Saturday, January 29, 2011

ပင်လုံစိတ်ဓာတ် တည်တံ့ရေး CRPP တိုက်တွန်း

ဇန်နဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ်။

ပင်လုံစိတ်ဓာတ် တည်တံ့နိုင်ရေးအတွက် နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြောင်း လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP က ယနေ့ တိုက်တွန်းလိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ မျှော်မျန်းခဲ့သည့် ပြည်ထောင်စု တိုင်းပြည်မျိုးကို ပြန်လည်ဖော်ဆောင်ရန် ပင်လုံစိတ်ဓာတ် လိုအပ်နေသောကြောင့် ယခုကဲ့သို့ တိုက်တွန်းရကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးနောက် အခြေခံဥပဒေကလည်း သူ့လမ်းညွှန်ချက်တွေအတိုင်း ဖြစ်ပေါ်မလာဘဲ အစိုးရအဆက်ဆက်က မကျင့်သုံးခဲ့ဘူး။ ယနေ့ခေတ် အာဏာပိုင်များက ပင်လုံစိတ်ဓာတ်ကို ခေါင်းထဲကို ထည့်သွင်းစဉ်းစားမှု မရှိတဲ့အတွက် ယခုအခါ ပင်လုံစိတ်ဓာတ် ကွယ်လုနီးပါးရှိနေတယ်’’ ဟု CRPP အဖွဲ့ဝင် ဇိုမီးအမျိုးသားကွန်ကရက်ပါတီ ZNC ဥက္ကဋ္ဌ ပူးကျင်ရှင်းထန်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ’’ကျနော်တို့ အနေနဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်လည်စဉ်းစားဖို့ လိုအပ်နေတဲ့အတွက် ဒုပင်လုံညီလာခံကို ပြန်လည်ခေါ်ယူပြီးတော့ ပြန်လည်သင့်မြတ်ရေး၊ အမျိုးသား ပြန်လည် ပေါင်းစည်းရေးကို ပြန်လည် တူးဆွပေးတဲ့ သဘောပါ” ဟု ပြောသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြုလုပ်သည့် ၆၄ ကြိမ်မြောက် ပြည်ထောင်စုနေ့အကြို စာပေဟောပွဲကို နေ့လည် ၁ နာရီခန့်တွင် ပြုလုပ်ခဲ့ရာ ပင်လုံစာချုပ်နှင့် ပင်လုံစိတ်ဓာတ်အကြောင်း ပြောဆိုခဲ့သည်။

ပင်လုံစိတ်ဓာတ်နှင့် ပတ်သက်၍ ပူးကျင်ရှင်းထန်က ’’ဟိုတုန်းက နေမဝင်သော အင်ပါယာ အုပ်ချုပ်သော တိုင်းပြည်ဟာ ကျနော်တို့နဲ့ လက်နက်အားဖြင့် အများကြီး ကွာတယ်။ ဒါပေမဲ့ ကျနော်တို့ လက်နက်မဟုတ်ဘဲနဲ့ နှလုံးရည်အားဖြင့် ပင်လုံစာချုပ်ရတဲ့ သဘာတူညီချက်အရ ကျနော်တို့ ညီညီညာညာ လွတ်လပ်ရေး တောင်းတဲ့အခါမှာ လွတ်လပ်ရေး ရတယ်။ အဲဒါ ပင်လုံ ညီညွတ်ရေး စိတ်ဓာတ်ပဲ’’ ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။

ဟောပြောပွဲတွင် သဘာပတိ အဖြစ် အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး ဆောင်ရွက်ကာ၊ CRPP အဖွဲ့ဝင် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ စိုင်းစောအောင်ကလည်း ပင်လုံညီလာခံအကြောင်း ပြောကြားခဲ့သည်။

ဟောပြောပွဲသို့ မွန်နှင့် ရခိုင်ပြည်နယ်၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့မှ NLD ဗဟိုအလုပ်အမှုဆောင်များ အပါအဝင် နိုင်ငံရေးစိတ်ဝင်စားသည့် လူငယ် ၁ဝဝ ခန့် တက်ရောက်ခဲ့သည်။

ဖဆပလ ညီလာခံမှစ၍ ပင်လုံညီလာခံ ဖြစ်တည်မှု၊ ခွဲထွက်ရေး မဟုတ်သည့် ပြည်ထောင်စု စိတ်ဓာတ်နှင့် ပြည်ထောင်စု နိုင်ငံသစ် ပေါ်ပေါက်ရေး ရည်မှန်းချက်များကို CRPP တာဝန်ရှိသူများက ဟောပြောခဲ့ပြီး၊ NLD လူငယ်နှင့် ပြင်ပမှ လူငယ်များ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

“ယနေ့ကာလနဲ့ လျော်ညီတဲ့ ဒုတိယပင်လုံညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံ ပေါ်ပေါက်ရေးအတွက် လိုအပ်ချက်တွေ၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ပင်လုံစိတ်ဓာတ် ဆက်နွှယ်နေပုံ၊ လွတ်လပ်ရေးနဲ့ တန်းတူညီမျှရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ကိစ္စတွေကို အကျေအလည် ရှင်းလင်းဆွေးနွေးခဲ့ကြတယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ အခြေခံဥပဒေ အခြေခံသည့် လွှတ်တော်ခေါ်ရေးသည် လက်ရှိပြည်တွင်းရေး ပြဿနာများ ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပေါ်ပေါက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားအားလုံး ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဦးအောက်မှုအောက်တွင် ဆောင်ရွက်မှသာလျှင် ရနိုင်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း “စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထူထောင်ဖို့ပါ။ ဒါကြောင့် ဒီလုပ်ငန်းစဉ်မှာ တတ်နိုင်သမျှ လူများများပါရေးဆိုတာ ကျမတို့ ရည်မှန်းလုပ်ဆောင်နေတဲ့ အချက်ဖြစ်ပါတယ်။ အဓိက,က စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထူထောင်ဖို့ပါ။ မြန်မာနိုင်ငံအတွင်းက မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးစုတွေအကြားမှာ ညီညွတ်ရေးရအောင် လုပ်ဆောင်ဖို့ပါ’’ ဟု နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မဇ္ဈိမသတင်းထောက်နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းပါမည်ဆိုသော သဘောတူညီချက်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း ခေါင်းဆောင်များက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ စည်းဝေးခဲ့ရာမှ ပင်လုံညီလာခံ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရအပြီး သဘောတူညီမှု ပျက်ပြားကာ ပြည်တွင်းစစ် ဖြစ်လာခဲ့သည်။

ဒုတိယပင်လုံ ကျင်းပရေးကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဇိုမီးအမျိုးသားကွန်ဂရက် ZNC က စစ်ကိုင်းတိုင်း ကလေးမြို့၌ “ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း” ဟူ၍ ထုတ်ပြန်ကာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်ရွယ်ကာ ကျင်းပရန် စတင်အဆိုပြုခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ် အထိန်းသိမ်းခံမှ ပြန်လွတ်ခဲ့ပြီးနောက် ဒုတိယ ပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ အကောင်အထည်ဖော်ရန် တာဝန် လွှဲပြောင်းပေးခဲ့သည်။

၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သော လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် မြန်မာနိုင်ငံတော်အတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန် ၇ ချက်မှာ -

(၁) နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်ရမည်။

(၂) ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလ ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ်ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရှိရမည်။

(၃) အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်း အားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ ဆင်းသက်စေရမည်။

(၄) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တိုင်းသူပြည်သား မှန်သမျှသည် လူမှုရေးရာ၌ လည်းကောင်း၊ စီးပွားရေးရာ၌လည်းကောင်း၊ နိုင်ငံရေးရာ၌လည်းကောင်း၊ တရားမျှတမှု ရှိစေလျက်၊ အဆင့်အတန်း အခွင့်အရေးနှင့် ဥပဒေ သက်သေခံမှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိ၊ ပကတိ တူညီစေရမည့်အပြင်၊ တရားဥပဒေနှင့် သော်လည်းကောင်း၊ အများပြည်သူတို့ စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့် သော်လည်းကောင်း၊ မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုပိုင်ခွင့်၊ ပရိယေသနရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူ ဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အခိုင်အလုံ သတ်မှတ်ထားရှိစေရမည်။

(၅) ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်း ထားရှိစေရမည်။

(၆) လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် သမ္မတမြန်မာနိုင်ငံ၏ နယ်မြေကို တပေါင်းတစည်းတည်း တည်တံ့ ခိုင်မြဲရေး ကိုလည်းကောင်း၊ နိုင်ငံတော်၏ ကြည်း၊ ရေ၊ လေ တို့ကို အချုပ်အခြာ စိုးမိုးပိုင်ခွင့် ကိုလည်းကောင်း၊ တရားဓမ္မနှင့်တကွ ပြည်ထောင် အချင်းချင်း ဥပဒေအရ ထိန်းစောင့် ထားရှိရမည်။

(၇) ရာဇဝင်ထင်ရှားခဲ့သော ဤမြန်မာနိုင်ငံတော်သည် ကမ္ဘာပေါ်တွင် ဂုဏ်ကျကိသရေနှင့် လျော်ညီစွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိစေရမည့်အပြင် လူသတ္တဝါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာ ပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန် ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင်အချင်းချင်းဆိုင်ရာ တရားဓမ္မနှင့် ကျင့်ဝတ်သိက္ခာကို အခြေပြု၍၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ရှေးရှုလျက်၊ နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက်ဘဲ တွဲဖက်ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဋ္ဌာန်ဖြင့် စောင့်ထိန်းတော့အံ့။

သတင်းရင်းမြစ် _ နယူးဒေလီ (မဇ္ဈိ)

0 comments: