Monday, March 21, 2011

ညူကလီးယား ကောင်းလားဆိုးလား


ညူကလီးယားတဲ့။ မြန်မာလိုတော့ အဏုမြူလို့ ကျနော်တို့ ဗမာတွေ ဘာသာပြန်ပြီး သုံးခဲ့တာ အခုအထိပါပဲ။ ဂျပန်ကို အမေရိကန်က အဏုမြူဗုံးကြဲလိုက်တဲ့ အခါကြမှ တကမ္ဘာလုံး အဏုမြူစွမ်းအင် အကြောင်းကို ကောင်းကောင်း သိသွား ကြတာမို့လား။ အဏုမြူစွမ်းအင်ဟာ လူသတ်လက်နက် အဖြစ်နဲ့ အသုံးပြုလို့ရသလို အဏုမြူကနေ စွမ်းအင် ထုတ်ယူပြီး လျှပ်စစ်ဓာတ်အား အနေနဲ့ လူတွေ သုံးစွဲနိုင်ပါသေးတယ်။ အဏုမြူကနေ စွမ်းအင် ထုတ်ယူခြင်းဟာ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး စတာတွေကနေ စွမ်းအင် ထုတ်ယူတာထက် ဝန်ကျဉ်းတယ်၊ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း သက်သာစေတယ်၊ ဈေးလည်း ချိုတယ်လို့ အစောပိုင်းက ဆိုခဲ့ကြပါတယ်။

အဲတာကြောင့် အနောက် နိုင်ငံများဟာ နောက်ပိုင်းမှာ အဏုမြူ ဓာတ်ပေါင်းဖို အသေးစား၊ အလတ်စားတွေ ဆောက်လုပ် ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူလာခဲ့ကြပါတယ်။ ခေတ်ဦးပိုင်းတုန်းက တချို့သော ပညာရှင်တွေက ထောက်ပြခဲ့ပါသေး တယ်။ အဏုမြူကနေ လျှပ်စစ်စွမ်းအင် ထုတ်ယူတာတော့ ဟုတ်ပါပြီ။ ဓာတ်ပေါင်းဖို မတော်တဆ ပေါက်ကွဲတာမျိုး မ ဖြစ်အောင်၊ အဏုမြူ ဓာတ်ရောင်ခြည်  ယိုစိမ့်တာမျိုး မဖြစ်အောင် လုံခြုံရေးအတွက် ဘယ်လို လုပ်ကြမလဲလို့ ဆွေးနွေး ကြပါတယ်။ သို့သော်လည်း
တချို့သော ပညာရှင် တွေကတော့ နည်းပညာ အဆင့်အတန်း မြင့်တယ်ဆိုရင် အဏုမြူ ဓာတ်ပေါင်းဖို လုံခြုံရေးအတွက် စိတ်ချလက်ချ ဆောင်ရွက် နိုင်တယ်လို့ ထောက်ပြပါတယ်။ အဲတော့ အစိုးရများနဲ့ လျှပ် စစ် စွမ်းအင် ထုတ်ယူပြီး ပြန်လည် ရောင်းချလိုတဲ့ ငွေရှင်များက နည်းပညာ အဆင့်အတန်း  မြင့်မြင့်မားမားနဲ့ ဆောင်ရွက်နိုင် တယ်ဆိုတဲ့ ပညာရှင်များကို အားကိုးပြီး အဏုမြူ ဓာတ်ပေါင်းဖိုတွေကို ဆောက်လာကြပါတယ်။ နောက်ပိုင်းမှာတော့ ဂျ ပန်နိုင်ငံမှာလည်း အမေရိကန်တွေ ပေးတဲ့  နည်းပညာကိုယူပြီး အဏုမြူ ဓာတ်ပေါင်းဖိုတွေ တည်ဆောက်ပါတယ်။ ၂ဝဝ၆ ခုနှစ် စာရင်းအရဆိုရင် ဂျပန်နိုင်ငံမှာ လျှပ်စစ်စွမ်းအင် ထုတ်ယူဖို့အတွက် တည်ဆောက်ခဲ့တဲ့ ဓာတ်ပေါင်းဖိုပေါင်း (၅၂) လုံး ရှိပါတယ်။နည်းပညာ အဆင့်အတန်း မြင့်မားရင် အဏုမြူ ဓာတ်ပေါင်းဖို တည်ဆောက်ပြီး စွမ်းအင် ထုတ်ယူတာဟာ စိတ်ချရတယ်လို့ ဆိုတာဟာ တကယ်တန်း မှန်ပါသလားဆိုတာ စောကြောစရာ ဖြစ်လာပါတယ်။

အဏုမြူဓာတ်ပေါင်းဖို ပေါက်ကွဲတာ၊ ယိုစိမ့်တာတွေကို အသာထားလိုက်ဦး။ အဏုမြူဓာတ်ပေါင်းဖိုမှာ အသုံးပြုပြီးသား ပစ္စည်းတွေကို စွန့်ပစ်တော့မယ်ဆိုရင်တောင် ရေဒီယိုသတ္တိကြွဓာတ်က အနည်းနဲ့အများ သင့်နေဆဲမို့ ကျန်နေဆဲမို့ လူ တွေအတွက် အန္တရာယ်မဖြစ်ရအောင် အဆင့်မြင့်နည်းပညာတွေကို အသုံးပြုပြီးမှ စွန့်ပစ်တယ်လို့ ဆိုပါတယ်။ အကြမ်း ဖျဉ်း ပြောရရင်တော့ အဏုမြူစွန့်ပစ် ပစ္စည်းတွေကို အကောင်းစား ကွန်ကရစ်တွေနဲ့ အထပ်ထပ် အုံပြီးမှ မြေကြီးထဲကို မြှုပ်ပါတယ်။ တချို့နိုင်ငံတွေကတော့ ပင်လယ်ထဲမှာ သွားပြစ်တယ်လို့ ဆိုပါတယ်။ မြေကြီးထဲကို မြှုပ်လိုက်တဲ့ နေရာမှာ လည်း ဘာတွေပြောစရာ ဖြစ်လာသလဲဆိုတော့ အဏုမြူ စွန့်ပစ်ပစ္စည်း မြုပ်ထားတဲ့ နေရာတဝိုက်ဟာ သာမန်ထက် အ ပူချိန် ပိုများတယ်လို့ သိရပါတယ်။ အဲသလို စွန့်ပစ်လိုက်တဲ့ ပစ္စည်းတွေမှာ ကျန်ရှိနေသေးတဲ့ ရေဒီယိုသတ္တိကြွ အဏုမြူဓာတ်ဟာ ဘယ်တော့ကျမှ လုံးလုံး ဓာတ်ပျယ်သွားပါသလဲ။ နှစ်ပေါင်း နှစ်သိန်းငါးသောင်း ကြာတော့မှ အဏုမြူဓာတ် လုံးလုံး ကင်းစင်မယ်လို့ ကျွမ်းကျင်သူ များက ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ ၁၉၉၇ ခုနှစ်တုန်းက ဓာတ်ပေါင်းဖိုတခု ယိုစိမ့်မှု ဖြစ်ပါတယ်။ လူတွေ မသိခင်မှာ အမြန်ပြန်ပြီး ပိတ်ဆို့နိုင်ခဲ့ ပါတယ်။ ၁၉၉၉ ခုနှစ်မှာလည်း နောက်ထပ် ဓာတ်ပေါင်းဖို တခုက ယိုစိမ့်မှုဖြစ်လို့ လူပေါင်း ၆ဝဝ ကျော် အဏုမြူရေဒီယို ဓာတ်သင့်ခြင်း ခံခဲ့ရပါတယ်။ ၂ဝဝ၄ ခုနှစ် သြဂုတ်လမှာလည်း ဓာတ်ပေါင်းဖိုတခု ယိုစိမ့်မှု ဖြစ်ပြန်ပါတယ်။ လူလေးဦး သေဆုံးခဲ့ရပြီး အများအပြား ဓာတ်သင့်ခြင်း ခံရပါတယ်။ အခုဟာကတော့ ငလျှင်နဲ့ ဆူနာမီဒဏ်ကြောင့် ဓာတ်ပေါင်းဖို ပေါက်ကွဲပြီး အဏုမြူ ဓာတ်ရောင်ခြည်တွေ လေထုထဲကို ယိုစိမ့် ထွက်လာပါတယ်။ ဒီတခါ ဖြစ်တာက ပိုပြီးအန္တရာယ် ရှိပါ တယ်။
အင်္ဂလန်နိုင်ငံမှာတော့ ၁၉၅ဝ ခုနှစ်များကထဲက ဓာတ်ပေါင်းဖိုတွေ ဆောက်ပြီး လျှပ်စစ်စွမ်းအင်ကို ထုတ်ယူ ရောင်းချ ပါ တယ်။ အင်္ဂလန်မှာ အဏုမြူ ဓာတ်ပေါင်းဖို (၁၁) လုံးရှိပါတယ်။ သူတို့မှာလည်း တခါတုန်းက ဓာတ်ပေါင်းဖိုတခု ယိုစိမ့်မှု ဖြစ်လို့ ပိတ်ပစ်ခဲ့ရပါတယ်။ အဲတာက ဗြိတိသျှ တပ်မတော်ကနေ  တိုက်ရိုက် ဦးစီးလုပ်ကိုင်တဲ့ ဓာတ်ပေါင်းဖို ဖြစ်ပါတယ်။ အင်္ဂလန်မှာ အခု ရင်ဆိုင်နေရတဲ့ ပြဿနာကတော့  အဏုမြူဓာတ် ကျန်နေဆဲဖြစ်တဲ့ စွန့်ပစ်ပစ္စည်းတွေကို သန့်ရှင်းသွား အောင် ဆောင်ရွက်တဲ့နေရာမှာ  ငွေကြေး အကုန်အကျ များလွန်းတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ငါးဆယ်အတွင်း အဏု မြူစွန့်ပစ် ပစ္စည်းတွေကို သန့်ရှင်းအောင် ဆောင်ရွက်ရတာ အင်္ဂလိပ်ပေါင်ငွေ ၅၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၂ ဘီ လီယံ) သုံးစွဲခဲ့ရပါတယ်။ အခုလည်း ဆက်ပြီး ငွေကုန်ခံနေရပါတယ်။

၁၉၈၆ ခုနှစ်တုန်းက ရုရှားနိုင်ငံက ရှာနိုဘိုင်းဆိုတဲ့ အဏုမြူ ဓာတ်ပေါင်းဖို ပေါက်ကွဲမှုဖြစ်တော့ လူပေါင်း အမြောက်အများ သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့လူများ ဓာတ်ရောင်ခြည် သင့်တာကို ခံခဲ့ရပါတယ်။ အဲဒီတုန်းက အဏုမြူ ဓာတ်ပေါင်းဖို တွေပိုင်ဆိုင်တဲ့ အခြားသော အနောက်နိုင်ငံများက  ဘာပြောသလဲဆိုတော့ ရုရှားရဲ့ နည်းပညာက သူတို့လို အဆင့်မမြင့် လို့ ဖြစ်ရတာလို့ လက်ညှိုးထိုးရင်း  သူတို့ကိုယ်သူတို့ ကာကွယ်ခဲ့ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံကတော့ ကျောက်မီး သွေး အခြေခံ လျှပ်စစ် ဓာတ်အားထုတ် စက်ရုံတွေကို အဏုမြူ ဓာတ်ပေါင်းဖိုတွေနဲ့ အစားထိုးဖို့ ဆောင်ရွက်နေပါတယ်။ သက္ကရာဇ် ၂ဝ၂ဝ မှာ အဏုမြူ ဓာတ်ပေါင်းဖို အလုံးပေါင်း ၃ဝ အထိ အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်။

အရင်တုန်းက အဏုမြူပညာရှင်တွေ စိုးရိမ်တာက ဓာတ်ပေါင်းဖိုအတွင်း တခုခု အမှားအယွင်းဖြစ်လို့ ပေါက်ကွဲတာ ယို စိမ့်တာကိုသာ အလေးထား ထည့်တွက်ခဲ့တာ ဖြစ်ပါတယ်။ အခုဂျပန်မှာ ဖြစ်သလို ငလျှင်ကြောင့်၊ ဆူနာမီကြောင့် အဏု မြူဓာတ်ပေါင်းဖို တိုက်ရိုက်ပေါက်ကွဲ ပျက်စီးတာမျိုးကို ထည့်မတွက်ခဲ့ကြပါဖူး။ နည်းပညာ ဘယ်လောက်ပဲ အဆင့်မြင့် မြင့် ငလျှင်ဒဏ် ပြင်းပြင်းခံရရင်၊ ဆူနာမီလိုဟာမျိုးနဲ့ တွေ့ရင် အဏုမြူ ဓာတ်ပေါင်းဖို ပျက်စီးပြီး လူတွေအန္တရာယ် တွေ့နိုင် တယ်ဆိုတာကို အခုလို လက်တွေ့ ရင်ဆိုင်လိုက်ရမှ အဏုမြူ ပိုင်ရှင်တွေ မျက်ကလဲဆန်ပြာ ဖြစ်ကြတာပါ။

ကနေ့ကမ္ဘာကြီးရဲ့ လူဦးရေ ၈ဝ% ဟာ ပင်လယ် ကမ်းရိုးတန်း တလျှောက်မှာ နေထိုင်ကြတာ ဖြစ်ပါတယ်။ ကုန်းတွင်းပိတ် နိုင်ငံတွေကလွဲလို့ ကျန်တဲ့ နိုင်ငံတွေဟာ အဏုမြူ ဓာတ်ပေါင်းဖို တည်ဆောက်ရင် ပင်လယ် ကမ်းရိုးတန်းနားမှာပဲ ကပ် ပြီး တည်ဆောက်လေ့ ရှိပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အဏုမြူ ဓာတ်ပေါင်းဖို လည်ပတ်နေတုန်း အအေးခံဖို့အတွက် ရေကို အမြောက်အများ သုံးရလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေနားနီးနီးမှာ တည်ဆောက်တာလည်း ဖြစ်ပါတယ်။ ကုန်း တွင်း ပိတ်နေတဲ့နေရာမျိုးမှာ တည်ဆောက်ထားတဲ့ အဏုမြူ ဓာတ်ပေါင်းဖိုတွေကတော့ ရေချိုကို အသုံးပြုပြီး အအေးခံ တဲ့စနစ်နဲ့ လည်ပတ်ရတာဖြစ်လို့ ရေချိုအမြောက်အများ သုံးစွဲရပါတယ်။ ဒါ့ကြောင့် ရေချိုအရင်းအမြစ်ကို တဖက်မှာ ထိ ခိုက်စေပြန်ပါတယ်။ ကနေ့ ကမ္ဘာကြီးမှာ မိုးခေါင်တဲ့နှစ်တွေ ထပ်သတဲ့ထပ် လာနေပါတယ်။ ရေချိုရှားပါးလာတယ်။ စိုက် ပျိုးရေးအတွက်တောင် ရေမလုံလောက်တဲ့ ကိစ္စမျိုးတွေ ဖြစ်လာနေတဲ့ အချိန်မှာ အဏုမြူ ဓာတ်ပေါင်းဖိုအတွက် ရေချိုကို အလွန်အမင်း သုံးစွဲရတာ အနာဂတ်မှာ ပိုပြီးကြီး ကျယ်လာတဲ့ ပြဿနာ ဖြစ်လာလိမ့်မယ်လို့ တချို့ပညာရှင်များက ဟော ကိန်းထုတ်ပါတယ်။

နောက်တချက်ကတော့ ငလျှင်ဒဏ်ကို မခံရဖူးထားဦး၊ ပင်လယ်နားမှာ ကပ်ပြီးတည်ဆောက်  ထားရတဲ့အတွက် ဆူနာမီ လိုဟာမျိုး၊ ဟာရီကိန်းနဲ့ တိုင်ဖွန်း မုန်တိုင်းလို ဟာမျိုးတွေရဲ့ ဒဏ်ကို ခံရဖို့  အလားအလာ များနေပါတယ်။ ဒါ့အပြင် ကမ္ဘာ ကြီးမှာ ရေခဲတွေ အရည်ပျော်လာတဲ့အတွက် ပင်လယ်ရေမျက်ပြင် မြင့်တက် လာတာကလည်း ရေရှည်မှာ ရင်ဆိုင်ရမယ့် ပြဿနာ ဖြစ်လာပါတယ်။ ဥပမာ တခုကို ပြောရရင် ၂ဝဝ၄ ဆူနာမီတုန်းက ရေလှိုင်းတွေဟာ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံ သာမက အိန္ဒိယ နိုင်ငံအထိ ရိုက်ခတ်ခဲ့ပါတယ်။ အဲဒီ အကျိုးဆက် ကြောင့် မဒရပ်စ်မြို့ အနားက အိန္ဒိယရဲ့ ဒုတိယအကြီး ဆုံး အဏုမြူ ဓာတ်ပေါင်းဖိုကို ခေတ္တပိတ်ပစ် ခဲ့ရပါသေးတယ်။ အင်္ဂလန်မှာလည်း အဏုမြူ  ဓာတ်ပေါင်းဖို အများစုဟာ ပင် လယ်ကမ်းရိုးတန်း အနားမှာပဲ တည်ဆောက်ထား ကြတာဖြစ်ပါတယ်။ တချို့ဓာတ်ပေါင်းဖို တွေဆိုရင် ပင်လယ်ရေမျက်နှာပြင်အထက် နှစ်မီတာ သုံးမီတာလောက်ပဲ မြင့်ပါတယ်။

ကုန်းတွင်းပိတ်မှာ ဆောက်ထားတဲ့ ဓာတ်ပေါင်းဖိုတွေဟာ အအေးခံစနစ်အတွက် ရေချိုပမာဏ အမြောက်အများ သုံးစွဲရ တဲ့အပြင် ပူနေဆဲရေတွေကို နီးရာ မြစ်ချောင်းနဲ့ အင်းအိုင်တွေထဲ သွန်ပါတယ်။ အဲတာကလည်း သဘာဝပတ်ဝန်းကျင် ကို ရေရှည်မှာ ပျက်စီးစေပြန်ပါတယ်။ ပင်လယ်နားက ဓာတ်ပေါင်းဖိုကတော့ ရေပူတွေကို ပင်လယ်ထဲ သွန်ထုတ်ပါ တယ်။ အဲတာရဲ့ အကျိုးဆက်အဖြစ် ပင်လယ်ရေအောက်နေ သတ္တဝါတွေကို ပျက်စီးစေပြန်ပါတယ်။ ခြုံပြီး ပြောရမယ်ဆို ရင် သစ်တောတွေပြုန်းလို့ ကမ္ဘာမှာ အပူချိန်မြင့်တက်လာတဲ့ အချိန်မျိုးမှာ အဏုမြူဓာတ်ပေါင်းဖိုတွေကို ဘယ်နားမှာပဲ ဆောက်ဆောက် ကမ္ဘာ့အပူချိန် မြင့်တက်လာမှုနဲ့ ရေချိုရှားပါးလာမှုကို အားပေးသလို ဖြစ်တာကတော့ အမှန်ပဲလို့ ဆိုကြ ပါတယ်။

၂ဝဝ၃ ခုနှစ်က ဥရောပမှာ စံချိန်တင် အပူလှိုင်းတွေ ဝင်ရောက်လာတော့ ပြင်သစ်နိုင်ငံက ဓာတ်ပေါင်းဖို ၁၇ မှာ တချို့ ဓာတ်ပေါင်းဖိုတွေကို ရပ်ဆိုင်းထားရပါတယ်။ တချို့ဓာတ်ပေါင်းဖို တွေကတော့ ထုတ်လုပ်မှု ပမာဏကို လျှော့ချခဲ့ရပါ တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အပူလှိုင်းကြောင့် မြေရော၊ မြစ်တွေပါ အပူချိန်တက်နေတုန်း ဓာတ်ပေါင်းဖိုက သွန်ထုတ် နေတဲ့ ရေပူတွေကပါ အပူချိန်ကို ပိုပြီးတက်လာအောင် အားပေးသလို ဖြစ်ခဲ့တာကြောင့်ပါ။ ၂ဝဝ၆ ခုနှစ်တုန်းကလည်း စ ပိန်နိုင်ငံမှာ ပူလွန်းတာကြောင့် မြစ်ရေရဲ့အပူချိန်တောင် တက်လာတာမို့ မြစ်ထဲကို ရေပူသွန်နေတဲ့ ဓာတ်ပေါင်းဖို တလုံး ခေတ္တပိတ်ခဲ့ရပါတယ်။ ၂ဝဝ၃ နဲ့ ၂ဝဝ၆ ခုနှစ်များအတွင်း ဥရောပတိုက်မှာ ဓာတ်ပေါင်းဖိုတွေဟာ ရှိသမျှစွမ်းအင်ကို အ ပြည့်အဝသုံးပြီး လျှပ်စစ်ဓာတ်အား ထုတ်ခဲ့ရပါတယ်။ ဘာလို့တုန်းဆိုတော့ အဲဒီနှစ်များအတွင်း နွေကာလတွေမှာ လေ အေးပေးစက် အလွန်အကျွံသုံးခဲ့လို့ ဖြစ်ရတာလို့ ဆိုပါတယ်။

၁၉၇၉ တုန်းက အမေရိကန်နိုင်ငံ ပင်စီဗေးနီးယားပြည်နယ်မှာ “သုံးမိုင်ကျွန်း” လို့ အမည်ရတဲ့ အဏုမြူဓာတ်ပေါင်းဖို ယို စိမ့်တာ ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၈၆ ရုရှား ရှာနိုဘိုင်း ဓာတ်ပေါင်းဖို ပေါက်ကွဲ ခဲ့ပါတယ်။ ဒါတွေကို လူတွေကမေ့နေတာ ကြာ လှပါပြီ။ သို့သော်လည်း အခု ဂျပန်နိုင်ငံက ဖူကူရှီးမား ဓာတ်ပေါင်းဖိုပေါက်ကွဲတာဟာ အမေ့မေ့ အလျှော့လျှော့ ဖြစ်နေ တဲ့ လူတွေကို ထပ်မံသတိပေးလိုက်တယ်ဆိုရင်လည်း မမှားပါဖူး။ အဏုမြူဓာတ်ပေါင်းဖိုဟာ လုံခြုံမှုရှိအောင် နည်းပညာ အဆင့် ဘယ်လောက်မြင့်တာတွေနဲ့ပဲ လုပ်လုပ် သဘာဝဘေး ဒုက္ခကပ်တွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာ လူသားတွေအ တွက် အန္တရာယ်ကျရောက်နိုင်တဲ့ အလားအလာတွေ ရှိနေသေးတယ်ဆိုတာကို ထင်ထင်ရှားရှား ပြလိုက်တာပါပဲ။

နောက်တချက်လည်း ပစိဖိတ်သမုဒ္ဒရာ ပတ်လည်က နိုင်ငံတွေဟာ ငလျှင်ကြော လိုင်းပေါ်မှာ တည်ရှိတဲ့အတွက် ငလျင် လှုပ်မှာ၊ မီးတောင် ပေါက်ကွဲမှာကို အမြဲ စိုးရိမ်နေရပါတယ်။ မြန်မာနိုင်ငံဟာ  ပစိဖိတ်ဒေသထဲမှာ မဟုတ်ပေမယ့် ငလျင် ကြောအပေါ်မှာ တည်နေပါတယ်။ မှတ်မိသလောက်တော့  မြန်မာနိုင်ငံမှာ ငလျှင်ကြီးနှစ်ခု လှုပ်ခဲ့ပါတယ်။ တခုကတော့ အင်္ဂလိပ်ခေတ်မှာ လှုပ်ခဲ့တာဖြစ်ပြီး  ပဲခူးငလျှင်ကြီးလို့ လူသိများပါတယ်။ နောက်တခုကတော့ မဆလခေတ်မှာ လှုပ်ခဲ့တဲ့ ပုဂံငလျှင်ကြီး ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဇာတ်လိုက် ကျော်ကြီးများဖြစ်တဲ့ နေပြည်တော်က ဗိုလ်ချုပ်ကြီးများမှာလည်း ညူ ကလီးယား အိပ်မက်တွေ ရှိနေပါတယ်။ ကြိတ်လည်းကြံနေပါတယ်။ သူတို့ကတော့ ပင်လယ်နားမှာ မဆောက်ရဲတော့ ကုန်းတွင်းပိတ်ထဲမှာ သွားဆောက်နေကြပါတယ်။ နောင်ကျရင် ကုန်းတွင်းပိုင်းက လူတွေ ရေချိုရှားပါးမှုနဲ့ ရင်ဆိုင်ရရင် သူတို့ လက်ချက်ပဲလို့ ဆိုရတော့မှာပါ။ ဒီကြားထဲ ကာရန်မသင့်လို့  ဓာတ်ပေါင်းဖို ပေါက်ကွဲ ယိုစိမ့်တယ် ဆိုရင်တော့ အနီးအနားက လူတွေ ခံရဦးမှာကလည်း နောက်တချက်လို့ စိတ်မသက်မသာ ဖြစ်မိပါရဲ့။

ဇော်မင်း
၁၈ ရက်၊ မတ်လ၊ ၂ဝ၁၁ ခုနှစ်
စာကိုး။ ။ “N-advocators will be back … after a suitable hiatus” by Brahma Chellaney, in Bangkok Post, 16th March 2011.
http://fine-leaves.blogspot.com မှ ကူးယူဖေါ်ပြသည်

0 comments: