် ဆုတ်သွားတာ မဟုတ်ဘူး၊ အခုလိုပဲ ရန်စ သွေးတိုးစမ်းနေမဲ့ အနေအထားရှိဆတယ်" ဟု စောစောက နီးစပ်သူက ဆိုသည်။ ယခုအခါ ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့ အခြေအနေမှာ ပုံမှန် အနေအထားရှိကြောင်း ဒေသခံများက ဆိုသည်။

သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့် 

0 comments: