Wednesday, March 23, 2011

အသိလည်းရှိ သတိလည်းရှိ

ပင်လယ်ရေ၊ ပိုက်လိုင်းကလာတဲ့ရေ၊ ဟင်းသီးဟင်းရွက်တွေ၊ နွားနို့စိမ်းတွေမှာ ရေဒီယိုဓာတ်သတ္တိကြွ တဲ့အရာတွေပါဝင်နေတယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသလို အဲဒီအခြေအနေကို လည်း အစိုးရကလည်း အတည်ပြုတယ်။ အစိုးရရဲ့သတိပေးချက်တွေ ကြေညာချက်တွေမှာလည်း စားသောက်ခြင်းမပြုဖို့ ရောင်းချခြင်းမပြုဖို့ပါဝင်တယ်။ အဲဒါတွေကို စားသောက်ရင် ချက်ချင်းလက်ငင်း ကျန်းမာရေးထိခိုက်တာမျိုးတွေမဖြစ်ဘူးလို့ပြောတယ်။ ပညာရှင်တွေကတော့ အချက်အလက်နဲ့ ထောက်ပြပြီး အန္တရာယ်ဖြစ်နိုင်ခြေ နည်းပါးတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုနေကြပါတယ်။

ညူကလီယားအကျပ်အတည်းဖြစ်နေတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာလည်း အခြေအနေတွေက တိုးတက်ကောင်းမွန်လာတဲ့ အရိပ်အယောင်တွေမြင်လာရတယ်၊ ဓာတ်ပေါင်းဖိုနားအထိကပ်ပြီး သက်ဆိုင် တဲ့ဝန်ထမ်းတွေ လုပ်စရာရှိတဲ့အလုပ်တွေလုပ်နေလို့ပဲဖြစ်တယ်။ အန္တရာယ်ကာကွယ်ဝတ်စုံကတော့ ၀တ် ထားတာပေါ့လေ။ အန္တရာယ်ရှိရှိ မရှိရှိ လုပ်စရာရှိတာတွေကို လုပ်ရမှာက အဲဒီဝန်ထမ်းတွေရဲ့တာဝန်ပါ။

ဓာတ်ပေါင်းဖိုတွင်းက စွန့်ပစ် လောင်စာတောင့်တွေ သိုလှောင်တဲ့ ရေကန်ထဲမှာ ရေပမာဏ လျော့ကျပြီး
 အပူချိန်တွေ မြင့်တက်လို့ ဓာတ်ပေါင်းဖိုရဲ့အဆောက်အအုံတွင်းမှာ ဖိအားများလာပြီး ဟိုက်ဒြိုဂျင် ပေါက်ကွဲ မှုတွေ ဖြစ်ခဲ့ပါတယ်။ လေထုထဲကို ရေဒီယို ဓာတ်သတ္တိကြွတဲ့ အရာတွေ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီလိုပျံ့နှံ့သွား ခဲ့တဲ့အတွက် ခုနကပြောတဲ့ ရေ နဲ့ စားသောက်စရာတွေထဲမှာ ဓာတ်သတ္တိကြွမှုတွေ ဖြစ်တာပါ။ ဒါကြောင့် အစိုးရက ကြိုတင် ကာကွယ်တဲ့အနေနဲ့ စားသုံးခြင်းမပြုဖို့ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီအချက်ကို အလေး ထားလိုက်နာဖို့လိုအပ်ပါတယ်။

နံပတ် ၃ ဓာတ်ပေါင်းဖိုမှာ အသုံးပြုပြီး လောင်စာ တောင့်တွေရဲ့ ရေလှောင်ကန် ခြောက်သွားတယ်လို့  မိုင်းနိချိ သတင်းစာရဲ့ သတင်းတပုဒ်မှာ ရေးထားတာကို ဖတ်လိုက်ရတယ်။ ရေခမ်းသွားလို့ကတော့  အပူလွန်ပြီး ရေဒီယို ဓာတ်သတ္တိကြွတဲ့အရာတွေ လေထုထဲကို ပမာဏ အတော်များများ ရောက်ကုန်မယ်လို့ တွေးမိတယ်။ စိုးရိမ်စိတ်နဲ့ တွေးတာမဟုတ်ပါဘူး။ လက်တွေ့မှာ ဖြစ်နိုင်ခြေရှိတယ် ဆိုတဲ့အတွေးနဲ့ပါ။ သက်သေအဖြစ်နဲ့ ရေနဲ့ စားသောက်စရာတွေနဲ့ ပတ်သက်တဲ့ အခြေအနေကို မြင်နိုင်ပါတယ်။

အဲဒီ ဓာတ်ပေါင်းဖိုတွေမှာ သုံးတဲ့ လောင်စာတောင့်က ယူရေနီယံနဲ့ ပလူတိုနီယံ ရောစပ်ထားတဲ့ Mixed Oxide MOX ဖြစ်ပါတယ်။ တကယ်လို့များ အပူချိန်လွန်ပြီး အရည်ပျော်ကျ(melt down) သွားလို့ကတော့ အင်မတန်ကို အန္တရာယ် ပေးနိုင်တဲ့ ပလူတိုနီယံ အဆိပ်သင့်မှုတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီအချက်ဟာ သတိထားသင့်တဲ့ အချက်ပါ။ ညူကလီယားနဲ့ ဆက်နွယ်တဲ့ နယ်ပယ်မှာ melt down ဆိုတဲ့ စကားလုံးဟာ ပညာရှင်တွေ အင်မတန် စိုးရိမ်တဲ့ စကားလုံးတလုံး ဖြစ်ပါတယ်။

ရေဒီယို ဓာတ်သတ္တိကြွတဲ့ အိုင်အိုဒင်း radioactive iodine နဲ့ ဆဲ့စီယမ် cesium ဟာ ရေထဲမှာ ပျော်ဝင်လွယ် တဲ့အရာဖြစ်တယ်လို့ ကင်းကိ တက္ကသိုလ် အနုမြူစွမ်းအင် သုတေသနဌာန အကြီးအကဲ Kinki University Atomic Research Institute က Tetsuo Ito တက်ဆုအို အီတိုး က ပြောပါတယ်။

ရေဒီယို ဓာတ်သတ္တိကြွတဲ့ အိုင်အိုဒင်း radioactive iodine နဲ့ ဆဲ့စီယမ် cesium ဟာ အစိုးရက သတ်မှတ် ထားတဲ့ ပမာဏထက် ၆ ဆ ပိုများတယ်လို့ တိုကျို လျှပ်စစ်ဓာတ်အားကုမ္ပဏီ TEPCO အရာရှိတဦးက မတ်လ ၁၉ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ကျွမ်းကျင် ပညာရှင်တချို့ကတော့ နံပတ် ၂ ဓာတ်ပေါင်းဖို ရှိတဲ့ အဆောက်အအုံ မတ်လ ၁၅ ရက်နေ့က မီးလောင် ပေါက်ကွဲခဲ့တာက လောင်စာတောင့်တွေ ထည့်တဲ့ ရေလှောင်ကန် ထိခိုက် ပျက်စီး နိုင်ခြေ ရှိတယ်လို့ တွက်ဆ ပြောဆိုနေတာလည်း ရှိပါတယ်။

ညူကလီယား အကျပ်အတည်းနဲ့ပတ်သက်ပြီး အခုထက်ထိ ဂျပန်မီဒီယာတွေမှာ ရေးသား ဖော်ပြတာတွေ၊ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ ထုတ်ဖော် ပြောဆိုတာတွေကို ကျနော် သတင်း တွေအဖြစ်နဲ့ မြန်မာလို ဘာသာပြန်တာ ရေးသားတာတွေ လုပ်နေခဲ့ပါတယ်။

အခုရေးတဲ့ အက်ဆေး က ကျနော် ဖတ်ရှုလေ့လာလို့သိရှိခဲ့ရတာတွေကို ဆက်စပ်တွေးတောပြီး သုံးသပ် ရေးသား ထားတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ညူကလီယားနဲ့ပတ်သက်ရင် ဘယ်တော့မှ ပေါ့ပေါ့မတွေး သင့်ဘူးလို့ ကျနော်အနေနဲ့မှတ်ယူထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့လူသားတွေနဲ့ သဘာဝ ပတ်ဝန်းကျင်အတွက် အင်မတန်မှ အကျိုးရှိစေသလို အင်မတန်မှ အန္တရာယ်ပေးနိုင်လို့ပဲဖြစ်ပါ တယ်။

ကျော်ကျော်စိုး
မတ်လ ၂၃ ရက်၊ ၂၀၁၁ ခုနှစ်

0 comments: