Monday, March 21, 2011

နျူကလီးယား ဓာတ်ပါင်းဖို နောက်ဆုံးရ သတင်းများ

နျူကလီးယား ဓာတ်ပေါင်းဖိုများအတွင်း ရေပက်ဖြန်း လောင်းဖြည့်မှုအား အမေရိကန်စစ်တပ်မှ မောင်းသူမဲ့ မီးသတ်စက်များ ငှားရမ်းအသုံးပြုမည်ဟု ကြေငြာသွားပါတယ်..။ အဆိုပါရေပက်ဖြန်း လောင်းထည့်သည့်လုပ်ငန်းမှာ လနဲ့ချီ၍ ကြာမြင့်နိုင်ကြောင်း ကြေငြာသွားပါတယ်.. (TBS ရုပ်သံသတင်း)

၂၀ ရက်နေ့ ၁၅း၄၆ နာရီမှာ ဓာတ်ပေါင်းဖိုနံပတ် ၂ ရှိတဲ့ အဆောက်အဦအထိ လျှပ်စစ်ဓာတ်အားကြိုး သွယ်တန်းလို့ ပြီးသွားပြီလို့ TEPCO က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အခက်အခဲပြသနာ မရှိဘူးဆိုရင် နံပတ် ၂ ဓာတ်ပေါင်းဖိုမှာ လျှပ်စစ်ဓာတ်အား ပြန်ပေးနိုင်မယ်လို့ ဆိုပါတယ်။

ထိုအတောအတွင်း နံပတ် ၅ နဲ့ နံပတ် ၆ ဓာတ်ပေါင်းဖိုတွေဟာ တည်ငြိမ်တဲ့အနေအထား ဖြစ်လာပြီလို့ အာဏာပိုင်တွေကဆိုပါတယ်။ အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယုကိအိုအဲဒါ့နို က အခြေအနေတွေ ဆိုးမလာအောင် ထိန်းသိမ်းဖို့ ကြိုးပမ်းနေတာတောင် အပြောင်းအလဲတွေက ဖြစ်နိုင်ခြေရှိတယ်လို့ မတ်လ ၂၀ ရက် နေ့လယ်ပိုင်း ပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

နံပတ် ၃ ဓာတ်ပေါင်းဖိုထဲကို စုစုပေါင်း ရေတန်ချိန် ၂၀၀၀ လောက်ပက်ဖျန်းခဲ့ပြီးပြီလို့ သိရပါတယ်။ အဲဒါပမာဏဟာ ဓာတ်ပေါင်းဖိုက လက်ခံနိုင်တဲ့တန်ချိန် ၁၄၀၀ ထက် များစွာကျော်လွန်နေပြီလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အသုံးပြုပြီး လောင်စာတောင့်တွေ သိုလှောင်ရာ ရေကန်ထဲကို ဘယ်လောက်ဝင်သလဲဆိုတာ တော့ မသိနိုင်ပါဘူး။

နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်အကြီးအကဲ IAEA ယုကိယာ အာ့မာ့နိုဟာ ဂျပန်ကို ၂ ရက်ကြာ လာရောက် လေ့လာမှုတွေပြုခဲ့ပြီးတဲ့နောက် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့သို့ပြန်သွားခဲ့ပါတယ်။ IAEA အကြီးအကဲက အခုနေခါ အခြေအနေတွေဟာ အကောင်းဘက်ကို ဦးတည်နေပြီလို့ ပြောလို့မရသေးဘူး လို့ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီး တိုရှိမိ ခိတာ့ဇာဝါ က ဓာတ်ပေါင်းဖို ၆ လုံးစလုံး အပူချိန် ၁၀၀ံ စင်တီဂရိတ် အောက်ကို ရောက်နေပြီလို့ဆိုပါတယ်။ ဒါပေမဲ့ နံပတ် ၃ ဓာတ်ပေါင်းဖိုမှာ ခဏလောက် အပူချိန် မြင့်တက်ခဲ့သေးတယ် လို့ပြောပါတယ်။ အဲဒီဓာတ်ပေါင်းဖိုမှာ အသုံးပြုတဲ့ လောင်စာတောင့်ဟာ ပလူတိုနီယံနဲ့ယူရေနီယံကို ပေါင်းစပ်ထားတဲ့ Mixed oxide MOX လို့ခေါ်ပါတယ်။ အဲဒီဒြပ်ပေါင်းဟာ အပူချိန်လွန်ပြီး ပျော်ကျသွားလို့ ရှိရင် အင်မတန်မှ အဆိပ်သင့်မှု ပြင်းတဲ့ ပလူတိုနီယံ ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့် ဓာတ်ပေါင်းဖိုတွေရဲ့အပူချိန် လျော့ကျပြီး တဖြည်းဖြည်းအေးသွားအောင် လုပ်ဖို့ ကြိုးစား နေကြတာ ဖြစ်ပါတယ်။


ကျော်ကျော်စိုး
မနက် ၁း၄၄ နာရီ
မတ်လ ၂၁ ရက် ၂၀၁၁ ခုနှစ်

0 comments: