Tuesday, March 29, 2011

ကူညီကယ်ဆယ်ရေး မျှော်နေဆဲ ငလျင်ဒဏ်ခံဒေသ

လားဟူ ဘုရားရှိခိုးကျောင်း ပြိုကျသဖြင့် လူ ၂၂ ဦး ပွဲချင်းပြီး သေဆုံးသွားသည်
28 March 2011

ရှမ်းပြည်အရှေ့ပိုင်း ငလျင်ဒဏ်ခံဒေသ အခြေအနေတွေကို သွာရောက်လေ့လာ တင်ပြဖို့ တာချီလိတ်မြို့က စထွက်ပြီး မယ်ယန်း၊ မယ်ဟုတ်၊ မိုင်းကိုး စတဲ့ ကျေးရွာတွေကို စတင်ဖြတ်သန်း ကတည်းက အိမ်တိုင်းအိမ်တိုင်းရှေ့မှာ သဲ ကိုးပုံ၊ ရေ ကိုးခွက်၊ ထီးဖြူ၊ တံခွန် ကုက္ကားနဲ့ ပူဇော်ထားတာကို တွေ့နေရပါတယ်။
အဲဒါ ဘာအတွက်လဲလို့ ဒေသခံတဦးကို မေးကြည့်တော့ နာမည်ကြီး ဆရာတော်တပါးဖြစ်တဲ့ မိုင်းဖုန်း ဆရာတော်က နောက်ထပ် ငလျင်ဒဏ် မခံရအောင် အစီအမံ ပေးထားတာလို့ သိရတယ်။ ဒါ့အပြင် အိမ်တိုင်းရှေ့မှာလည်း ပရိတ်ကြိုးအဖြူတွေကို ချည်နှောင်ထားတာ မြင်ရတယ်။ ဒါပေမယ့် လောလောလတ်လတ် ငလျင်ဒဏ်ခံထားရတာမို့ လူတွေကတော့ စိတ်မချနိုင်ဘဲ အိမ်ရှေ့မှာ ရွက်ဖျင်တဲလေးတွေ ထိုးနေကြတာ မြင်ရတယ်၊

တာလေသွားတဲ့ ကတ္တရာလမ်း တလျှောက်မှာ ငလျင်ဒဏ်ကြောင့် ကွဲထွက်သွားတဲ့ ပတ်ကြား အက်ကြောင်း ကြီးတွေကို တွေ့နေရပါတယ်။ “တာလေမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ကို ကျော်လွန်တော့ တဘက်ကို နိမ့်ဆင်းသွားတဲ့ တာလေတံတားကြီးမှာ တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး ကိုယ်တိုင် လာရောက် စစ်ဆေးနေတဲ့အတွက် စက်ယန္တရားကြီးတွေနဲ့ အားချင်း ပြင်ဆင်နေကြတယ်။

မြို့အ၀င်က ခြေမြန်တပ်ရင်း (၃၁၆) မှာလည်း လူနေတန်းလျားတွေ ပြိုပျက်သွားတဲ့အတွက် တပ်ရှေ့က ကွင်းပြင်မှာ တပ်မိသားစုတွေ ချက်ပြုတ်စားသောက်ပြီး လှဲလျောင်းနေကြပါတယ်။ ဒုက္ခသည်တွေကို နေရာချထားပေးထားတဲ့ တံတားနားအနီး ကွင်းပြင်ထဲက ရွက်ဖျင်တဲတွေထဲမှာ ဒုက္ခသည်တွေသာမက စစ်သားတွေလည်း အိပ်နေကြပါတယ်။ ဒုက္ခသည်အများစုဟာ နောက်ထပ် မြေငလျင်လှုပ်မှာကို စိုးရိမ်တဲ့အတွက် ညပိုင်း ရဲရဲဝံ၀ံ မအိပ်ရဲကြဘူးလို့ သိရတယ်။

ဗိုလ်မှူးချုပ် သန်းထွန်းဦးနဲ့ စစ်ဒေသမှူး၊ ဒေသဆိုင်ရာ အာဏာပိုင်တွေအပြင် ရဲတပ်ဖွဲ့တွေက တဘက် နိမ့်ဆင်းသွားတဲ့ တာလေ တံတားကို သွားလာ နိုင်အောင် မြေတူးစက်ကြီးတွေနဲ့ ရှင်းလင်း ပြင်ဆင်နေတဲ့ အနီးမှာ ရှိနေကြပါတယ်။

တိုင်းမှူးနဲ့ အဖွဲ့ကို လုံခြုံရေး ယူပေးထားရတဲ့ မောင်းပြန်သေနတ်ကိုင် စစ်သားတွေ၊ ကားခေါင်မိုးပေါ်မှာ စက်သေနတ်ကို ထောက်တင်ထားပြီး လာသမျှကားတွေ၊ ဆိုင်ကယ်တွေကို လမ်းဘေးဆင်းဖို့ ၀ီစီ တကြော်ကြော် မှုတ်ပြီး မောင်းနှင်နေတဲ့ စစ်ကားတွေကိုလည်း တွေ့နေရပါတယ်။

တာလေမြို့အ၀င်က ရိုမန်ကက်သလစ် လားဟူ ခရစ်ယာန် ဘုရားကျောင်းကြီးကတော့ မြေမှာ ၀ပ်ဆင်းနေပါတယ်။ ကျောင်းရှေ့မှာ ခရစ်ယာန်ဘာသာဝင်တွေလည်း သူတို့ဘုရားကျောင်းကြီးကို ကြည့်ပြီး သူတို့ဘာသာစကားနဲ့ တယောက်တပေါက် ပြောဆိုနေပါတယ်။

တာလေမြို့က လမ်းဘေးတဘက်တချက်မှာရှိတဲ့ အိမ်မှန်သမျှ အားလုံး ၀ပ်ဆင်းပြီး ပြိုလဲနေပါတယ်။ အိမ်ခြေ ၁၇၅ အိမ်ရရှိတဲ့ တာလေမြို့ဟာ အခုတော့ ၆ အိမ်သာ အကောင်းပကတိ ကျန်ခဲ့တယ်လို့ တာလေမြို့ခံတဦးက ပြောပါတယ်။

တာလေမြို့နယ် ပြည်သူ စစ်ခေါင်းဆောင် ဦးခင်မောင်လှက “၀ုန်း” ဆိုတဲ့ အသံကြီး ကြားရပြီး အိမ်ကြီး တုန်သွားကတည်းက သွားပြီဆိုတာ သိလိုက်ပြီ၊ အိမ်ရှေ့လှမ်းကြည့်လိုက်တော့ ကျနော်နေတဲ့ အပေါ်ဆုံး ၃ ထပ်နဲ့ အိမ်ရှေ့ကတ္တရာ လမ်းနဲ့က တပြေးတည်းဖြစ်သွားတာ မြင်လိုက်ရတယ်လို့ ငလျင် အတွေ့အကြုံကို ပြောပြပါတယ်။

“တုန်လှုပ်ပြီးတော့ အမှတ်မထင် လမ်းမကို ပြေးထွက်လိုက်တယ်။ သတိရလို့ မိသားစုဝင်တွေကို လိုက်စစ်ဆေးလိုက်တော့ အသက် ၈၀ ကျော် အမေအိုကြီး၊ သားသမီး မြေးတွေက ဘာထိ ခိုက်ဒဏ်ရရာမှ မရဘဲနဲ့ အကောင်းပကတိပါပဲ၊ ဒါပေမယ့် ဇနီးသည်ကို မတွေ့ရပါဘူး။ လိုက်ရှာတော့ မြေအက် ကြောင်းကြီးထဲမှာ ပြားဝပ်သွားတဲ့ ဒုတိယထပ် တနေရာမှာ ခေါင်းငိုက်စိုက်နဲ့ သေဆုံး နေတာကိုတွေ့လို့ တုန်လှုပ်သွားတယ်” လို့ ဦးခင်မောင်လှက ဆက်ပြောပါတယ်။

သူ့အိမ်နံဘေးက အိမ်တွေအားလုံးလည်း မြေပြင်မှာ ပုံလျက်သား လဲပြိုနေပြီး အနောက်ကိုဖက် မျက်နှာပြု ဆောက်ထားတဲ့ သူအိမ်ကတော့ အလျားလိုက် မြောက်ဘက်ကို ခြောက်ပေလောက် ရွေ့သွားတယ်လို့ ဦးခင်မောင်လှက ဆိုပါတယ်။

အခုတော့ ပြိုသွားတဲ့ အိမ်ရဲ့ ရှေ့လမ်းမကြီး နံဘေးမှာ ရွက်ဖျင်တဲထိုးပြီး လာသမျှ ရပ်နီးရပ်ဝေး မိတ်ဆွေ သင်္ဂဟတွေကို ရှမ်းဘာသာနဲ့ တမျိုး၊ ဗမာဘာသာနဲ့ တဖုံ ခေါင်းငိုက်စိုက်ချကာ အကျိုးအကြောင်း ရှင်းပြနေပါတယ်။ ရွက်ဖျင်နဲ့ ထိုးတားတဲ့ မဏ္ဍပ်ထဲမှာတော့ ပျက်စီးသွားတဲ့ အိမ်ထဲက ရသမျှ ဆွဲထုတ်ထားတဲ့ ကြေးသွန်း ဘုရားဆင်းတု ၂ ဆူ၊ ဘုရားပုံ ကားချပ် တချို့၊ ရဟန္တာပုံတော်တွေ နဲ့ တခြားသော တိုလီမိုလီ ပစ္စည်းတွေကို တွေ့နေရပါတယ်။

အိမ်ထဲက ယူလာတဲ့ ခုံတန်းလျားတချို့နဲ့ ဆိုဖာ ဆက်တီတွေအပေါ်မှာတော့ သူ့ရဲ့ အမေအိုကြီး၊ သမီးနဲ့ မြေးကလေးတို့ ထိုင်နေကြပြီး ကလေးတွေကတော့ မိမိတို့ရဲ့ မိခင်ဆုံးရှုံးရမှု၊ ပစ္စည်းဥစ္စာဆုံးရှုံးရမှု၊ တခါမှ မတွေ့ကြုံဖူးတဲ့ သွေးပျက်ဖွယ် အတွေ့အကြုံ ဆိုးကြီးကြောင့် ငူငူငိုင်ငိုင်နဲ့ များပြားလှတဲ့လူတွေကို ဂရုမစိုက်၊ စကားမပြောနိုင်ဘဲ ထိုင်နေကြပါတယ်။

တာလေ လမ်းမကြီးတလျှောက်က အိမ်တွေကတော့ ငလျင်ဒဏ်ကြောင့် အားလုံးလဲပြိုနေသလို အသက်ရှင်ကျန်ခဲ့သူတွေလည်း ဦးခင်မောင်လှလို့ပဲ လမ်းဘေးမှာ ရွက်ဖျင်တဲတွေ ထိုးပြီး နေနေကြပါတယ်။ တချို့ကလည်း ဆွေမျိုးသားချင်း အကူအညီနဲ့ အပုံလိုက်ဖြစ်နေတဲ့ မိမိတို့ အိမ်တွေထဲက ရသမျှ ပစ္စည်းတွေကို ဆွဲထုတ်နေကြတယ်။

အိမ်ကိုပြန်ဆောက်ပြီး ထူထောင်ရေး လုပ်နိုင်ပါ့မလားလို့ ဦးခင်မောင်လှကို မေးကြည့်တော့ သူအနေနဲ့တော့ ဒီနေရာမှာ ပြန်ပြီး မလုပ်ချင်တော့ကြောင်း၊ ဘာကြောင့်လဲဆိုတော့ နံဘေးက အိမ်တွေကလည်း ပြန် မဆောက်တော့ဘဲ အားလုံး ဆွေမျိုးသားချင်းတွေရှိတဲ့ တာချီလိတ်တို့၊ ကျိုင်းတုံတို့ကို ပြောင်းတော့မှာ ဖြစ်ကြောင်း၊ ပြန်ဆောက်ရမယ် ဆိုရင်တောင် သူအနေနဲ့ ဒီနေရာမှာ တအိမ်တည်း ကျန်ခဲ့မှာကို မလိုလားကြောင်း စိတ်မကောင်းစွာနဲ့ ရှင်းပြပါတယ်။

“တာလေမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ထိပ်ကနေ မိုင်းလင်းသွားတဲ့လမ်းအထိ အပျက်အစီးတွေကို လာကြည့်တဲ့သူတွေ၊ ဆွေမျိုးမိတ်ဆွေတွေဆီကို ကူညီဖို့၊ သတင်းမေးဖို့ လာတဲ့သူတွေ၊ တာချီလိတ်၊ ကျိုင်းတုံ၊ မယ်ဆိုင်မြို့က အကူအညီပေးဖို့လာတဲ့ တသီးပုဂ္ဂလ အလှူရှင်တွေ၊ နာဟောင်းမူး၊ ဟောင်လိတ် အစရှိတဲ့ ကျေးရွာ ရပ်ကွက်တွေက စုပေါင်းပြီး လာလှူဒါန်းတဲ့သူတွေ၊ ကြက်ခြေနီ တံဆိပ်ကို ရင်ဘတ်နဲ့ကျောမှာ ချိတ်ထားသူတွေဟာလည်း လမ်းမကြီးပေါ်မှာ အပြည့်ပါပဲ။

ယမန်နေ့ကတော့ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ် အောင်သန်းထွဋ်နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဦးမောင်မောင်ဆွေ လာရောက်ပေမယ့် ဘာမှမယ်မယ်ရရ လုပ်ကိုင်ပေးသွားတာ မရှိသေးပါဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

တခါတလေ ရှားရှားပါးပါး World Vision လို့ အမည်တပ်ထားတဲ့ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေး အဖွဲ့ ၀တ်စုံဝတ် ၀န်ထမ်းတချို့သာ ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး ခေါက်ဆွဲခြောက်ထုတ်နဲ့ရေ၊ တခြားစားသောက်ဖွယ်ရာတွေကို ဝေခြမ်းနေတာတွေ့ရတယ်။ မိုးရွာလို့ ချမ်းအေးနေပေမယ့် စောင်နဲ့ အိပ်ရာခင်းတွေကို ပေးဝေကြတာ မရှိသေးဘူးလို့ သိရတယ်။

တာချီလိတ်က မိုးကာဖျင်ရောင်းတဲ့ ဆိုင်တွေမှာ ရောင်းစရာလက်ကျန် မရှိတော့ဘူးလို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအနေနဲ့ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးအဖွဲ့ရော တခြားပုဂ္ဂလိက အဖွဲ့တွေပါ ဝေခြမ်းရေး၊ ကူညီရေးအတွက် စာရင်းကောက်ခံပေမယ့် ထိထိရောက်ရောက် မလုပ်နိုင်သေးတာကို တွေ့ရပါတယ်။

အစိုးရရဲ့ အကူအညီတွေကို လောက်လောက် လားလား မတွေ့ရသေးသလို နိုင်ငံတကာ အကူအညီလည်း မလာသေးပါဘူး။ ဒီနေ့တော့ ထိုင်းအစိုးရ ကူညီ ကယ်ဆယ်ရေး ကားတွေ လာပေမယ့် စစ်အစိုးရ အာဏာပိုင်တွေက နှစ်နိုင်ငံ နယ်စပ် တံတားပေါ်မှာပဲ ကယ်ဆယ်ရေး ပစ္စည်းတွေကို လက်ခံခဲ့တယ်။ ပြီးမှသာ ဒေသခံ ဒုက္ခသည်တွေကို ပြန်ပြီးပေးမှာလို့ သိရပါတယ်။

ဗိုလ်ချုပ် အောင်သန်းထွဋ်နဲ့ တိုင်းမှူးပါ ရောက်နေတဲ့အတွက် လုံခြုံရေးအရ ထိုင်း-မြန်မာ နယ်စပ်ကနေ ကျိုင်းတုံအထိ ကမ္ဘာလှည့် ခရီးသွားများရဲ့ ခရီးစဉ်ကို ပိတ်ထားလိုက်ပြီလို့ သိရတယ်။

ဒုက္ခသည်တွေအားလုံးဟာ နေစရာမရှိဖြစ်နေပြီး ယမန်နေ့ညက မိုးသည်းထန်စွာ ရွာတဲ့အတွက် ဗွက်ပေါက်နေတဲ့ ကွင်းပြင်ကြီးထဲမှာ အပြာရောင်နဲ့ အဖြူရောင် ကြားထားတဲ့ ရွက်ဖျင်တဲကြီးတွေ၊ ကြက်ခြေနီ အဖွဲ့ကပေးတဲ့ ရွက်ဖျင်တဲ အဖြူကြီးတွေနဲ့ အေးစက်နေတဲ့ မြေပြင်မှာ နေနေရပါတယ်။

မြို့ပျက်ကြီး တမြို့လိုဖြစ်နေတဲ့ တာလေမြို့ တနေရာမှာတော့ ၈ နှစ်အရွယ် မိန်းကလေး တယောက်ဟာ အပျက်အစီး ပုံထဲက ပြန်တွေ့ရတဲ့ သူရဲ့ ဓာတ်ပုံလေးကို ချောင်းရေနဲ့ တယုတယ အသေအချာ ဆေးနေတာကို တွေ့ခဲ့ရပါတယ်။

တာလေ လမ်းမတလျှောက် ဘယ်နေရာ ဘယ်အိမ်ပဲ ကြည်လိုက်ကြည့်လိုက် အကောင်းပကတိ ကျန်ခဲ့တယ်ဆိုတာ မတွေ့ရပါဘူး။ မြို့လယ်က တာလေဘုန်းကြီးကျောင်းရဲ့ ဓမ္မာရုံကြီးဟာလည်း မြေပြင်မှာ ပြားပြားဝပ်ဆင်းနေပါပြီ။ အပျက်အစီးပုံရဲ့ရှေ့မှာတော့ ကိုရင် သုံးပါး၊ ငလျင်ကြောင့် နဖူးမှာ ဒဏ်ရာရလို့ ပလာစတာကပ်ထားတဲ့ ကပ္ပိယတယောက်တို့ အလှူခံပုံးချပြီး အလှူခံနေတာကို တွေ့ရပါတယ်။

ကပ္ပိယကြီး ပြောတာကတော့ တသက်နဲ့တကိုယ် တခါမှ မကြုံဘူးတဲ့ ဘေးဆိုးကြီးတဲ့။ အသက် ကိုးဆယ်ရှိတဲ့ အမေကြီးတယောက်ကိုလည်း ကြုံဖူးသလားလို့ မေးကြည့်တော့ မကြုံဖူးဘူး ဆိုပြီး ငလျင်လှုပ်တုန်းက သူအတွေ့အကြုံတွေကို တုန်တုန်ချိချိနဲ့ ပြောပြနေပါတယ်။

ဘုန်းကြီးကျောင်းက ကိုရင်တွေကတော့ ငလျင်လှုပ်လို့ ဓမ္မာရုံကြီး ပြိုကျချိန်မှာ သူတို့က တီဗီကြည့်ပြီးလို့ အပြင်မှာ ဆော့နေတာ၊ ဓမ္မာရုံကြီး ပြိုကျသွားတာကို ကြောက်လို့ မကြည်ရဲဘူးလို့ ပြောကြပါတယ်။

ရယက စာရေး ကိုစိုးဝေကလည်း ရ၀တရုံးကအဆင်းမှာ မြေကြီးနိမ့်ကျသွားသလို ခံစားရပြီး လူလည်း ရုံးအုတ်နံရံနဲ့ ရိုက်မိသွားတယ်၊ ဘေးနှစ်ဘက် မြေပြင်ကနေ ရေတွေ ပန်းထွက်လာတယ်၊ သူလည်း သွေးရူးသွေးတန်းနဲ့ လမ်းမကို ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။ ကိုစိုးဝေမှာလည်း တကိုယ်လုံး ဒဏ်ရာတွေ ဗလပွနဲ့ တွေ့ရပါတယ်။

တာလေမြို့နဲ့ တဆက်တည်းဖြစ်တဲ့ မိုင်းလင်းကျေးရွာကိုသွားတဲ့ လမ်းတလျှောက်မှာလည်း အိမ်တွေ ပြိုလဲနေတာကို မြင်တွေရပါတယ်။ မိုင်းလင်းက အိမ်တွေက သစ်သားအမိုး၊ သစ်သားအကာတွေနဲ့ ဆောက်ထားတဲ့ ရှေးအိမ်တွေ ဖြစ်လို့ ငလျင်ဒဏ်ကြောင့် အားလုံးဟာ လဲလို့တမျိုး၊ စောင်းလို့တဖုံ ရှိနေကြပါတယ်။

ရွာလမ်းမပေါ်တွေမှာ ရွက်ဖျင်တဲတွေ ထိုးနေရတဲ့ မိသားစုတွေကို လမ်းတလျှောက် မြင်တွေ့နေရတယ်။ ဟောင်လိတ်၊ နာကောင်းမူး စတဲ့ ရွာတွေကလာတဲ့ ဒုက္ခသည် ကယ်ဆယ်ရေးပစ္စည်း ဝေခြမ်းရေး ကားတွေလာရင် လူတွေက နောက်က အတင်းပြေးလိုက်ပြီး ပစ္စည်းတွေ တောင်းယူနေကြသလို အားလုံးကလည်း ဘယ်က ဝေခြမ်းရေးကားလာမလဲဆိုတာကို စောင့်မျှော်နေကြတာတွေ့ရတယ်။ ကားတစီးလာရင် ဝေခြမ်းရေးကားထင်ပြီး ပြေးလိုက်တဲ့ အပျိုအရွယ်တွေသာမက အဘိုးကြီး၊ အဘွားကြီးတွေလည်း အများကြီးပါပဲ။

ကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ မိုင်းလင်းမှာလည်း စနစ်တကျ လုပ်ကိုင်ပေးနိုင်တာကို မတွေ့ရသေးပါဘူး။ တာချီလိတ် ခရိုင်ရဲမှူးနဲ့အဖွဲ့ရဲ့ ကားပေါ်မှာတော့ ဝေခြမ်းပစ္စည်းတွေကို တွေ့နေရပေမယ့် ဝေခြမ်းမှု မရှိသေးပါဘူး။ ဒါကြောင့် ဒုက္ခသည်တွေက ဝေခြမ်းမလားဆိုပြီး မျှော်တလင့်လင့်ဖြစ်နေတာကိုလည်း မြင်ရပါတယ်။

မိုင်းလင်းနဲ့ တာလေ သွားလမ်းပေါ်က ပြိုပျက်နေတဲ့ ဘုန်းကြီးကျောင်းထဲမှာတော့ အာဏာပိုင်တွေက ဒုက္ခသည်စခန်းဆိုပြီး ဖွင့်လှစ်ထားပေမယ့် ဒုက္ခသည်နေဖို့၊ ထိုင်ဖို့ အကူအညီပေးတဲ့ ပုံမရှိဘဲ ကလားဖျင်းထဲမှာ ပလတ်စတစ် ကုလားထိုင်တွေကိုသာ ချထားတာကို မြင်ရပါတယ်။ အထဲမှာတော့ စစ်ဝတ်စုံဝတ် စစ်အရာရှိများနဲ့ စစ်သားတွေကိုသာ မြင်ရတယ်။

အထပ်မြင့် တိုက်အိမ်များလည်း မြေကြီးထဲသို့ ကျွံဝင်ကုန်သည် (ဓာတ်ပုံ - ဧရာဝတီ)

မိုင်းလင်းရွာက ကျန်းမာရေးမှူးလည်း ပြိုပျက်နေတဲ့ သူအိမ်ရှေ့က ရွက်ဖျင်တဲထဲမှာ ဒီအတိုင်းနေရတာကို တွေ့လို့ မြေကြီးက စိုစွတ်အေးနေတာ၊ အအေးပတ်မှာ မစိုးရိမ်ဘူးလားလို့ မေးကြည့်တော့ အေးတာက ပြဿနာ မဟုတ်ဘူး၊ အခုဟာက အကုန်မပျက်သေးတဲ့ အဆောက်အဦထဲ သွားနေရင် ငလျင်လှုပ်သံကြားတိုင်း ထွက်ပြေးနေရတော့ ကောင်းကောင်းအိပ်လို့ မရဘူးလို့ ပြန်ဖြေပါတယ်။

မိုင်းလင်းကျေးရွာ ဥက္ကဋ္ဌ ဦးအောင်မြကတော့ သူအိမ်လည်း ကျွမ်းထိုးမှောက်ခုံဖြစ်၊ စပါးကျီတွေလည်း ဖိတ်ကျမို့ ရွာမှာတော့ စပါးလည်းဆုံး၊ သားလည်းဆုံးပဲတဲ့။ အိမ်ကို ပြန်ဆောက်နိုင်ပါဦးမလားလို့ မေးတော့ မဆောက်နိုင်လောက်တော့ပါဘူးလို့ ပြောပါတယ်။

အသေအပျောက်ကို မေးကြည့်တဲ့အခါ မိုင်းလင်း အရှေ့ အနောက်ရွာမှာတင် စာရင်းအရ လူဦးရေ ၄၀ ရှိနေပြီး အနီးအနားက ရွာတွေကစာရင်း မပါသေးကြောင်း၊ မိုင်းလင်းနဲ့ တာလေ ၂ နေရာပေါင်းရင် ၁၃၀ နီးပါး ရှိနိုင်ကြောင်း ပြောပါတယ်။

ရွာထဲဝင်လိုက်ရင်လည်း အိမ်တိုင်းက ရှမ်းဘာသာနဲ့ သူတို့အိမ် ဘယ်နေရာက အက်သွားတယ်၊ ငလျင်ကြောက ဘယ်နေရာလောက်က ဖြတ်သွားတာ၊ ဘယ်သူအိမ်တော့ ဘာဖြစ်သွားပြီဆိုတာကို အမေတကောနဲ့ ရှင်းပြနေကြတယ်။

ရွာဦးဆရာတော်လည်း ငလျင်ကြောင့် ကွင်းပြင်ထဲက မဏ္ဍပ်ထဲမှာပဲ သီတင်းသုံးနေရတယ်။ ဓမ္မာရုံကြီးကတော့ မျက်နှာကျက်တွေ ပြုတ်ကျနေပါတယ်။

ငလျင်ဆိုတဲ့ သဘာဝ ကပ်ဘေးကြီးက မိုင်းလင်း တောင်ပေါ်စေတီကိုလည်း အလွတ်မပေးပါဘူး။ တောင်ထိပ်မှာ တည်ထားတဲ့ ရွှေရောင်ဝင်းဝင်းနဲ့ စေတီလည်း ငှက်ပျောဖူးက အောက်ကို ငိုက်ရုံသာမက ဖောင်းရစ်ပါ တပိုင်းပြတ်ထွက်သွားပါတယ်။ စေတီအ၀င် မုခ်ဦးလည်း ပြိုကျသွားလို့ စစ်သား ၁၀ ယောက်လောက်က ၀ိုင်းဝန်းရှင်းလင်းနေတာကို မြင်ရတယ်။ စေတီကြီးကိုတော့ မရှင်းလင်းနိုင်သေးပါဘူး။

ငလျင်ဒဏ် အဆိုးဆုံးခံရတဲ့ တာလေမြို့ အနောက်ဘက် တောင်တန်းပေါ်မှာရှိတဲ့ ကျကူနီရွာကိုတော့ ကယ်ဆယ်ရေးတွေ မရောက်နိုင်သေးပါ။ လားဟူ ပြည်သူ့စစ်တွေ နေထိုင်တဲ့ အထက် ကျကူနီရွာဟာ ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား ခံရတယ်လို့ တာလေ ပြည်သူစစ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

ကယ်ဆယ်ရေး မသွားနိုင်သေးတာကလည်း လုံခြုံရေး အခြေအနေကြောင့်လို့ ရှင်းပြတယ်။ နယ်မြေအခြေအနေက ၀တပ်ဖွဲ့တွေအပြင် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) လည်း ဒီနေရာတွေမှာ လှုပ်ရှားနေတဲ့အတွက် စစ်တပ်က ကယ်ဆယ်ရေး မသွားသေးတာ ဖြစ်နိုင်ကြောင်း၊ ဒါ့အပြင် ရာသီဥတုကလည်း မိုးဆက်တိုက်ရွာနေလို့ တောင်ပေါ်လမ်း ပျက်နေတဲ့အတွက် သွားလို့မရသေး တာလည်း ဖြစ်နိုင်ကြောင်း ပြည်သူစစ်အဖွဲ့ဝင်က ပြောတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေ မသွားနိုင်သေးတဲ့အတွက် အခုအချိန်အထိတော့ ကျကူနီရွာရဲ့ အသေအပျောက်စာရင်းကို အတိအကျ မသိနိုင်သေးဘူးလို့ သိရပါကြောင်း။ ။

မူရင်း -ဧရာဝတီ(ဆောင်းပါး)

0 comments: