Saturday, March 19, 2011

ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို ပြဿနာ အတိမ်အနက်

ငလျင်နှင့် ဆူနာမီဒဏ် မခံရမီက ဖူကူရှီးမား နျူကလီးယား လျှပ်စစ်ဓာတ်အားထုတ်စက်ရုံ
18 March 2011

မတ်လ ၁၁ ရက်နေ့တွင် ဂျပန်တနိုင်ငံလုံး (အထူးသဖြင့် အရှေ့၊ မြောက်နှင့် အရှေ့မြောက်ခြမ်း) ကို တုန်ခါသွားစေသည့် ပြင်းအား မဂ္ဂနီကျု ၉ ရှိသော တိုဟိုကု (Tohoku) ငလျင်ကြီးကြောင့် ၄ ထပ် အဆောက်အအုံအမြင့်ခန့် မြင့်မားသည့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ပြီး အရှေ့ဘက် ကန်းရိုးတန်းတလျှောက်တွင် ကြီးမားလှသော ပျက်ဆီးဆုံးရှုံးမှုများ၊ အသေအပျောက်များ ဖြစ်ခဲ့သည်။

ထိုအပျက်အစီး အသေအပျောက်များအပေါ်တွင် ထပ်ဆင့်၍ စိုးရိမ်ပူပန်စရာ နောက်ဆက်တွဲမှာ ဖူကူရှီးမားဒေသရှိ တိုကျို လျှပ်စစ်စွမ်းအား ထုတ်လုပ်ရေး ကုမ္ပဏီ (Tokyo Electric Power Company - TEPCO) ပိုင် နျူကလီးယား လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံ အမှတ် (၁) မီးလောင်ပျက်စီးကာ ရေဒီယို သတ္တိကြွရောင်ခြည်များ ထုတ်လွှင့်လာသည့် အန္တရာယ်ကြီး ဖြစ်လေသည်။

အားလုံးသိထားကြသည်မှာ နျူကလီးယားရောင်ခြည်ဆိုသည်မှာ အန္တရာယ်ကြီးမားသည်၊ အဝေးကို ပျံ့လွင့်လာနိုင်သည်၊ ထို့ကြောင့် ဝေးနိုင်သမျှဝေးဝေးကို ပြေးတာကောင်းသည် ဆိုတာပဲဖြစ်သည်။ ထိုစိုးရိမ်ပူပန်မှုနှင့် အဝေးသို့ ရှောင်ပြေးခြင်းမှာ မမှားယွင်းသော်လည်း လိုသည်ထက်ပိုသော ထိတ်လန့်ကြောက်ရွံ့မှုများ၊ အလောသုံးဆယ် ပြုလုပ်မှုများသည် မလိုလားအပ်သော နောက်ဆက်တွဲများကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုဆိုးကျိုးများကို ရှောင်ရှားနိုင်ရန် အချိန်နှင့်တပြေးညီ ထုတ်ပြန်နေသော မှန်ကန်သည့် အချက်အလက်များ၊ နည်းပညာဆိုင်ရာ ရှုထောင့်မှ အမြင်များကို တတ်စွမ်းသရွေ့ စုစည်းတင်ပြလိုက်ပါသည်။

ငလျင်နှင့် ဆူနာမီဒဏ် ခံရပြီးနောက် ဖူကူရှီးမား အမှတ် (၁) နျူကလီးယား လျှပ်စစ်ဓာတ်အားထုတ်စက်ရုံ

ပြဿနာ ရင်းမြစ်

ဖူကူရှီးမား အမှတ် (၁) စက်ရုံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သော Reactor စုစုပေါင်း ၆ လုံးရှိသည်။ ယခု ပြဿနာဖြစ်နေသော စက်များမှာ ယူနစ် ၁၊ ၂၊ ၃ နှင့် ၄ တို့ ဖြစ်သည်။ ယူနစ် ၁၊ ၂၊ ၃ တို့သည် ငလျင်နှင့် ဆူနာမီဝင်ချိန်က လည်ပတ်နေဆဲ စက်များဖြစ်ပြီး ယူနစ် ၄၊ ၅၊ ၆ သည် ပြုပြင် ထိန်းသိမ်း ရန်အတွက် ရပ်နားထားသော စက်များဖြစ်သည်။

စက်အားလုံးသည် ငလျင်လှုပ်သည်နှင့် အလိုအလျောက် ရပ်နားသွားစေရန် ဒီဇိုင်းလုပ်ထားသည်။ အမှန်တကယ်လည်း ငလျင်လှုပ်ချိန်တွင် စက်ယူနစ် ၁ နှင့် ၃ တို့ ရပ်ဆိုင်းသွားသည်။ ပြဿနာမှာ ငလျင်နောက်မှ ပါလာသည့် အလွန်အားပြင်းသော ဆူနာမီလှိုင်းများဖြစ်သည်။ ထိုဆူနာမီလှိုင်းများက အရေးပေါ်လျှပ်စစ်ထုတ် ဂျင်နရေတာများကို ဖျက်ဆီးသယ်ဆောင်သွားခဲ့သည်။

Reactor များသဘောမှာ စက်လည်ပတ်မှု ရပ်ထားချိန်တွင်လည်း နျူကလီးယား လောင်စာများအား ဆက်လက် အအေးခံထားရန် လိုအပ်သည်။ အအေးခံစက် အလုပ်လုပ်ပုံမှာ အတွင်းမှရေပူများကို ရေအေးများနှင့် အစားထိုးလည်ပတ်စေခြင်းဖြင့် အတွင်းမှ အပူချိန်နှင့်ဖိအားကို ထိန်းညှိပေးရသည်။

နျူကလီးယားပါဝါ လျှပ်စစ် ထုတ်လုပ်ခြင်း အခြေခံ သဘောတရားမှာ နျူကလီးယား လောင်စာဟုခေါ်သော ယူရေနီယံ လောင်စာချောင်းများကို ဓာတ်ပြုစေရန် လှုံ့ဆော် ပေးခြင်းဖြင့် အပူစွမ်းအင်ကို  ထုတ်လုပ်ရရှိသည်။ ထိုအပူ စွမ်းအင်ဖြင့် ရေကိုအပူပေးပြီး ရေငွေ့ကို ထုတ်လုပ်သည်။ ထိုရေငွေ့ဖြင့် တာဘိုင်ကို လည်ပတ်စေပြီး လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်သည်။

နျူလျှပ်စစ်ဓာတ်အားထုတ်စက်ရုံ လည်ပတ်ပုံ

လောင်စာချောင်းများသည် အလွန်ပူပြင်းသော အပူစွမ်းအင်ကို ထုတ်လွှတ်သောကြောင့် ထိုအပူကို ပြန်လည်ထိန်းချုပ်ရန် ရေအေးကို မပြတ်သွင်းပေးရသည်။ စက်ကို ရပ်နားခြင်းဆိုသည်မှာ ထိုလောင်စာချောင်းများကို Rreaction ဖြစ်အောင် လှုံ့ဆော်ခြင်း (Excitation mechanism) ကို ရပ်နားခြင်းဖြစ်ပြီး၊ လောင်စာချောင်းများ လုံးဝ ဓာတ်ပြုမှု ရပ်သွားသည့်အချိန်အထိ လပေါင်းများစွာ အအေးခံ ထားရန်လိုအပ်သည်။

ယခုဖြစ်စဉ်တွင် အရေးပေါ် လျှပ်စစ်ထုတ်စက် ဂျင်နရေတာများ အလုပ်မလုပ်တော့သဖြင့် အအေးခံစနစ်တခုလုံး ရပ်ဆိုင်းသွားပြီး အတွင်းမှ နျူကလီးယားလောင်စာများ အပူချိန်မြင့်မားလာသည်။ ထို့ကြောင့် ရေငွေ့ပြန်မှု အထိန်းအဆမရှိ များပြားလာပြီး Reactor core အတွင်းမှ ရေချိန်လည်း ကျသွားသည်။

ရပ်ဆိုင်းထားသော ယူနစ် ၄ စက် ပေါက်ကွဲမှုသည် တခြား စက်များနှင့်မတူဘဲ ရေဒီယို ရောင်ခြည်များကို ပိုမို လွှင့်ထုတ်နေသည်။ အကြောင်းရင်းမှာ စက်ရပ်ထားသော်လည်း အအေးခံထားသော လောင်စာ ချောင်းများထားရာ ကန်သည် အလွန်ထူသော သံမဏိဖြင့်ပြုလုပ်ထားသည့် ဖိအား မြင့်ခံနိုင်ရည်ရှိသော Reactor core အတွင်း ရှိနေသည်မဟုတ်ဘဲ core အပြင်ဘက် ကပ်လျက်ရှိ အအေးခံရာ ကန်တွင် ရှိနေသည်။

ဖူကူရှီးမား Reactor မှာ အလွန်ခိုင်ခံ့သော အကာအရံ Containment သုံးထပ် ရှိသည်။ နျူလောင်စာ ဓာတ်ပြုရာ အတွင်းဆုံးလွှာမှာ (၁) ဖိအားမြင့် ခံနိုင်ရည်ရှိသော ထူထဲသည့် စတီးကန်၊ (၂) အသုံးပြုပြီးလောင်စာ စသည်တို့ အအေးခံရာနေရာကို လွှမ်းခြုံထားသော သံမဏိ အပြင်ဘက် သိုလှောင်ကန်နှင့် (၃) ထိုအတွင်း ၂ လွှာကို လွှမ်းခြုံထားသည့် အလွန်ထူသော ကွန်ကရစ် Structure တို့ဖြစ်သည်။

အအေးခံစနစ် ပျက်သွားသောအခါ လောင်စာချောင်းများ အပူချိန် မြင့်တက်လာပြီး ရေအားလုံး ရေငွေ့ဖြစ်ကာ ထိုမှတဆင့် ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင် ဓာတ်ကွဲသွားပြီး ကွန်ကရစ် Structure အမိုးနားတွင်း ဟိုက်ဒရိုဂျင် သိပ်သည်းဆ အားလွန်ကဲပြီး ပေါက်ကွဲခြင်းဟု ယူဆကြသည်။

အအေးခံခန်းသည် အလွန်ထူသော စတီး Core အတွင်းမရှိဘဲ အပြင်သံမဏိခန်း (ကွန်ကရစ်အဆေက်အအုံအတွင်း) ရှိနေသဖြင့် စက်ယူနစ် ၄ ပေါက်ကွဲမှုသည် လေထုအတွင်း ရေဒီယိုသတ္တိကြွ ရောင်ခြည်များ ပျံ့လွင့်မှုအန္တရာယ် ပိုရှိသည်။ ကန်အတွင်း ရေလုံးဝ ကုန်ခမ်းသွားပြီး လောင်စာချောင်းများ အားလုံးပေါ်လာလျှင် မိမိအပူချိန်ဖြင့် အရည်ပျော်ကာ လုံးဝ အရည်ပျော်ကျသည့် ဖြစ်စဉ် (Total meltdown) ဖြစ်လာနိုင်သည်။ Total meltdown ဖြစ်လျှင် ဓာတ်ရောင်ခြည်များကို အများဆုံးထုတ်လွှင့်လာပြီး ထိန်းချုပ်ရန် မဖြစ်နိုင်တော့သော အခြေအနေကို ရောက်နိုင်သည်။

အဆိုးဆုံး အခြေအနေက ဘာလဲ


Total meltdown ဖြစ်ပြီး ဓာတ်ရောင်ခြည် လွှင့်ထုတ်မှုများကို ထိန်းချုပ်နိုင်မှုမရှိတော့ဟု ဆိုပါစို့။ ဘာတွေ ဖြစ်လာနိုင်သနည်း။ သမိုင်းတလျှောက် အဆိုးဆုံး နျူစိမ့်ထွက်မှုအဖြစ် ရုရှနိုင်ငံမှ ချာနိုဘိုင်းကို သတ်မှတ်ကြသည်။ အဆင့်သတ်မှတ်ချက်အားဖြင့် နောက်ဆုံးအဆင့် ၇ ဖြစ်သည်။ ချာနိုဘိုင်း ဖြစ်စဉ်က Reactor core ပေါက်ထွက်ပြီး နျူလောင်စာချောင်းများသည် အရည်ပျော်ကာ လေထုအတွင်းသို့ Radiation များကို တိုက်ရိုက် လွှင့်ထုတ်ခဲ့သည်။ ထိုသို့ ဆိုးရွားလှသော ဓာတ်ရောင်ခြည် ပျံ့လွင့်မှုသည်ပင် ကီလိုမီတာ ၅၀ (မိုင် ၃၀) ပတ်လည် အတွင်းမှာသာ ရှိခဲ့သည်။ ထိုစဉ်က အသေအပျောက်များခဲ့ခြင်းသည် ဓာတ်ရောင်ခြည်သင့် အစားအစာများကို လူများက ဆက်လက် စားသောက်နေခဲ့ကြခြင်းက အဓိကအချက်များထဲမှ တချက်ဖြစ်သည်။

ယခု ဖူကူရှီးမားဖြစ်စဉ်တွင် ကီလိုမီတာ ၃၀ (မိုင် ၂၀) အား စွန့်ခွာထားသင့်သည့် ဇုန် (Exclusion zone) အဖြစ်သတ်မှတ်ထားသည်မှာ လုံလောက်သော အကွာအဝေးဖြစ်သည်ဟု ဗြိတိန်နိုင်ငံမှ နျူကလီးယား သိပ္ပံပညာရှင်များနှင့် ဖွဲ့စည်းထားသော “အရေးပေါ် အခြေအနေများအတွက် သိပ္ပံနည်းကျ အကြံပေးအဖွဲ့” (Scientific Advice for Emergencies - SAGE) မှ ပြောကြားထားသည်။

ရေဒီယိုသတ္တိကြွရောင်ခြည်များ ပျံ့လွင့်နိုင်မှုအားသည် အလင်း၏ ပျံ့လွင့်နိုင်မှုကဲ့သို့ပင် အကွာအဝေးအပေါ် မူတည်သည်။ ရေဒီယိုသတ္တိကြွမှုအားသည် အကွာအဝေး၏ နှစ်ထပ်ကိန်းနှင့် အချိုးညီစွာ ပြင်းအားကျဆင်းသွားသည်။ ထို့ကြောင့် ကီလိုမီတာ ရာချီကွာဝေးသောဒေသများ (ဥပမာ - တိုကျို) သည် အဆိုးရွားဆုံး အခြေအနေမှာပင်လျှင် စိုးရိမ်ဖွယ်ရာ ရှိလောက်သော ဓာတ်ရောင်ခြည်ပမာဏအထိ မရောက်နိုင်ဟု ပညာရှင်များက သုံးသပ်သည်။

ဓာတ်ရောင်ခြည် ပမာဏကို တိုင်းတာနည်း

ဓာတ်ရောင်ခြည် ပမာဏကို တိုင်းတာရာတွင် Sievert (Sv) ဆိုသောယူနစ်ဖြင့် တိုင်းတာသည်။ ဥပမာ - micro Sivert per hour (uSv/hr), mili Sivert per hour (mSv/hr) စသည်ဖြင့် တိုင်းတာသည်။ ဓာတ်ရောင်ခြည်နှင့် ထိတွေ့သော အချိန် ထည့်တွက်သည်ကို သတိပြုပါ။ ဓာတ်မှန် တခါရိုက်လျှင် 600uSv/each time ရောင်ခြည်သင့်ပါသည်။ ငှက်ပျောသီး တလုံးစားလျှင်ပင် 0.0001 mSv ရောင်ခြည်သင့်ပါသည်။ ဂျပန်နိုင်ငံတွင် လူတစ်ဦး တနှစ် ထိတွေ့နေသော ရောင်ခြည်အားမှာ ပျမ်းမျှအားဖြင့် 1mSv/year ရှိသည်ဟု လေ့လာမှုများအရ သိရသည်။ ဝေါစထရိ ဂျာနယ်၏ ဖော်ပြချက်အရ ယခုအထိ တိုကျိုမြို့လယ်တွင် တိုင်းတာရရှိသော ဓာတ်ရောင်ခြည်အားမှာ 0.95 mSv/hr ဖြစ်သည်။ သာမန် အချိန်ထက် အနည်းငယ်မြင့်မားသော ကိန်းဂဏန်းဖြစ်သော်လည်း လူကိုအန္တရာယ်ဖြစ်စေသော ပမာဏအောက် များစွာလျော့နည်းနေသေးသော ပမာဏဖြစ်သည်။

ဂျပန်အစိုးရ၏ ဆောင်ရွက်ချက်များနှင့် နိုင်ငံတကာ တုံ့ပြန်မှု

ဂျပန်အစိုးရက ယခုဖြစ်စဉ်အား အပူတပြင်း ကိုင်တွယ်နေသော်လည်း မလိုအပ်ဘဲ လူအများ အကြောက်လွန်မည် စိုးရိမ်သဖြင့် အေးဆေးတည်ငြိမ်မှုရှိကြရန် တိုက်တွန်းနေပြီး အဆက်မပြတ် သတင်းထုတ်ပြန်မှုများ၊ ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်မှုများကိုလည်း ပြုလုပ်နေသည်။ တဖက်တွင် နိုင်ငံတကာ မီဒီယာများကလည်း နျူကလီးယားကြောင့် ဘေးဒဏ်ဖြစ်ရန် နီးကပ်နေပြီဟု ယူဆနိုင်သော မီးလောင်ပေါက်ကွဲနေသည့် နျူစက်ရုံ ပုံရိပ်ကို အဆက်မပြတ်ပြသနေသည်။ နိုင်ငံတကာကလည်း သံရုံး များမှ ၎င်းတို့ နိုင်ငံသားများအား ပြည်လည်ခေါ်ယူရန် ကြိုးစားနေသည်။

ဂျပန် နျူကလီးယားပညာရှင်များ သတ်မှတ်ထားသော စိုးရိမ်ရသည့် အဆင့် ၄ အား ပြင်သစ်ပညာရှင်များက မလုံလောက်ဟုဆိုကာ အဆင့် ၆ ဟု သတ်မှတ်သည်။ တချို့သော နိုင်ငံများမှ အစိုးရိမ်လွန်ကဲသော ဆောင်ရွက်ချက်များသည် ဒေသခံ ပြည်သူလူထုအတွင်း ကြောက်ရွံ့စိတ်ကို ပိုမိုကြီးထွားစေပြီး အကျိုးဆက်အနေဖြင့် စတိုးဆိုင်များတွင် အစားအသောက်၊ ဓာတ်ခဲ စသည်များကို အလုအယက် ၀ယ်ယူလာမှု များပြားလာခြင်း၊ သဘာဝဘေးဒဏ်ကို ခံစားနေရသည့် ဒေသများသို့ ပေးပို့ရန် အမှန်တကယ် လိုအပ်နေသော ကုန်ပစ္စည်းနည်းပါးမှု၊ မလုံလောက်မှုဖြစ်ပေါ်ခြင်း၊ နိုင်ငံခြားသားများသည် မိမိတို့ နိုင်ငံများသို့ အလုအယက် ပြန်နေကြသဖြင့် လေယာဉ်လက်မှတ်ဈေးနှုန်းများ အဆမတန်ကြီးမားနေခြင်း စသည့် အကျိုးဆက်များ ဖြစ်ပေါ်နေသည်။

မြန်မာနိုင်ငံသားများရော ဘာလုပ်သင့်သနည်း

ယခုအချိန်တွင် လျှပ်စစ်ထုတ်စက်ရုံ ပျက်စီးမှုကြောင့် လျှပ်စစ်ဓါတ်အား မလုံလောက်မှု ဖြစ်ပေါ်နေပြီး လျှပ်စစ်မီးများကို အခါအားလျော်စွာ ဖြတ်တောက်ခြင်း ဖြစ်ပေါ်နေသည်။ အကျိုးဆက်အနေဖြင့် ရထားများ ပုံမှန်မပြေးဆွဲနိုင်ခြင်း၊ စတိုင်းဆိုင်များ၊ အလုပ်ရုံများ မဖွင့်နိုင်ခြင်းကြောင့် မြန်မာနိုင်ငံသားများသည်လည်း သွားရေးလာရေးခက်ခြင်း စသည့် အဆင်မပြေမှုများနှင့် ရင်ဆိုင်နေရသည်။ ထိုအဆင်မပြေမှုများသည် ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်သင့်မည်ကို ကြောက်သောစိတ်နှင့် ပေါင်းစပ်ပြီး စိတ်ရောကိုယ်ပါ ဒုက္ခရောက်နေသူများစွာရှိသည်။

လေယဉ်လက်မှတ်ခ ဈေးကြီးပေးကာ ပြန်သွားကြသူများလည်း ရှိကြသည်။ စာရေးသူ အကြံပေးလိုသည်မှာ ယခုအချိန်တွင် တိုကျိုအနီးတ၀ိုက်၌ နေရန် စိတ်မရဲကြသူများသည် အိုဆာကာ၊ ကျူးရှုးစသည့် ပိုမိုဝေးသော တောင်ဖက်ခြမ်းသို့ ခဏတဖြုတ်သွားရောက် နေထိုင်သင့်ပါသည်။ ရောင်ခြည်သင့်မည့် အန္တရာယ်မှာ အထက်တွင် တင်ပြခဲ့သည့်အတိုင်း အလွန်စိုးရိမ်ရသော အခြေအနေတွင် မရှိသေးပါ။

ဟီကရိ
Copy from _ irrawaddy.org
(ဟီကရိသည် ဂျပန် ထိပ်တန်း တက္ကသိုလ်တခုမှ မြန်မာ တွဲဘက်သုတေသီ တဦးဖြစ်ပါသည်။ စာရေးသူက နျူကလီးယား ပညာရှင် မဟုတ်သော်လည်း အစိုးရများမှ ထုတ်ပြန်သည့် အချက်များအပေါ် အခြေခံကာ ရေးသားပို့သည်ဟု ဆိုပါသည်။)

0 comments: