Wednesday, January 12, 2011

ခွဲထွက်အဖွဲ့ မွန်ပြည်သစ်နှင့် ပြန်လည် ပူးပေါင်း

ဓါတ်ပုံ"ကောင်းဝါ သတင်းဌာန"

ဇန်နဝါရီလ ၁၁ ရက် ၂၀၁၁ ခုနှစ်

မွန်ပြည်သစ်ပါတီမှ ခွဲထွက်ခဲ့သည့် လက်နက်ကိုင်အဖွဲ့ တဖွဲ့ဖြစ်သည့် မွန်အမျိုးသား ကာကွယ်ရေး တပ်မတော် MNDA က ယခုလဆန်းတွင် မွန်ပြည်သစ်ပါတီနှင့် ပြန်လည် ပူးပေါင်းလိုက်ကြောင်း အဖွဲ့တာဝန် ရှိသူများက ပြောဆိုကြသည်။

လူအင်အား ၃ဝ ကျော်က အာပီဂျီလောင်ချာ၊ ၆ဝ မမ စိန်ပြောင်း၊ အေကေ ၄၇၊ ၉ မမ ပစ္စတို လက်နက် များနှင့်အတူ ပြန်လည်ပူးပေါင်းကြောင်း ထိုင်း-မြန်မာ နယ်စပ်တနေရာ၌ ယနေ့ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် မွန်ပြည်သစ်ပါတီက ပြောကြားသည်။

တနှစ်ကျော်ကြာ ခွဲထွက်သွားပြီးနောက် ပြန်ပူးပေါင်းလာခြင်းဖြစ်သည်။ ၂ဝဝ၉ ဇန်နဝါရီလဆန်းပိုင်းတွင် ခွဲထွက်စဉ်က ဗိုလ်မှူးကျလွန်းထောနှင့် တပ်သား ၁ဝဝ ခန့် ပါသွားသော်လည်း နောက်ပိုင်းတွင် တပ်သား အများအပြား အနားယူသွားသဖြင့် အင်အားလျော့ကျသွားခဲ့သည်။

“သူတို့ဟာ ကျနော်တို့ရဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေ ဖြစ်တဲ့အတွက် သင့်တော်တဲ့ နေရာမှာ ပြန်နေရာချထားပေးဖို့ အစီအစဉ် ရှိပါတယ်” ဟု မွန်ပြည်သစ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်တလညီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မွန်ပြည်သစ်၏ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်တွင် နေရာချပေးမည်ဟု ဆိုသည်။

MNDA သည် မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် လှုပ်ရှားနေသော အဖွဲ့ဖြစ်သည်။

“စက်တင်ဘာ ၁ ရက်မှာ မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရတို့ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်သွားပြီလို့ ကျနော်တို့ သိရတယ်။ ဒါ့ကြောင့် ကျနော်တို့ ရဲဘော်တွေအားလုံး ပြန်စုစည်းပြီး သုံးသပ်ကြတယ်။ နောက်တော့ မိခင်ပါတီကို ပြန်ဝင်ဖို့ ကျနော်တို့ စီစဉ်ခဲ့တယ်” ဟု MNDA ခေါင်းဆောင် ဗိုလ်မှူးကျလွန်းထောက ပြောသည်။

မွန်ပြည်သစ်၏လက်နက်ကိုင်တပ်များကို စစ်အစိုးရတပ်အောက် သွတ်သွင်းမည့် စီမံကိန်းကို လက်မခံရာက ၁၉၉၅ တွင် ရယူခဲ့သော အပစ်ခတ် ရပ်စဲရေး ပျက်ပြားသွားခဲ့သည်။

အပစ်ခတ်ရပ်ပျက်ပြီးနောက် မွန်ပြည်သစ်ပါတီက လက်နက်စုဆောင်းခြင်း၊ တပ်အင်အား ဖြည့်ဆည်းခြင်းကိုမူ လုပ်ဆောင်နေကြောင်း ပါတီနှင့်နီးစပ်သူများထံမှ သိရသည်။

အမျိုးသားအခွင့်အရေးနှင့် ဒီမိုကရေစီအရေးကို လက်နက်ကိုင် တိုက်စရာမလိုဘဲ ပါလီမန်အတွင်းမှနေ၍ တောင်းဆို၍ ရသည်ဟု ဦးနုအစိုးရက ကမ်းလှမ်းသဖြင့် မွန်ပြည်သူ့တပ်ဦးက ၁၉၅၈ တွင် အင်အား ၁ဝဝဝ ကျော်ဖြင့် လက်နက်အပ်ခဲ့သည်။ ယင်းလမ်းစဉ်ကို လက်မခံသော နိုင်ရွှေကျင်က ထိုနှစ် ဇူလိုင် ၂ဝ တွင် မွန်ပြည်သစ်ပါတီကို တည်ထောင်ခဲ့သည်။

သတင်းရင်းမြစ် _ စံခလပူရီ (မဇ္ဈိမ)

0 comments: