Sunday, March 27, 2011

ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေ ပျံ့နှံ့မှု မြင့်မား ငါးလုပ်ငန်း တွေအတွက် စိုးရိမ်စရာ အဆင့်ကို ရောက်ရှိ

ညူကလီယား အကျပ်အတည်းတွေ့နေတဲ့ ဖူကူရှီးမား လျှပ်စစ်ဓာတ်အားပေး စက်ရုံမှာ ရေဒီယို ဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေပျံ့နှံ့နေတဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ သက်ဆိုင်ရာက မတ်လ ၂၆ ရက်မှာ ကြိုးစား လုပ်ဆောင်နေပေမဲ့လည်း ဓာတ်ပေါင်းဖိုရှိရာ ပင်လယ်ပြင်တ၀ိုက်မှာ ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေ ပျံ့နှံ့မှု မြင့်မား နေတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ငါးလုပ်ငန်း တွေအတွက်  စိုးရိမ်စရာ အဆင့်ကို ရောက်နေပါတယ်။ အစိုးရတော့ စိုးရိမ်ဖွယ်ရာ မရှိလို့ဆိုပေမဲ့  ယုံကြည် လက်ခံတဲ့သူ နည်းပါတယ်။


ဒီအတောအတွင်း TEPCO က ဓာတ်ပေါင်းဖို နံပတ် ၂ ရှိတဲ့ အဆောက်အအုံရဲ့ထိန်းချုပ်ခန်းမှာ လျှပ်စစ်မီး ပြန်လာအောင် လုပ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

TEPCO က နံပတ် ၁ ဓာတ်ပေါင်းဖိုမှာ ရေဒီယို ဓာတ်သတ္တိကြွမှု ပမာဏမြင့် တက်လာနေတဲ့အတွက်  အလုပ် သမားတွေကို ဆက်ပြီးမလုပ်ကြဖို့ တားခဲ့ရတယ်လို့ဆိုပါသေးတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ ဖူကူရှီးမားရုံးက ပမာဏ မြင့်တက်တာ မဟုတ်ပါဘူးလို့ ပြန်လည် ပြင်ဆင် ကြေညာခဲ့ပါတယ်။ ဒီလိုမျိုး အင်မတန် အရေးကြီးတဲ့အချိန်မှာ အမှားအယွင်းဖြစ်တာ။ ရှေ့နောက် မညီဖြစ်တာတွေဟာ အယုံအကြည်  ကင်းမဲ့မှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ TEPCO က သတင်း အချက်အလက်တွေကို ထိန်ချန်တယ်၊ ပြင်ဆင် ပြောင်းလဲမှုတွေ လုပ်တယ်ဆိုတာမျိုးတွေ အရင်ကတည်း ရှိတယ်ဆိုတဲ့  နာမည်ဆိုးတွေ ထွက်ခဲ့ဘူးပါ တယ်။

မတ်လ ၂၆ ရက် နေ့လယ်ပိုင်း သတင်းစာ ရှင်းလင်းပွဲတခုမှာ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယုကိအိုအဲဒါ့နို က အခြေအနေတွေ ပိုဆိုးမလာအောင် လုပ်ဆောင်နေပေမဲ့ လုပ်စရာ အလုပ်တွေအများကြီး ရှိတဲ့အတွက် ဒီအကျပ်အတည်း ဘယ်တော့ ပြီးဆုံးမလဲဆိုတာ မပြောနိုင်ဘူးလို့ ဆိုပါတယ်။

အခုလောလောဆယ်အထိ ငလျင်နဲ့ ဆူနားမိကြောင့် သေဆုံးရတဲ့သူ တသောင်းကျော် သွားပြီ ဖြစ်ပေမဲ့လည်း ညူကလီယားကြောင့် သေဆုံးသူ တဦးမှ မရှိသေးပါဘူး။ ဒါပေမဲ့ ညူကလီယား အရေးကို  လူတိုင်း မျက်ခြည် မပြတ် စောင့်ကြည့်နေတာက အင်မတန် အန္တရာယ် ကြီးလို့ ဖြစ်ပါတယ်။ အစိုးရ ပြောရေးဆိုခွင့်ရှိသူက TEPCO အနေနဲ့ သတင်း အချက်အလက်တွေကို မှန်မှန်ကန်ကန် ပေးဖို့လိုတယ်။ ဒါမှ အစိုးရအနေနဲ့ ကယ်ဆယ်ရေးအတွက် ဆုံးဖြတ်ချက်တွေကို ထိထိရောက်ရောက် လုပ်နိုင်မယ်လို့ ပြောပါတယ်။

ကျော်ကျော်စိုး
၂း၃၄ နာရီ
မတ်လ ၂၇။ ၂၀၁၁ ခုနှစ်

0 comments: