Wednesday, March 23, 2011

ပင်လယ်ရေထဲမှာ ရေဒီယို ဓာတ်သတ္တိကြွတဲ့အရာ စစ်ဆေးတွေ့ရှိတာဟာ ပထမဦးဆုံးဖြစ်


မတ်လ ၂၂ ရက် ၂၂း၄၃ နာရီတွင် နံပတ် ၃ ဓာတ်ပေါင်းဖို ပြင်ပနေရာမှာ လျှပ်စစ်မီး အလင်းရောင်ရပြီလို့ တိုကျို လျှပ်စစ်ဓာတ်အားကုမ္ပဏီ TEPCO က ထုတ်ပြန် ကြေညာပါတယ်။ ၁၂ ရက်တာ ကာလအတွင်း ဓာတ်ပေါင်းဖို အနီးပတ်ဝန်းကျင်မှာ လျှပ်စစ်မီးပြန်လင်းလာတာပါ။ မတ်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ အမှတ် ၁ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွင်းမှာရှိတဲ့ ဓာတ်ပေါင်းဖို ၆ လုံးစလုံးမှာ လျှပ်စစ် ဓာတ်ကြိုး အားလုံး သွယ်တန်းပြီးသွားပြီလို့ သိရ ပါတယ်။

ညူကလီယား ဘေးကင်းရေးဆိုင်ရာအေဂျင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဟီဒေးဟိကို နိရှိယာမာ့ က နေ့ခင်း ဘက်တွင်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ လျှပ်စစ်ဓာတ်အားသာပြန်လည်ရရှိပြီဆိုလို့ရှိရင် အခြေအနေ တိုးတက်မှုရှိတယ်ဆိုတာကို မြင်သာတဲ့အနေအထားကို ရောက်လာပြီလို့ပြောရမယ်လို့ ဆိုပါတယ်။

ဟီဒေးဟိကို နိရှီယာမာ့ က ညူကလီယားလောင်စာတောင့်တွေ အရည်ပျော်လိမ့်မယ်ဆိုတဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေတွေဖြစ်လာနိုင်စရာမရှိတော့ဘူးလို့ ပြောပါတယ်။

အကျပ်အတည်းဖြစ်နေတဲ့ ဓာတ်အားပေးစက်ရုံနားက ပင်လယ်ရေထဲမှာ ရေဒီယို ဓာတ်သတ္တိကြွတဲ့အရာ တွေကို စစ်ဆေးတွေ့ရှိရတယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။ ဓာတ်အားပေး စက်ရုံရှိရာ ဖူကူရှီးမားခရိုင် နဲ့အနီး ပတ်ဝန်းကျင်က တခြားခရိုင် ၅ ခု မှာ ဟိုးရင်းဆို(မုံညင်းရွက်အနုစား)နဲ့ တခြားဟင်းသီးဟင်းရွက် တွေကို တင်ပို့ရောင်းချတာမျိုး မလုပ်ရဘူးလို့ ပိတ်ပင်လိုက်ပါတယ်။ အဲဒီဟင်းရွက်တွေမှာ ရေဒီယိုဓာတ် သတ္တိကြွတဲ့ အရာတွေ ပါဝင်မှုဟာ တရားဝင် သတ်မှတ် ခွင့်ပြုနိုင်တဲ့ ပမာဏထက် ကျော်လွန
် နေတဲ့အတွက် လို့ ဆိုပါတယ်။ TEPCO ရဲ့ အရာရှိတဦးက အဲဒီလိုတင်ပို့ရောင်းချနိုင်တာတွေ မလုပ်နိုင်တဲ့အတွက်  လျော်ကြေး ပေးမယ်လို့ အရိပ်အမြွက် ပြောဆိုပါတယ်။

TEPCO က ပင်လယ်ရေထဲမှာ ရေဒီယို ဓာတ်သတ္တိကြွတဲ့အရာ စစ်ဆေးတွေ့ရှိတာဟာ ပထမဦးဆုံးဖြစ်ပြီး ဒါဟာ ညူကလီယား ယိုစိမ့်မှုကြောင့် ယုံကြည်ရတယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်ပညာရှင်တဦးက အန္တရာယ် မဖြစ်နိုင်ဘူးလို့ အဲန်အိပ်ခ်ျကေ ရုပ်မြင်သံကြားဌာနကို ပြောပါတယ်။ ဒီလိုမျိုးညူကလီယား အကျပ်အတည်း ဖြစ်ရတာအတွက် ဓာတ်အားပေး စက်ရုံအနီးမှာ နေထိုင်ကြတဲ့ သူတွေကို TEPCO က တောင်းပန်ပါတယ်။ ဒါဟာ TEPCO အနေနဲ့ ပြည်သူတွေကို ပထမဦးဆုံးအကြိမ်အဖြစ် တောင်းပန်တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း တိုကျိုမှာနေထိုင်နေကြတဲ့ မြန်မာတွေကလည်း မတ်လ ၁၁ ရက် ငလျင်နဲ့ဆူနားမိဘေး အန္တရာယ်ဆိုးကြီးမှာ သေဆုံးသွားတဲ့သူတွေအတွက် ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့ပွဲကို ဧပြီလ ၁၀ ရက် တနင်္ဂနွေ နေ့မှာ ပြုလုပ်ဖို့စီစဉ်ထားပါတယ်။ ဘေးသင့်ခဲ့ရတဲ့သူတွေအတွက် ငွေကြေးလှူဒါန်းမှုတွေ ကိုလည်း လုပ်မှာဖြစ်ပါတယ်။

ကျော်ကျော်စိုး
ဝး၅၆ နာရီ
မတ်လ ၂၃ ရက် ။ ၂၀၁၁ ခုနှစ်

0 comments: