Sunday, January 9, 2011

ထားဝယ် အထူးစီးပွားရေးဇုန် စီးပွားရေးကို ဦးမော့စေမှာလား

၂၀၁၀ စက်တင်ဘာလအတွင်းက တရုတ်ပြည်သို့ အလည်အပတ် ခရီးစဉ်၌ ရှန်ဇန်း အထူး စီးပွားရေးဇုန် နမူနာပုံစံငယ်ကို ကြည့်ရှုနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။ (ဓာတ်ပုံ - AP)

08 January 2011

၁၉၇၀ ခုနှစ်များ နှောင်းပိုင်း တံခါးဖွင့် မူဝါဒနဲ့ တိုင်းပြည်ရဲ့စီးပွားရေး ဦးမော့လာအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အထူး စီးပွားရေး ဇုန်တွေဟာ အာရှက တခြားနိုင်ငံတွေကို စံနမူနာယူရ လောက်အောင် အားကျစေခဲ့ပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပြီး မကြာသေးခင်က ထိုင်းနိုင်ငံရဲ့ ဓနနဲ့ နည်းပညာအင်အား အကူအညီနဲ့ ပထမဆုံး အထူးစီးပွားရေးဇုန်တခုကို တနင်္သာရီကမ်းရိုးတန်းက ထားဝယ်မြို့မှာ တည်ဆောက်ဖို့ မြန်မာစစ်ဗိုလ်ချုပ်တွေ သဘောတူခဲ့ကြပါတယ်။

စစ်အစိုးရဟာ ၁၉၈၉ ခုနှစ်ကတည်းက ဈေးကွက်စီးပွားရေးကို ကျင့်သုံးခဲ့ပြီး ပြည်ပရင်းနှီးမြုပ်နှံမှုတွေကို တံခါးဖွင့်ပေးခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ကျော်ကြာပြီးနောက် စီးပွားရေး ဦးမော့မလာတဲ့အဆုံး စစ်ဗိုလ်ချုပ်ကြီးတွေဟာ တရုတ်ပုံစံ အထူး စီးပွားရေးဇုန်မျိုးနဲ့ တိုင်းပြည်ရဲ့စီးပွားရေးကို ဖွံ့ဖြိုးအောင် လုပ်ဆောင်ဖို့ စဉ်းစားလာပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် မြေပုံအကြမ်း


စီမံကိန်း အကောင်အထည်ဖော်မှု အသေးစိတ်ကို မသိရပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထားဝယ် အထူးစီးပွားရေးဇုန်ကို တရုတ်နိုင်ငံက အအောင်မြင်ဆုံး ရှန်ဇန်း (Shenzhen) စီးပွားရေးဇုန်လို ဖြစ်အောင်လုပ်ပေးဖို့ Italian-Thai Development ကုမ္ပဏီ ဥက္ကဋ္ဌ ပရင်မ်ချိုင်း ကာနာဆုတ (Premchai Karnasuta) ကို ပြောကြောင်း The International Herald Tribune သတင်းစာပါ “မြန်မာပြည်ကို ပြောင်းလဲစေနိုင်မည့် စက်မှုစီမံကိန်း” (An Industrial Project That Could Change Myanmar) ဆောင်ပါးမှာ ဖော်ပြခဲ့ပါတယ်။


ဒီနေရာမှာ တရုတ်နိုင်ငံရဲ့အထူးစီးပွားရေးဇုန်တွေ ဘယ်လိုအောင်မြင်ခဲ့လို့ ဒေသတွင်းနိုင်ငံတွေက စံနမူနာအနေနဲ့ လိုက်ပါကျင့်သုံးဖို့ စဉ်းစားလာကြသလဲဆိုတာ လေ့လာဖို့လိုလာပါတယ်။ ထားဝယ်အထူး စီးပွားရေးဇုန်ကို ဘယ်လို အကောင်အထည်ဖော်မှာလဲ၊ တရုတ်တို့အောင်မြင်သလို ထားဝယ်အထူးစီးပွားရေးဇုန်က တိုင်းပြည်ရဲ့စီးပွားရေးကို အမှန်တကယ် ဦးမော့လာစေမှာလားဆိုတာ ဆန်းစစ်ဖို့လိုလာပါတယ်။

တကယ်တော့ တရုတ် အထူးစီးပွားရေးဇုန်တွေ အောင်မြင်ခဲ့တဲ့ခရီးလမ်းက ချောမွေ့လှတာမဟုတ်ပါဘူး။ နိုင်ငံရေးအရ စိန်ခေါ်မှုတွေ အများအပြားကို ကျော်လွှာခဲ့ရသလို ပထ၀ီအနေအထားကို မှန်မှန်ကန်ကန် ရွေးချယ်မှု၊ ခေါင်းဆောင်မှု ပုံစံသစ်ကို ကျင့်သုံးနိုင်မှုနဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ တည်ဆောက်မှုတွေမှာ အားကောင်းတဲ့ မျိုးဆက်သစ် စီမံခန့်ခွဲမှုပုံစံတွေကို ကျင့်သုံးနိုင်ခဲ့တာတွေက အောင်မြင်မှုရဲ့ အခြေခံတွေဖြစ်တယ်ဆိုတာကို အခု နှစ်ပေါင်း ၃၀ ကြာလာချိန်မှာ ပညာရှင်များက သုံးသပ်လာကြပါတယ်။

အဲဒါတွေက တရုတ်ပြည်တွင်း ပြုပြင်ပြောင်းလဲမှုတွေ (Internal Changes) မှာ အဓိကကျသော အချက်များဖြစ်ပါတယ်။ ဒါပေမယ့် ထိုအချက်များ လုပ်နိုင်ရုံနဲ့ အထူးစီးပွားရေးဇုန်တွေ အောင်မြင်ခဲ့တာမဟုတ်ပါဘူး။ ပြင်ပအကြောင်းတရားများ (External Factors) ရဲ့ ပံ့ပိုးမှုများလည်း ပါဝင်ခဲ့ပါတယ်။ အဲဒါတွေထဲက အဓိကအချက်ကတော့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (Foreign Direct Investment - FDI) တွေ အဲဒီစီးပွားရေးဇုန်တွေထဲ အလုံးအရင်း စီးဝင်လာခဲ့လို့ပါပဲ။

အုပ်ချုပ်ရေးဆိုင်ရာ အပြောင်းအလဲ

ပြည်တွင်းပြုပြင်ပြောင်းလဲမှုမှာ အကြီးမားဆုံးစိန်ခေါ်မှုက နှစ်ပေါင်းများစွာ ဗဟိုချုပ်ကိုင်မှု အားကြီးခဲ့တဲ့ အထက်အောက် အမိန့်ပေးစနစ်နဲ့သွားခဲ့သော နိုင်ငံရေး အဆောက်အအုံပဲ ဖြစ်ပါတယ်။ အရင်းရှင်နိုင်ငံတွေမှာပဲ အလုံးအရင်းနဲ့ရှိတဲ့ အရင်းအနှီးတွေကို ဆွဲဆောင်နိုင်ဖို့ အရင်းရှင်တွေအကြိုက် ဗဟိုချုပ်ကိုင်မှုနည်းတဲ့၊ ကြိုးနီစနစ်နည်းတဲ့၊ အကျင့်ပျက်ချစားမှုမရှိတဲ့၊ အရည်အချင်းရှိတဲ့ အုပ်ချုပ်ရေးခေါင်းဆောင်တွေ စီမံခန့်ခွဲတဲ့၊ အထူးစီးပွားရေးဇုန် အုပ်ချုပ်ရေးပုံစံသစ်နဲ့ ဆွဲဆောင်မှုကောင်းတဲ့ စီးပွားရေး အာမခံချက်တွေပေးထားတဲ့ ဥပဒေပြဌာန်းမှုတွေ လုပ်ခဲ့ပါတယ်။

ဒီလို အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေကို တနိုင်ငံလုံးမှာ အကောင်အထည်ဖော်တာ မဟုတ်ဘဲ အဲဒီစီးပွားရေးဇုန်တွေမှာပဲ အကောင်အထည် ဖော်တဲ့အတွက်ကြောင့် “အထူး” ဆိုတဲ့ ၀ိသေသကို ခေါ်ဝေါ်သုံးစွဲတာလည်း ဖြစ်ပါတယ်။ တရုတ်အစိုးရက အဲဒီစီးပွားရေးဇုန်တွေရဲ့ အုပ်ချုပ်ရေးအဖွဲ့အရွယ်အစားကို ကျုံ့လိုက်ပြီး တာဝန်ယူ အကောင်အထည်ဖော်နေတဲ့ မတူညီတဲ့ဌာနတွေကို မြို့တော်ဝန်ရဲ့ လက်အောက်မှာထားကာ မြို့တော်ဝန်ကို အာဏာကုန်ပေး အုပ်ချုပ်စေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မကြာသေးခင်က ရွေးကောက်ပွဲတွေကျင်းပခဲ့ပြီး အရပ်သားအစိုးရသစ်ကို ထူထောင်ဖို့ပြင်ဆင်နေပါတယ်။ စီးပွားရေးအရ နိုင်ငံခြားဝင်ငွေ ကြီးကြီးမားမားရခဲ့တဲ့ မြန်မာ့ကမ်းလွန်က ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ထိုင်းနိုင်ငံကို ရောင်းချနိုင်တာကလွဲရင် မြန်မာစစ်အစိုးရဟာ လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း တိုင်းပြည်စီးပွားရေးကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တာ မရှိခဲ့ပါဘူး။

ပြည်တွင်းမှာရော ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာကပါ ပြစ်တင်ဝေဖန်ခဲ့တဲ့ ရွေးကောက်ပွဲကနေ အသစ်ဖွဲ့စည်းအုပ်ချုပ် လာမဲ့ အရပ်သားအစိုးရဟာ သူတို့ရဲ့ ဆွေမျိုးပေါက်ဖော်တရုတ်တွေလို နိုင်ငံရေးအဆောက်အုံပိုင်းမှာ အကြီးအကျယ်ပြောင်း လဲမှုတွေလုပ်ပြီး တိုင်းပြည်စီးပွားရေး ဦးမော့လာအောင် ထားဝယ်စီးပွားရေးဇုန်ကို အောင်အောင်မြင်မြင် ထူထောင်နိုင်မှာလား။ တရုတ်တို့လို အောင်မြင်ချင်တယ်ဆိုရင် ဗိုလ်ချုပ်ကြီးတွေ၊ ၎င်းတို့သားသမီးတွေနဲ့ နီးစပ်ရာစီးပွားရေးလုပ်ငန်းရှင် လက်တဆုပ်စာသာ အခွင့်အရေးယူ လုပ်ကိုင်နေကြတဲ့ လက်ရှိစီးပွားရေးပုံစံနဲ့တော့ သွားလို့မဖြစ်တော့တာ အသေအချာပါပဲ။

ပထ၀ီစီးပွားရေးရဲ့ အရေးပါမှု

ရေမြင့်မှ ကြာတင့်တယ်ဆိုတဲ့ စကားပုံဟာ တရုတ် အထူးစီးပွားရေးဇုန်တွေ အောင်မြင်မှုရဲ့ နောက်ထပ် ထူးခြားချက်တခုဖြစ်ပါတယ်။ အထူးစီးပွားရေးဇုန်တွေရဲ့ ပထ၀ီအနေအထား ရွေးချယ်သတ်မှတ်မှုဟာ အရေးကြီးတဲ့အချက် တခုဖြစ်တယ်။ အထူးစီးပွားရေးဇုန်တွေကို သတ်မှတ်တဲ့အခါ အနီးဝန်းကျင်မှာ ဖွံ့ဖြိုးမှုအားကောင်းတဲ့ အိမ်နီးချင်း စီးပွားရေးတွေ ရှိနေဖို့လိုပါတယ်။

တရုတ်တို့က အဲဒီအချက်ကို အလေးအနက်ထားပြီး အထူးစီးပွားရေးဇုန်တွေ သတ်မှတ်ခဲ့ပါတယ်။ ဖွံ့ဖြိုးအားကောင်းတဲ့ အိမ်နီးချင်း စီးပွားရေးရှိမှ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်နိုင်မှာဖြစ်သလို အလွယ်တကူ စီးဝင်လာမှာလည်း ဖြစ်ပါတယ်။

ရှန်ဇန်း အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်တုန်းက သူနဲ့ကပ်လျက် ဟောင်ကောင်က စီးပွားရေး အရင်းအမြစ်တွေကို ဆွဲဆောင်ဖို့ ပစ်မှတ်ထားခဲ့ပါတယ်။ ထို့အတူ ဆူဟိုင် (Zhuhai) အထူးစီးပွားရေဇုန်က မကာအိုနဲ့ ကုန်းမြေချင်း ထိစပ်နေသလို ရှာမင် (Xiamen) အထူးစီးပွားရေးဇုန်က ထိုင်ဝမ်နဲ့ကပ်လျက် ရှိနေပါတယ်။ ရှန်ထို (Shantou) အထူးစီးပွားရေးဇုန်က ဟောင်ကောင်နဲ့ ထိုင်ဝမ်အကြားမှာ ရှိပါတယ်။

ဒီနေရာမှာ သတိပြုသင့်တာတခုက တရုတ်တို့ အထူးစီးပွားရေးဇုန် စတင်ချိန် ၁၉၇၉ ခုနှစ်မှာ ဟောင်ကောင်ဟာ ဗြိတိသျှအစိုးရရဲ့ အုပ်ချုပ်ရေးအောက်မှာ ရှိနေပြီး မကာအိုဟာ ပေါ်တူဂီအစိုးရလက်အောက်မှာ ရှိနေပါတယ်။ ၁၉၉၇ ခုနှစ်မှ ဟောင်ကောင်ဟာ တရုတ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိခဲ့သလို ၁၉၉၉ ခုနှစ်မှ မကာအိုဟာလည်း တရုတ်ပိုင် ဖြစ်လာပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ နီးစပ်တဲ့ ဖွံ့ဖြိုးအားကောင်းတဲ့ စီးပွားရေးဆိုလို့ ထိုင်းနိုင်ငံတခုပဲ ရှိပါတယ်။ ထိုင်းနိုင်ငံဟာလည်း ဒေသတွင်း အားကောင်းတဲ့ စီးပွားရေးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ မလေးရှားတို့ နောက်မှာရှိနေတယ်။ အဲဒီနိုင်ငံတွေက ထားဝယ် အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားကြသလား၊ ဒေသတွင်း အခြားစီးပွားရေး အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီယားတို့ကရော စိတ်ဝင်စားကြသလားဆိုတာ သိပ်မတွေ့ရသေးပါဘူး။

တရုတ်တို့နဲ့ တူညီတဲ့အချက်တခုကတော့ ထားဝယ် အထူးစီးပွားရေးဇုန်ဟာ ပင်လယ်ထွက်ပေါက်ရှိတဲ့ ရေကြောင်းသွားလာရေး အချက်အခြာကြတဲ့ နေရာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ထားဝယ် ရေနက်ဆိပ်ကမ်းကို တည်ဆောက်ပြီး အဲဒီကနေတဆင့် ထိုင်းနိုင်ငံအထိ ရထားနဲ့ ကားလမ်းဖောက်ပြီး မဲခေါင်မြစ်ဝှမ်းဒေသ ကုန်စည်ကူသန်းရေးနဲ့ သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးရေး စီမံကိန်းနဲ့ ချိတ်ဆက်ဖို့ အစီအမံတွေလည်း ပါပါတယ်။

စီးပွားရေးအရ အားနည်းတဲ့ အိမ်နီးချင်း မြန်မာအပါအ၀င် အာဆီယံနိုင်ငံတွေဖြစ်တဲ့ လာအို၊ ကမ္ဘောဒီယားနဲ့ ဗီယက်နမ်နိုင်ငံ တွေကြားမှာ စီးပွားရေးဗဟိုချက်အဖြစ် ပေါ်ထွက်လာစေရန် ထိုင်းနိုင်ငံက ရည်မှန်းထားပါတယ်။ အဲဒီနိုင်ငံတွေက ထိုင်းနိုင်ငံလောက် ကမ္ဘာ့စီးပွားရေးနဲ့ ချိတ်ဆက်မှု အားမကောင်းသေးတဲ့အတွက် ထားဝယ် ရေနက်ဆိပ်ကမ်းဟာလည်း ထိုင်းတို့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ထိုင်းစီးပွားရေးကို ဒေသတွင်းနဲ့ရော နိုင်ငံတကာနဲ့ပါ ချိတ်ဆက်ဆောင်ရွက်တဲ့နေရာမှာ အထောက်အပံ့ဖြစ်မှာ အမှန်ပါပဲ။

လူမှုစီးပွားဆိုင်ရာ ထူးခြားချက်

အထူးစီးပွားရေးဇုန်တွေကို အဓိက၀ိုင်းပတ်ထားတဲ့ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ မကာအိုတို့ဟာ ပြည်ပရောက် တရုတ်လူမျိုးတွေ အများစုနေထိုင်ရာ ဒေသတွေဖြစ်နေတဲ့ အချက်ဟာလည်း တရုတ်စီးပွားရေးကို ဦးမော့လာစေတဲ့အချက် ဖြစ်ပါတယ်။ ပြည်ပရောက် တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အရင်းအနှီးတွေ အများအပြား အထူးစီးပွားရေးဇုန်တွေထဲ ၀င်ရောက်လာပါတယ်။ ဒါပေမယ့် ထားဝယ် အထူးစီးပွားရေးဇုန်မှာတော့ ဒီအချက်ကင်းမဲ့နေပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၂ သန်းကျော်ရှိပေမယ့် အားလုံးနီးပါးဟာ ထိုင်းစီးပွားရေးရဲ့ အောက်ဆုံးအလွှာက အလုပ်သမားများဖြစ်နေတဲ့ အတွက် ပြည်ပရောက် မြန်မာများရဲ့ အရင်းအနှီးကို မျှော်ကိုးလို့မရပါဘူး။

တရုတ် အထူးစီးပွားရေးဇုန်တွေနဲ့ ဆင်တူတဲ့အချက်တခုတော့ ထားဝယ် စီးပွားရေးဇုန်မှာ ဖြစ်လာနိုင်စရာရှိပါတယ်။ အဲဒါက အထူး စီးပွားရေးဇုန်တွေက ဖန်တီးပေးလိုက်တဲ့ အလုပ်တွေကြောင့် တရုတ်ပြည်မကြီးကနေ တရားမ၀င် ပြည်ပကိုခိုးထွက်ပြီး အလုပ်အကိုင်ရှာဖွေကြတဲ့ တရုတ်လူမျိုးအရေအတွက် ကျဆင်းလာတဲ့ကိစ္စပါ။ ထားဝယ်စီးပွားရေးဇုန်ကလည်း မြန်မာလူငယ်တွေ ထိုင်းနိုင်ငံကို နေ့စဉ်နယ်စပ်ဖြတ်ကျော် အလုပ်အကိုင် ရှာဖွေနေကြတာတဲ့နှုန်းကို လျော့ကျသွားစေနိုင်ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာရရှိတဲ့ အလုပ်သမားတယောက်ရဲ့ အခြေခံလစာထက် မနိမ့်ကျတဲ့ လစာမျိုး ပေးနိုင်ဖို့တော့လိုပါတယ်။

အခြေခံအဆောက်အအုံ တည်ဆောက်မှု

အထူးစီးပွားရေးဇုန်တွေကို စတင်ထူထောင်ချိန်မှာ တရုတ်အစိုးရ ရင်ဆိုင်ရတဲ့ နောက်ထပ်ကြီးမားသော ပြဿနာတခုက စီးပွားရေးဇုန်တခုမှာရှိရမယ့် ခေတ်မီ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရတဲ့ ကိစ္စပါပဲ။ ခေတ်မီ မြို့ကြီးတခုမှာရှိရမယ့် ကောင်းမွန်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ ခေတ်မီလူထုဆက်သွယ်ရေး ကွန်ယက်များ၊ စီးပွားရေး လုပ်ငန်းကြီးများအတွက် လုံလောက်သောမြေနေရာ အကျယ်အ၀န်းနဲ့ ခေတ်မီအဆောက်အဦးများ၊ ကမ္ဘာနဲ့ချိတ်ဆက်ဆောင် ရွက်နိုင်မယ့် ခေတ်မီဘဏ်စနစ်များ စတဲ့နည်းပညာနဲ့ အုပ်ချုပ်ရေးယန္တယားများကို မောင်းနှင်မယ့် အရည်အချင်းပြည့်ဝတဲ့ နိုင်ငံတကာ အဆင့်မီ ပညာတတ် လူသားအရင်းအမြစ်များ လိုအပ်ပါတယ်။

တရုတ်အစိုးရက နှစ်တိုတိုအတွင်းမှာ ဒါတွေအားလုံး ပေါ်ထွန်းလာအောင် စွမ်းဆောင်နိုင်ခဲ့သလို စီးပွားရေးဇုန်ကို တည်ဆောက်ရာမှာလည်း သတ်မှတ်ထားတဲ့ နယ်မြေအတွင်းမှာ တဆင့်ချင်း မြေဧရိယာကို တိုးချဲ့သတ်မှတ် တည်ဆောက်ခဲ့ကြတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရရဲ့ ထားဝယ် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မှုက တရုတ်တို့နဲ့ ကွာခြားပါတယ်။

ထားဝယ်မြို့က မောင်းမကန် ကမ်းရိုးတန်းရှိ စတုရန်းကီလိုမီတာ ၂၅၀ ရှိတဲ့ မြေဧရိယာမှာ အကောင်အထည် ဖော်မယ့် အထူးစီးပွားရေးဇုန် စီမံကိန်းတခုလုံးကို ထိုင်းနိုင်ငံရှိ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Italian-Thai Development တခုတည်းကို နှစ် ၆၀ လုပ်ပိုင်ခွင့်စာချုပ်နဲ့ အကောင်အထည် ဖော်ဖို့ လုပ်ဆောင် စေခဲ့တာဖြစ်ပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန်ရဲ့ အားသာချက်အဖြစ် Italian-Thai ကုမ္ပဏီက သုံးသပ်တဲ့အထဲမှာ သဘာဝအရင်းအမြစ်နဲ့ အလုပ်သမား ပေါများတာတို့ ဖြစ်ပါတယ်။ လာမယ့် နှစ်ပေါင်း ၆၀ အတွင်းမှာ အထူးစီးပွားရေးဇုန်က ကျွမ်းကျင်လုပ်သား (Skilled Labor) ဘယ်လောက် မွေးထုတ်ပေးနိုင်မလဲဆိုတာ မသေချာပေမယ့် ဈေးပေါပေါနဲ့ရမယ့် အလုပ်ကြမ်းသမား (Hard Labor) တွေကိုတော့ ရထားလမ်းဖောက်၊ ကားလမ်းဖောက်၊ စက်ရုံအဆောက်အအုံတွေ ဆောက်တဲ့နေရာမှာ ခေါ်ယူသုံးစွဲဖို့အတွက် အဲဒီကုမ္ပဏီက စဉ်းစားထားတာတော့ အသေအချာပါပဲ။

ဒီနေရာမှာ ကျွမ်းကျင်လုပ်သားတွေနဲ့ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ပညာတတ်ကော်လာဖြူ (White Collar) တွေကို ထိုင်းလူမျိုးတွေနဲ့ တခြားနိုင်ငံတွေကနေ ခေါ်ယူခန့်ထားမယ့် အခြေအနေတွေလည်း ဖြစ်လာနိုင်ပါတယ်။ နိုင်ငံတကာဈေးကွက်နဲ့ တကြိမ်တခါမျှ ချိတ်ဆက်လုပ်ကိုင်ဖူးခြင်းမရှိတဲ့ မြန်မာစီးပွားရေးလုပ်ငန်းတွေလည်း အထူးစီးပွားရေးဇုန်မှာ သွားရောက် ရင်းနှီးမြုပ်နှံမယ်ဆိုရင် လူသား အရင်းအမြစ်ဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖို့ရှိပါတယ်။

နိုင်ငံရေးတည်ငြိမ်မှု

တရုတ် အထူးစီးပွားရေးဇုန်တွေရဲ့ နောက်ထူးခြားချက်တခုက နိုင်ငံရေးတည်ငြိမ်မှုရှိတာ တွေ့ရပါတယ်။ ထို့အတူ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေကလည်း တည်ငြိမ်တဲ့ နိုင်ငံရေးအခြေခံပေါ်မှာ တည်ဆောက်ထားတဲ့ အားကောင်းတဲ့ စီးပွားရေးအဆောက်အအုံတွေ ဖြစ်ပါတယ်။

ဒီနေရာမှာတော့ တရုတ်တို့နဲ့ ကွဲပြားတဲ့အချက်က မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လုံးလုံး နိုင်ငံရေးတည်ငြိမ်မှု မရှိသလို ယခုလည်း အစိုးရသစ် အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေပေမယ့် တည်ငြိမ်မှုမရှိပါဘူး။ ထားဝယ် အထူးစီးပွားရေးဇုန်ကနေ ထိုင်းနိုင်ငံက ကချနဘူရီခရိုင်ကို ရထားလမ်းနဲ့ ကားလမ်း ဖောက်လုပ်မယ့်ဒေသမှာ လှုပ်ရှားနေဆဲဖြစ်တဲ့ မွန်နဲ့ ကရင်လက်နက်ကိုင် အဖွဲ့များ ရှိနေဆဲပါ။

စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ အပစ်အခတ်ရပ်စဲမှုတွေကို ၁၉၉၀ ခုနှစ်များ အစောပိုင်းမှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမတိုင်ခင် အဲဒီ အဖွဲ့တွေကို နိုင်ငံရေးအရ တန်းတူအခွင့်အရေးမပေးဘဲ နယ်စပ်ဒေသ လုံခြုံရေးအဖွဲ့များအသွင် အတင်းအကျပ်ပြောင်းခိုင်းပြီး စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်ကို သွင်းဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရရှိဘဲ ရရှိပြီးသား ငြိမ်းချမ်းရေးလည်း ပျက်လုနီးပါးအခြေအနေ ဖြစ်နေပါပြီ။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုအပြင် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေက မြန်မာစစ်အစိုးရအပေါ် စီးပွားရေး အရေးယူ ပိတ်ဆို့မှုတွေကလည်း ပြန်လည်ရုတ်သိမ်းမယ့်လက္ခဏာ မတွေရသေးပါဘူး။ အဲဒီ အခြေအနေမျိုးမှာ နိုင်ငံခြားရင်းနှီး မြုပ်နှံသူတွေအနေနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြုပ်နှံဖို့ဆိုတာ အန္တရယ်ကင်းတဲ့ ရင်းနှီးမြုပ်နှံမှု မဟုတ်ဘူးဆိုတာ သိကြပါတယ်။

အထူးစက်မှုဇုန်များရဲ့ဆိုးကျိုး

Italian-Thai ကုမ္ပဏီက ထားဝယ် အထူးစီးပွားရေးဇုန်မှာ တည်ဆောက်မယ့် စီမံကိန်းတွေထဲမှာ သံမဏိစက်ရုံ၊ ဓာတုဗေဒ အခြေခံစက်ရုံတွေနဲ့ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားစက်ရုံတို့လို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တဲ့ စက်ရုံတွေဖြစ်ပါတယ်။ အဲဒီ စက်ရုံတွေကို ထိုင်းနိုင်ငံတောင်ပိုင်းက စက်မှုဇုန်တွေမှာ တည်ဆောက်ဖို့ လျာထားပေမယ့် ထိုင်းပြည်သူတွေက သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှာစိုးလို့ အပြင်းအထန် ကန့်ကွက်နေတဲ့အတွက် ထားဝယ် အထူးစီးပွားရေးဇုန်မှာ တည်ဆောက်မှာဖြစ်ပါတယ်။

ဒီနေရာမှာ တရုတ် အထူးစီးပွားရေးဇုန်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကလည်း မနည်းပါဘူး။ အထူးစီးပွားရေးဇုန်တည် ဆောက်ခြင်းနဲ့ ၎င်းနဲ့အတူ ပေါ်ထွက်လာတဲ့ မြို့ပြဖြစ်ထွန်းမှုတွေကြောင့် ယခင်က ထိုဒေသတွေမှာရှိခဲ့တဲ့ လယ်ယာစိုက်ပျိုးမြေ ဧက မြောက်များစွာကို အစိုးရက သိမ်းယူတာ၊ ကျေးရွာတွေကို ရွှေ့ပြောင်းတာနဲ့ လယ်သမားအများအပြား အလုပ်လက်မဲ့ဘ၀ ရောက်ရတာတွေဟာ တရုတ် အထူးစီးပွားရေးဇုန်တွေမှာ ကြုံတွေ့ခဲ့ရပါတယ်။

မြေယာနဲ့ တခြားပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ရတဲ့အပြင် အစိုးရက အခွန်ကောက်ခံမှုနှုန်းထားများ တိုးမြှင့်ခဲ့တဲ့အတွက် ကျေးလက်နေလူထုရဲ့ လူမှုစီးပွားရေး မတည်ငြိမ်မှုများဖြစ်လာပြီး လယ်သမားများရဲ့ အကြမ်းဖက်မှုများ၊ ဆန္ဒပြမှုများလည်း တိုးမြင့်လာခဲ့ပါတယ်။

ထားဝယ် အထူးစီပွားရေးဇုန်စီမံကိန်းအတွင်း ကျရောက်နေတဲ့ ကျေးရွာ အတော်များများ ရှိပါတယ်။ အရင်က အစဉ်အလာအတိုင်းဆိုရင် စစ်အစိုးရဟာ ကျေးရွာတွေ ရွှေ့ပြောင်းမှုကို စနစ်တကျ လုပ်လေ့မရှိပါဘူး။ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းပါတယ်။ ထို့အတူ ထိုက်သင့်တဲ့လျော်ကြေးမပေးဘဲ လယ်ယာမြေတွေကိုလည်း နိုင်ငံတော်ပိုင်ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ သိမ်းယူပါတယ်။

ကမ္ဘာမှာ လူ့အခွင့်အရေး အချိုးဖောက်ဆုံးနိုင်ငံတွေစာရင်းထဲ ပါရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ပါဝင်ဆောင်ရွက်မယ့် ကုမ္ပဏီတွေအတွက် လူ့အခွင့်အရေးကိစ္စ၊ အလုပ်သမား အခွင့်အရေးကိစ္စတွေကို အလေးထား မဆောင်ရွက်ဘူးဆိုရင် ဝေဖန်ပြစ်တင် ခံလာရနိုင်တာကို သတိပြုမိဖို့လိုပါတယ်။

(ဤဆောင်းပါးပါ တရုတ် အထူးစီးပွားရေးဇုန်များအကြောင်း အချက်အလက်များကို ၂၀၀၆ ခုနှစ်ထုတ် Asian Perspective အတွဲ ၃၀၊ နံပါတ် ၃ တွင်ပါဝင်သော ဆောင်းပါးရှင် Hongyi Harry Lai ရေးသားသည့် SEZs And Foreign Investment in China: Experience and Lessons for North Korean Development ကို ကိုးကားထားပါသည်။)

သတင်းရင်းမြစ် _ ဧရာဝတီ

0 comments: