Tuesday, March 22, 2011

ဂျပန်ရောက် မြန်မာများအတွက် ဂုဏ်ပြုစကား (လူထုစိန်ဝင်း )



ဂျပန် ငလျင်ကြီး လှုပ်ပြီး သုံးရက်မြောက်နေ့မှာ တိုကျိုရောက် တပည့်မ တယောက်က ဖုန်းဆက်ပြီး ဘေးမသီရန်မခ ရှိနေ တဲ့အကြောင်း သတင်းပေးတယ်။ တိုကျိုမှာ နေကြတဲ့ သူငယ်ချင်းတွေ အားလုံးလည်း ဘာမှ မဖြစ်ကြဘူးလို့ ပြောကြ တယ်။

ဖုန်းလေးတဆက်ကြောင့်
ကျောင်းသူ ကျောင်းသား တပည့်တွေ အများစုက တိုကျို၊ တိုင်ပေနဲ့ အမေရိကမှာ ရှိနေကြလေတော့ ငလျင်သတင်းကြား တာနဲ့ သူတို့တတွေအတွက် စိတ်ပူရတယ်။ အင်တာနက်နဲ့ ဖုန်းအဆက်အသွယ်တွေ ပြတ်တောက်နေတော့ ပူရုံအပြင် ဘာမှမတတ်နိုင်ဘူး။ မိသားစု တချို့ကလည်း စိတ်ပူပြီး အဆက်အသွယ်များ ရသလားလို့ လှမ်းမေးကြတယ်။
တပည့်မလေးက ဖုန်းဆက်အကြောင်းကြားလို့ ဝမ်းသာရသလို ကျေးဇူးလည်း တင်မိတယ်။ လက်လှမ်းမီရာ မိသားစုများ ကိုလည်း မြန်မာတွေ ဘေးမသီရန်မခ ရှိကြတဲ့အကြောင်း သတင်းကောင်းပါးရတယ်။ ဒါကြောင့် ဖုန်းဆက်တဲ့ တပည့်မ ကို ကျေးဇူးတင်မိတယ်လို့ ပြောရတာ ဖြစ်တယ်။ သူ့ဖုန်းလေ တဆက်က ကြောင့်ကြစိတ်တွေနဲ့ ပူပင်သောက ရောက်နေ ကြရှာတဲ့ မိသားစုပေါင်းများစွာရဲ့ ရင်တွေကို အေးသွားစေတယ်လေ။
အရေးကြီးတော့ သွေးနီးကြ
ဒါတင်မကသေးပါဘူး။ တပည့်မ ဖုန်းဆက်ပြောတဲ့အထဲမှာ
တိုကျိုမှာရှိတဲ့ မြန်မာတွေ အတော်များများဟာ နီးစပ်ရာ အ ချင်းချင်းစုပြီး မြန်မာတွေ အနေများတဲ့ ရပ်ကွက် တွေကို လှည့်ပြီး သတင်းမေးကြတယ်။ လိုအပ်တဲ့ အကူအညီတွေ ပေး ကြတယ်။ တချို့ကတော့ ဂျပန် ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးနေတဲ့ ဓာတ်ရောင်ခြည် ကာကွယ်ရေး သတိပေးချက် တွေကို မြန်မာလိုပြန်ပြီး မြန်မာ ရပ်ကွက်တွေကို လိုက်လံ ဖြန့်ဝေပေးနေကြတယ်။

ရထားတွေ၊ ဘတ်စ်ကားတွေ ဘာမှမရှိတော့ ခြေကျင်လျှောက် ဝေနေကြရတယ်။ သိပ်ချီးကျူးဖို့  ကောင်းတယ်လို့ ပြောပြ တယ်။ ဈေးဆိုင်တွေလည်း ဝယ်မရတော့လို့ တချို့ စားစရာ ပြတ်ကြတယ်။  အပိုရှိတဲ့ လူတွေက ဆန်နဲ့ ခေါက်ဆွဲခြောက် တွေ မျှဝေပေးကြတယ်။ တချို့များ သောက်စရာ ရေတောင်  မရှိကြတော့ဘူးလို့လည်း ပြောပြပါတယ်။ အရေးကြီးတော့ လည်း သွေးနီးကြသားပဲကိုး ဆိုပြီး  ဝမ်းသာပီတိ ဖြစ်ရတယ်။

ဂုဏ်ယူရတဲ့စရိုက်
အချင်းချင်း သွေးစည်းကြရုံသာ မဟုတ်ဘူး။ စီးစရာ ယာဉ်ရထား မရှိလို့ အဝေးကြီး လမ်းလျှောက်ပြီး အိမ်ပြန်ကြရတဲ့ သက်ကြီး ရွယ်အိုတွေနဲ့ ကလေး အမေတွေ တွေ့ရင်လည်း မြန်မာတွေက အထုပ်ကူဆွဲပေး၊  ကလေးချီပေးနဲ့ တတ်နိုင်သ မျှ ၀ိုင်းကူကြလို့ ဂျပန်တွေကတောင်  ချီးကျူး ကျေးဇူးတင် ကြတယ်လို့လည်း တပည့်မက ထည့်ပြော သွားသေးတယ်။ လူ တဖက်သားကို ကြင်နာတတ်၊  စေတနာ ထားတတ်တဲ့ မြန်မာ့ စရိုက်ကတော့ ခေတ်တွေဘယ် လောက်ပြောင်းပြောင်း၊ ပြောင်းလဲ မသွားပါလားလို့ တွေးပြီး အခြောက်တိုက် ၀င်ပြီး ဂုဏ်ယူ လိုက်ရသေးတယ်။ အမျိုးဂုဏ် မြှင့်တင်ပေးတဲ့ လူငယ် တွေကို  ချီးကျူးမိပါတယ်။

ဓာတ်ရောင်ခြည်ယိုစိမ့်
ဂျပန်ကတပည့်မ ဖုန်းချသွားပြီး မကြာမီမှာပဲ ဆန်ဖရန်စစ္စကိုမှာနေတဲ့ တပည့် တစ်ယောက်က ဖုန်းဆက်ပြီး ဂျပန်မှာ နျူ ကလီးယား ဓာတ်ပေါင်းဖိုတွေ မီးလောင်လို့ ဓာတ်ရောင်ခြည် ယိုစိမ့်နေပြီ။ အမြဲတမ်း ဖွင့်ထားတဲ့ ပြတင်းပေါက်တွေ ပိတ် ထားပါ။ မိုးရွာရင် အိမ်သားတွေ အပြင် မထွက်ပါစေနဲ့။  မိုးရေ အထိမခံပါနဲ့လို့  စိုးရိမ်တကြီးနဲ့ သတိပေးတယ်။ ဆူနာမီလှိုင်း လုံးကြီး တွေရဲ့အရှိန်က သူတို့  ဆန်ဖရန်စစ္စကို အထိ ရိုက်ခတ် တယ်လို့လည်း ပြောပြတယ်။ သူတို့ဆီမှာလည်း မုန်တိုင်း ကြောက်ရ၊  တောမီးလောင်တာ ကြောက်ရနဲ့ နေလို့ မကောင်းတော့ဘူးလို့လည်း ညည်းတယ်။ မြန်မာပြည်ကို  လွမ်းတယ် ဆရာရယ်လို့ တမ်းတရှာတယ်။

တွံတေးသိန်းတန်အခွေမှာ
သူဟိုရောက်နေတာ နှစ်အစိတ် လောက်ရှိပြီ။ ပြန်လာချင်တယ်လို့ ခဏခဏ ပြောပေမဲ့ ပြန်မလာနိုင်ပါဘူး။ ဟိုမှာသား တွေ၊ သမီးတွေနဲ့ အခြေကျနေပြီ ဖြစ်တော့ ပြန်လာဖြစ်မယ် မထင်ပါဘူး။ ခဏတဖြုတ်  အလည်အပတ် သဘောလောက် သာ လာနိုင်တော့မှာပါ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က တစ်ခါ သူပြန်လာပြီး  တပတ် ရဟန်းခံ သွားသေးတယ်။ သူက ရန် ကုန် ပေါက် တရုတ်လူမျိုးပါ။ ဒါပေမဲ့ မြန်မာစာ အဓိကနဲ့ ဘွဲ့ရပြီးမှ ထွက်သွားတာ ဖြစ်တယ်။ ဟိုရောက်ပြီး လေး၊ ငါးနှစ် လောက်ကြာတော့ လူကြုံတိုင်း တွံတေး သိန်းတန် အခွေတွေချည့် မှာလေ့ရှိတယ်။ အခုနောက်ပိုင်းကျတော့ တရားခွေ တွေပါ ပို့ပေးပါလို့  မှာတတ်တယ်။ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာ ကြီးတဲ့ မြန်မာလူမျိုး မဟုတ်သူတွေတောင် မြန်မာ ပြည်ကို မလွမ်းဘဲ မနေနိုင်ပါလားလို့ တွေးမိပြီး သူတို့အားလုံးအတွက် စိတ်မကောင်းဖြစ်ရတယ်။

သြဘာနိမိတ်ထွန်း
မြန်မာလူမျိုးတွေသာ မြန်မာပြည်ကိုလွမ်းတာ မဟုတ်ဘူး။ အကြောင်းအမျိုးမျိုးနဲ့ မြန်မာပြည်မှာ တစ်နှစ်တန်သည် နှစ်နှစ် တန်သည် လာနေဖူးတဲ့ နိုင်ငံခြားသားတွေလည်း မြန်မာပြည်က မပြန်ချင်ကြဘူး။ မတတ်သာလို့ ပြန်သွားရရင်တောင် မြန်မာပြည်ကို အမြဲတမ်း တသသ ဖြစ်နေတတ်ကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံး၊ လေးဆယ်လောက်က မြန်မာပြည်မှာ နေဖူးခဲ့တဲ့ နိုင်ငံခြားက မိတ်ဆွေတွေဆို ခုချိန်ထိ မြန်မာကို လွမ်းလို့ မဆုံးနိုင်ကြသေးဘူး။ အဆက်အသွယ်မပြတ် လုပ် ကြတယ်။ အခါအခွင့်သင့်တိုင်း ပြန်လာလည်ကြတယ်။ တချို့ဆို ဆွေမျိုးရင်းချာလိုတောင် အပြန်အလှန် သံယောဇဉ် ဖြစ်နေကြရတယ်။ ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်တာ မဟုတ်ဘူး။ မြန်မာလူမျိုးတွေက ချစ်စရာကောင်းသလို မြန်မာနိုင်ငံက လည်း အင်မတန်နေချင်စရာကောင်းတဲ့နိုင်ငံ ဖြစ်တယ်။ ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း သြဘာနိမိတ်ထွန်းတဲ့ ဒေသလို့ တောင် ဆိုရိုးရှိခဲ့တာ မဟုတ်လား။

သယံဇာတကြွယ်ဝ
မြန်မာပြည်က ဥတုသပ္ပာယ မျှတတယ်။ အပူအအေး လွန်ကဲမှု မရှိဘူး။ နှင်းတွေကျ ရေတွေခဲ ဆိုတာမျိုး မရှိသလို ပူ လွန်းလို့ ဧကသိန်းချီပြီး တောမီးလောင်ကျွမ်းတယ် ဆိုတာမျိုးလည်း မရှိဘူး။ စားနပ်ရိက္ခာ ကောက်ပဲသီးနှံနဲ့ မြေပေါ်မြေ အောက် သယံဇာတ မျိုးစုံပေါကြွယ်ဝတယ်။ ရေနံနဲ့ဓာတ်သတ္တုမျိုးစုံလည်း ရှိတယ်။ အခြေခံ စားဝတ်နေရေးအတွက် လောက်ကတော့ ဘယ်နိုင်ငံခြားကိုမှ အားကိုးနေဖို့ မလိုဘူး။ ကိုယ့်ဟာကို လိုလေသေးမရှိ ပြည့်စုံတယ်။ ဒါကြောင့် လည်း ရှေးက အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ဒတ်ခ်ျ၊ ပေါ်တူဂီ စတဲ့ နယ်ချဲ့နိုင်ငံကြီးတွေ အားလုံးက အငမ်းမရ သူ့ထက်ငါဦး အောင် မြန်မာပြည်ကို သိမ်းပိုက်ချင်ခဲ့ကြတာ ဖြစ်တယ်။

ကန်သမ္မတရဲ့ မှတ်ချက်
မြန်မာ့ကျွန်းသစ်ဆိုတာ ကမ္ဘာပေါ်မှာ သူ့လောက်ကောင်းတဲ့သစ်မျိုး ဘယ်မှာမှ မရှိဘူး။ နယ်ချဲ့သမားတွေ နှစ်ပေါင်း တ ရာကျော် ခုတ်လှဲရောင်းချခဲ့တာ မကုန်နိုင်ဘူး။အဲဒီလောက်ပေါတာ။ ဒုတိယကမ္ဘာစစ် မတိုင်မီကဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ နံပတ်တစ် ဆန်တင်ပို့ ရောင်းချတဲ့နိုင်ငံ ဖြစ်ရုံမက ငွေနဲ့ခဲ ဓာတ်သတ္တုအများဆုံး တင်ပို့တဲ့နိုင်ငံလည်း ဖြစ်ခဲ့ တယ်။ လူတွေကလည်း အင်မတန် စိတ်နှလုံးနူးညံ့သိမ်မွေ့ပြီး သဒ္ဓါ ရက်ရောကြတယ်။ ခွင့်လွှတ်သည်းခံစိတ် ကြီးမား တယ်။ စိတ်ယဉ်ကျေးမှု အင်မတန် အထက်တန်းကျတယ်။ မြန်မာပြည်က နမ္မတူဘော်တွင်းမှာ အင်ဂျင်နီယာအဖြစ် လာ ရောက် အမှုထမ်းဖူးပြီး နောင်တော့ အမေရိကန်နိုင်ငံရဲ့ ၃၁ ဦးမြောက် သမ္မတဖြစ် သွားခဲ့တဲ့ ဟားဘတ်ဟူးဗား (Herber Hoover 1847-1964)က ”မြန်မာလူမျိုးများဟာ အာရှတိုက် တစ်ခုလုံးမှာ ပျော်ရွှင်ချမ်းမြေ့မှု အစစ်အမှန်ကို ရရှိထားတဲ့ တခုတည်းသော လူမျိုး ဖြစ်တယ်” လို့တောင် မှတ်ချက်ချခဲ့ဖူးပါတယ်။

လှိုက်လှိုက်လှဲလှဲ
ရေကြည်ရာမြက်နုရာ ရှာဖွေရင်း ကမ္ဘာ့နေရာအနှံ့အပြားမှာ ရောက်ရှိနေကြတဲ့ မြန်မာတွေဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို မချစ်လို့ ကျောခိုင်းစွန့်ခွာသွားကြတာ မဟုတ်ပါဘူး။ အခြေအနေက တွန်းပို့လို့သာ မလွှဲမရှောင်သာ သွားကြရတာပါ။ ကိုယ့်ရပ် ကိုယ့်ရွာကို မလွမ်းတဲ့လူ၊ မပြန်ချင်တဲ့သူ ဘယ်ရှိမှာလဲ။ သူတို့အားလုံးရဲ့ အမျိုးချစ်စိတ်က ဂျပန် ငလျင်ကြီးလို ကိစ္စကြီး ကြုံတွေ့လာတော့ အထင်းသား  ပေါ်ထွက် လာခဲ့တာပဲ မဟုတ်လား။ မြန်မာ အချင်းချင်းပဲ ဆိုပြီး ကူညီစောင့် ရှောက်ကြ၊ ရိုင်းပင်း ကြတယ်လေ။ ဒီအတွက် လူငယ်တွေကို ချီးကျူးမိတယ်။ မြန်မာချင်း သာမက အကူအညီ လိုအပ်နေ တဲ့  ဂျပန်လူမျိုး တွေကိုလည်း ကူညီကြတယ်ဆိုလို့ ပိုပြီး ၀မ်းသာရတယ်။ ဘိုးစဉ်ဘောင်ဆက် စိတ်ယဉ်ကျေးမှု အထက် တန်း ကျခဲ့တဲ့ မြန်မာတို့ရဲ့ စရိုက်ကို ဆက်ခံပြီး မြှင့်တင် ပေးခဲ့ကြတဲ့အတွက် လူငယ် လုံမငယ်လေးတွေ  အားလုံးကို လှိုက် လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်ပါတယ်။
http://www.news-eleven.com/ မှ ကူးယူဖော်ပြပါတယ်။

0 comments: