Saturday, January 15, 2011

နိုင်ငံရေးသမားနဲ့ ရဲဘက်


နိုင်ငံရေးအကျဉ်းသား တချို့ ရဲဘက်စခန်း ရောက်သွားတယ်။ ရဲဘက်စခန်းဆိုတာ ဘယ်လိုဟာမျိုးလဲ?
စိုက်ပျိုးရေး ရဲဘက်စခန်းတွေမှာ လူတွေကို နွားနေရာမှာ အစားထိုးတယ်။ ထွန်တုံး ပခုံးပေါ်တင်ပြီး လယ်ထွန်ရတယ်။ နွားသေရင် ထုချေလွှာ ရေးပြီး အစီရင်ခံရမှာစိုးရိမ်လို့ လူတွေကို ပိုပြီး ခိုင်းတယ်လို့ အကျဉ်း ဦးစီးအရာရှိတွေက ဆိုတယ် တဲ့။

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကာလ အဖမ်းခံရသူ အများအပြား ရဲဘက်ကို ရောက်သွားကြတယ်။ ဒီနေ့မှာ ရဲဘက်ရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ ဘယ်လောက် ရှိမယ် မသိဘူး။ ရဲဘက်ကနေ အသက်ရှင်လျက် ပြန်ထွက်လာသူတွေထဲမှာ အထင်ရှားဆုံးက လူရွှင်တော် ပါပါလေး ဖြစ်ပါတယ်။ သူ့ပြောပြချက်ကို DVB က ၇-၈-၂၀၀၈ မှာ အခုလို အသံလွှင့်ခဲ့တယ်။

“ကျောက်တုံးပိတာတို့၊ ကျောက်မှန်တာတို့၊ တကယ်လက်တွေ့ပဲဗျာ။ ကျောက်လွှာတွေ အပေါ်မှာ တက်သွားတယ်၊ မိုင်း ခွဲရတာပေါ့ဗျာ။ မိုင်းခွဲတော့ မိုင်းခွဲတဲ့ဒဏ်က ကျောက်တုံးတွေ ပိလာတယ်။ ကျောက်တုံး လိမ့်ကျလို့ ဖယ်ပါ ဖယ်ပါလို့ ခဏခဏ အော်တာဗျာ။ ကျနော်တို့မှာ ခြေကျဉ်းနဲ့ ဒေါက်နဲ့ပေါ့ဗျာ။ လမ်းသွားတာ ဒေါက်ခတ်ထားတယ်။ မချွတ်ရဘူး။ အလုပ် လုပ်လည်း အဲဒီတိုင်းပဲ။ ကျောက်ထု ကျောက်သယ်နဲ့ မှန် သေတာတွေက များတယ်၊ ယမ်းစိမ်းတွေကိုဗျ။ ခြေထောက်ကို ခိုက်မိရင်လည်း ယောင်လာတယ်။ ယမ်းစိမ်းတွေ ဆိုတော့ ပြည်တွေ ရှိတယ်။ အဲဒါတွေလည်း မကုရဘူး။ ဆေးကလည်း ဟန်ပြပဲဗျ။ ဒေါက်တာ ကလည်း လာတယ်သာ ပြောတာ၊ မကုရဘူး။ ကျနော် ကိုယ်တိုင်လည်း လွတ်အောင် ရှောင်ခဲ့ ရတာပေါ့ဗျာ။ ကျနော်တို့ရှေ့တင် သေသွားတာတော့ တပတ်ကို နှစ်လောင်း၊ တခါတလေ သုံးလောင်း၊ အဲလို သေကြတယ်ဗျ။ --

အစားအသောက်ကလည်း ဆင်းရဲတယ်။ ငါးပိစိမ်းတွေပဲ စားရတာ။ အဲဒါတွေ သုံးရက်လောက် စားလိုက်ရင် ယားယံလာတယ်။ နောက် သွေးဝမ်းတွေ ကိုက်လာတယ်။ သွေးဝမ်း ကိုက်ပြီးတော့ ဒါနဲ့ သေကြတာ များတာပါပဲ။ ကျနော်တို့ (ရောက်ခဲ့တဲ့ ကချင်ပြည် ရဲဘက်စခန်း) ကျိန်ခရန်ခ မှာတော့ အဲလို အသေကို များခဲ့တယ်ဗျ။

အလုပ်ခိုင်းလို့ မလုပ်ဘူးဆိုလို့ရှိရင် ရိုက်တာများတယ်။ ကြိမ်နဲ့ ရိုက်တယ်။ အနည်းဆုံးတော့ သုံးချက်ပဲ။ ဒီအကျဉ်းသားတွေ ကိုယ်ချင်းစာတယ်။ ကိုယ်ကိုယ်နှိုက်ကလည်း သေလုမျောပါး လုပ်ခဲ့ရတာ ဆိုတော့လေ၊ မြန်မြန် လွတ်ပါစေ၊ မြန်မြန်လွတ်ပါစေလို့ ကျနော်တို့က ဆုတောင်းနေပါတယ်”
Copy from_ ppmoemaka.blogspot.com

0 comments: