Sunday, January 23, 2011

အနာခံရဲကြသူများ

မဖြူဖြူသင်းနှင့် NLD လူမှု အထောက်အကူပြု အဖွဲ့ဝင်များ စောင့်ရှောက်ထားသည့် ရန်ကုန်တိုင်း ဒဂုန်မြို့သစ်(တောင် ပိုင်း)ရှိ HIV ဝေဒနာရှင်များကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က ဒေါ်အောင်ဆန်းစုကြည် လာရောက် ကြည့်ရှုအားပေးစဉ်။ စောင့်ရှောက်ထားသည့် ဝေဒနာရှင် ၈၀ ကျော်ရှိသည်။ (ဓာတ်ပုံ - AP)
22 January 2011 .

လူသား အကျိုးပြုလုပ်ငန်း လုပ်နေသူတွေ အားလုံးပဲ အနည်းနဲ့အများ ဆိုသလို ကိုယ်ကျိုး စွန့်လွှတ် အနစ်နာခံရတာချည်းပါပဲ။ ကျမတို့ လူငယ်တွေ အားလုံး ဒီနေ့ဒီချိန်အထိ ငွေကြေး တပြားတချပ်မှ မရဘဲ လုပ်နေကြတာပါ။ ဒါကြောင့် အနည်းဆုံး မိသား စု ငြိုငြင်တာတော့ ခံရတာပါပဲ။

မိသားစုနဲ့ ပဋိပက္ခ

ကျမ ကိုယ်တိုင်သည်လည်းပဲ ဒီ ခုခံအားကျဆင်းမှု တိုက်ဖျက်ရေး လုပ်ငန်း စတင်စဉ်ကတည်းက အိမ်အလုပ်တောင် မလုပ်နိုင် တော့ပါဘူး။ ဒါပေမယ့် ကျမမိသားစုက အပြည့်အ၀နားလည်မှုပေးပြီး လိုအပ်တဲ့ ထောက်ပံ့မှုတွေ လုပ်ပေးနေတာကြောင့် တော် သေးတယ်လို့ ပြောရမှာပါ။

တချို့တွေဆိုရင် လင်မယား စကားများ ရန်ဖြစ်တာ၊ မိဘတွေက အိမ်က နှင်ချတာတွေ မကြာခဏ ကြားနေရတော့ ကျမအနေ နဲ့ အရမ်းပဲ စိတ်ထိခိုက်ရပါတယ်။ ဘာမှလည်း မတတ်နိုင်ခဲ့ပါဘူး။ အခုချိန်အထိလည်း ဘယ်လိုမျိုး ဖြေရှင်းပေးရမယ် ဆိုတာ ကို မသိသေးပါဘူး။

အခက်အခဲတချို့

ကိုယ်ကျိုးစွန့် လုပ်ကြရာမှာ လုပ်ငန်း ပျက်ယွင်းတဲ့အထိ ဖြစ်သွားတဲ့လူတွေလည်း ရှိပါတယ်။ တချို့ကျတော့လည်း ဖမ်းဆီးခံရ တဲ့အထိ ဖြစ်တာလည်း ရှိပါတယ်။ ထင်ထင်ရှားရှားဆိုရင် နယ်မှာပညာပြန်ပေးဖို့
သွားတဲ့ ရေနံချောင်းက လူငယ်တယောက် အချုပ်ကျခံရတယ်၊ ကျောက်ပန်းတောင်းက လူငယ်ဆိုလည်း အဖမ်းခံရတယ်၊ တရားစွဲမယ်လို့ ခြိမ်းခြောက်တာ ခံရတယ်။ လူနာတွေအတွက် ဆွမ်းကျွေးပေးလို့ ဆိုပြီး လူငယ် ၁၁ ယောက် ၃ ရက်ကြာ ဖမ်းဆီး စစ်ဆေးခံရတာတွေလည်း ရှိပါတယ်။

ကျမတို့လူငယ်တွေဟာ အဲဒီလို အမျိုးမျိုးသော အနစ်နာခံရမှုတွေ၊ ဒုက္ခတွေကို ဒီနေ့အချိန်အထိ ရင်ဆိုင်ကျော်ဖြတ်နေရတာပါ။

ကျမတို့က နိုင်ငံရေးနဲ့ ဆက်နွယ်နေတာမို့ အဖမ်းခံရတာတောင် နည်းသေးတယ်လို့ ဆိုသူတွေလည်း ရှိပါတယ်။ ဒါက မှန်သင့် သလောက် မှန်ပါတယ်။ ဒါပေမယ့် ကျမတို့လို မဟုတ်တဲ့ အဖွဲ့အစည်း၊ တကယ့် လူမှုရေး အဖွဲ့အစည်းတွေကိုလည်း တားဆီး ပိတ်ပင်တာတွေ ရှိပါတယ်။ အန်ဂျီအို အမျိုးသမီး ၀န်ထမ်း တယောက်ဆိုရင် ကြည့်မြင်တိုင်ဘက်မှာ ပြည့်တန်ဆာတွေကို ကွန် ဒုံး ဝေနေတုန်း အဖမ်းခံရတယ်၊ ပြီးတော့ ပြည့်တန်ဆာမှုနဲ့ အရေးယူခံရတယ်၊ အဲဒါမျိုးကျတော့ ဝေဖန် ထောက်ပြတာတွေ၊ တိုင်တန်း ပြောဆိုတာမျိုးတွေ မလုပ်ကြပါဘူး။

ဒီတော့ နိုင်ငံရေး ဆက်နွယ်သည် ဖြစ်စေ၊ မဆက်နွယ်သည် ဖြစ်စေ အာဏာပိုင်တွေဘက်က အမြင်မရှင်းလင်းရင် ဖမ်းတာပါပဲ။ ဒါတွေကို အများက မသိကြပါဘူး။ ဒါကြောင့် တချို့ကဆိုရင် ကျမတို့ကိုပဲ အချိန်ပြည့် ဝေဖန်နေတာပါ။ လူမှုရေးလုပ်ငန်း လုပ် ရင်တော့ အနည်းနဲ့အများ ဆိုသလိုတော့ ကိုယ်ကျိုး စွန့်လွှတ်ရတာချည်းပါ။

ကျမအဖွဲ့က အစ်ကိုတယောက်နဲ့ အစ်မ တယောက် စွန့်လွှတ်ရတဲ့ အဖြစ်ပျက်လေးတွေအကြောင်း ပြောရရင်တော့ ငိုအား ထက် ရယ်အားသန် ဆိုသလို ပါပဲ။

တောင်တွင်းကြီးက လူနာ

ပထမလူက တောင်တွင်းကြီးက လူနာတယောက်ပါ။ ဒီလူနာက စရောက်လာကတည်းက အူကျရောဂါ တွဲဖက် ပါလာတယ်။ လူကတော့ အတော်လေး သန်မာသေးတယ်။ သူ့မှာ လူနာစောင့် ပါမလာပါဘူး။ တိုက်တိုက် ဆိုင်ဆိုင် အဲ့ဒီအချိန်က အဖွဲ့ထဲက လူငယ်တွေကလည်း ခရီးထွက်သူထွက်၊ တခြား နိုင်ငံရေးအလုပ်တွေများ ဖြစ်နေတော့ ဒီလူနာကို ဆေးရုံသွားတင်တော့ ကျမ ရယ် တောင်ဒဂုံက အစ်မ တယောက်ရယ်ပဲ ရှိပါတယ်။ ဆေးရုံရောက်တော့ လူနာစောင့် လိုတယ်ဆိုတော့ အဲ့ဒီ အစ်မကိုပဲ အကူအညီ တောင်းရတာပေါ့။

ကျမတို့လည်း ဆေးရုံစည်းကမ်းတွေ သိပ် နားမလည်ဘူး။ လူနာကလည်း အိမ်ထောင်ရှိတယ် ပြောထားတော့ နပ်စ်တွေက နားလည်မှုလွဲပြီးတော့ အဲ့ဒီ အစ်မကို လူနာရဲ့ အမျိုးသမီး ထင်မှတ်သွားဟန် တူပါတယ်။ ခွဲစိတ်လူနာ ဖြစ်နေတော့ လက်မှတ် ထိုးရတာပေါ့။ ကူညီတာပဲဆိုပြီး အားလုံး အမှုမဲ့ အမှတ်မဲ့ပဲ လက်မှတ် ထိုးလိုက်တာပါပဲ။ ဒါပေမယ့် ကျမတို့ မသိလိုက်တာက လူနာရှင်ရဲ့ နေရာမှာ ဇနီးဆိုပြီးထည့်ထားတာကို ကျမကော အဲ့ဒီ အစ်မပါ သတိ မထားမိပါဘူး။ ဒါနဲ့ ကျမလည်း အိမ်ပြန်လာ၊ တောင်တွင်းကြီးကို ဆက်သွယ်ပြီး လူနာစောင့်တယောက် အားချင်း လွှတ်ပေးဖို့ ပြောလိုက်ပါတယ်။ လူနာရှင်တွေဘက်က လည်း ခွဲရစိတ်ရမယ် ဆိုတော့ စိုးရိမ်သွားဟန် တူပါတယ်။ အမျိုးတွေ အများကြီးနဲ့ လိုက်ချလာတယ်။

အဲ့ဒီနေ့က ကျမလည်း တနေကုန်နီးပါး ဆေးရုံမှာ နေပေးပြီးမှ ပြန်လာတာပါ။ နောက်ရက်ဆို လူနာက ခွဲစိတ်ရတော့မှာပါ။ ကျမ အိမ်ပြန်ရောက်ပြီး ၇ နာရီခွဲလောက်ကျတော့ လူနာရှင် အမျိုးသမီးကော အမျိုးတွေပါ ကျမဆီ လိုက်လာပါတယ်။ ငိုကြီး ချက်မ နဲ့ပါ။ ဒီကို လာတာ တရက်၊ နှစ်ရက်ပဲ ရှိသေးတယ်၊ လူကလည်း ရောဂါသည်ပါ၊ ဒါကိုတောင် အစ်မတို့အဖွဲ့က လူတွေက ရအောင် ယူထားတယ် ဘာညာနဲ့ ရန်တွေ့ပါတော့တယ်။

ကျမလည်း အတော်လေး အံ့သြနေပြီးတော့ ဘာဖြစ်မှန်း မသိပါဘူး။ ဒါနဲ့ နောက်တရက်မှပဲ ကျမ သေချာမေးပြီး ရှင်းပြပါ့မယ်၊ အခုတော့ ဆေးရုံတံခါးလည်းပိတ်နေပြီ ဘာမှလုပ်မရတော့ဘူး ဆိုတော့ သူတို့တည်းတဲ့ ဘုန်းကြီးကျောင်းကို ပြန်သွားပါတယ်။

ဒါနဲ့ မနက်စောစော လူနာကို မခွဲခင် ကျမ ဆေးရုံကို ပြေးပါတယ်။ ကျမလည်း ရောက်ရော တောင်ဒဂုံက အစ်မက စပ်ဖြဲဖြဲနဲ့ “ မိဖြူ နင်ငါ့ကို ချောက်ကျအောင် လုပ်တာလား” ဆိုပြီး နောက်ပါတယ်၊ ဒီတော့မှ ကျမကလည်း မေးတာပေါ့“အစ်မ ဘာတွေဖြစ် တာလဲ” ဆိုတော့ “လူနာတွေ့ချိန် ကုန်တော့ ဆေးရုံက ထုံးစံအတိုင်း ဧည့်သည်တွေကို နှင်တယ်။ အဲ့ဒီမှာ လူနာရှင်ဇနီး ဆိုပြီး လက်မှတ် ထိုးထားတာက သူဖြစ်နေတော့ တကယ့် မိန်းမအစစ်ကိုပါ နှင်ထုတ်တာ၊ ငါ့ကိုလည်း ပိုးစိုးပက်စက် ပြောသွားလိုက် တာ ရစရာ မရှိဘူး၊ ဆေးရုံ တရုံလုံးကလည်း ၀ိုင်းကြည့်၊ ငါ့မှာ ရှက်လည်းရှက်၊ ဒေါသတွေလည်း ဖြစ်လိုက်တာဟာ၊ ဆေးရုံ တံခါး ကလည်း ပိတ်သွားပြီး ဆိုတော့ နင့်ဆီလည်း ဆက်သွယ်မရ ဖြစ်ကုန်တာပေါ့” တဲ့။

တညလုံး ဒေါသ ဖြစ်နေတာ အခုမှ စိတ်ပြေခါစ ရှိသေးတယ်ဆိုပြီး ရှင်းပြနေတုန်း လူနာရှင် အမျိုးအုပ်ကြီး ရောက်လာပြန်ရော။ ကျမတို့အဖွဲ့က အစ်မကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ရန်ထောင်နေလိုက်တာ ကျမလည်း ၀င်ပြောမရပါဘူး။ ဒါနဲ့ ဆရာဝန် တယောက် လာပြီးတော့ ကျမတို့ကို သူ့ရုံးခန်းထဲ ခေါ်ပြီး ရှင်းခိုင်းပါတယ်။ ကျမတို့လည်း အဲ့ဒီတော့မှ အဖြစ်မှန်ကို ရှင်းပြရတာ ပေါ့။ ဆရာဝန်ကတော့ မှတ်ချက်ချပါတယ်။“ခင်ဗျားတို့ သဘောကောင်းပုံကလည်း သူများ မယားတောင် အဖြစ်ခံသလား” တဲ့။

လူနာရှင်တွေလည်း အဲ့ဒီတော့မှ ကျမတို့ကို ထိုင်ပြီး ရှိခိုးလိုက်ကြတာနဲ့ နောက်ဆုံးတော့ ကျမတို့ ထွက်ပြေးရတော့တာပဲ။

အဲ့ဒီ အစ်မက အပျိုကြီးပါ။ အခုထက်ထိ ရုံးထဲမှာ ကျမတို့ကို နောက်နေကြတုန်းပါ၊ “ဖြူဖြူသင်းရယ် နင့်မလည်း အပျိုကြီးကို လူနာနဲ့ အစွံထုတ်ရင် လွတ်လွတ်ကင်းကင်း လုပ်ပေးလိုက်စမ်းပါ၊ တခြား အိမ်ထောင်မရှိတဲ့ လူနာလေး ဘာလေး ရှာပေး လိုက်စမ်းပါ” ဆိုပြီး နောက်ကြတုန်းပါ။

အခုမှသာ ရယ်မောနိုင်တာပါ။ ဖြစ်ခါစက ရှက်လည်းရှက် ဒေါသတွေလည်း ဖြစ်နဲ့ လူလည်း မနေတတ်ဖြစ်ရတာပါ။

တောင်ဒဂုံက လူနာ

နောက် အစ်ကိုကြီးတယောက်က ဘုန်းကြီးလူထွက်ပါ။ အရင်က ဘုန်းကြီးဝတ်နဲ့ ထောင်ကျဖူးတယ်၊ လူဝတ်လဲပြီး ထွက်လာ စ မှာပဲ ကျမတို့ကို လာကူပါတယ်။ အဲ့ဒီမှာတင် သူ့အနီးနားကလူတွေကို ဆေးခန်း၊ ဆေးရုံ သူပဲဒိုင်ခံပို့ပေါ့လေ။ ဘုန်းကြီးလူထွက် ဆိုတော့ သူ့ကို အတော်များများက ဘုန်းကြီးလို့ ခေါ်ကြတယ်။

တနေ့သားကျတော့ ဘုန်းကြီး မိန်းမရနေပြီ ဆိုပြီးတော့ ရုံးမှာ သတင်းဖြစ်နေပါတယ်။ ကျမလည်း သူနဲ့ မတွေ့တော့ မမေးမိပါဘူး။ ဒါပေမယ့် ပြောတဲ့လူကတော့ သူ အခမဲ့ ဆေးခန်းကို ရောက်တယ်၊ ဘုန်းကြီးက သူ့မိန်းမ ဆေးခန်းလာပြတာ တွေ့တယ် ဆိုပြီး ရှင်းပြတော့ ကျမတို့အတွက် အတော့်ကို ထူးဆန်းနေပါတယ်။

ရုံးတရုံးလုံးကလည်း ဒီသတင်းက ပျံ့နေပါပြီ။ တရက် သူ ကျမဆီ ရောက်လာပါတယ်။ ကျမလည်း အဖြစ်မှန် မေးကြည့်တော့မှ “ကောင်မလေးက ပြည့်တန်ဆာ၊ ယောက်ျားက ခြောက်ယောက် အထိ ကွဲထားပြီးပြီ။ ဒီတော့ ဒီကလေးမ care taker လုပ်ဖို့ လိုက်ပို့တာပါ” တဲ့။

ကလေးမက ဆေးရဖို့ သေချာအောင်လို့ သူ့ကို ပြုစုမယ့်လူဟာ အခု ပါလာတဲ့ သူ့ယောက်ျားပါပဲ ဆိုပြီးတော့ ပြောချလိုက်တာ ဆေးခန်း တခန်းလုံးကလည်း သူ့ယောက်ျားပဲလို့ မှတ်ထားကြတယ် တဲ့။ ဒီလိုနဲ့ သူလည်း အဲဒီ တောင်ဒဂုံက ကလေးမရဲ့ ၇ ယောက်မြောက် ယောက်ျား ဖြစ်သွားသတဲ့။

ကြည်နူးမှု

ဘာပြောပြောပါ၊ တောင်တွင်းကြီးက လူနာကော၊ တောင်ဒဂုံက လူနာကော အခုထက်ထိ ကျန်းမာနေတုန်းပါ။ သူတို့တွေက ရုံး ဘက်ကို လာတတ်ပါတယ်။ သူတို့ လာလို့ တောင်ဒဂုံက အစ်ကိုတွေ၊ အစ်မတွေ မျက်နှာကို ကြည့်လိုက်ရင် ကြည်နူး ပီတိဖြစ် နေတာ မြင်ရပါတယ်။ အဲဒီလို မြင်လိုက်ရတိုင်း ကျမတို့ အဖွဲ့သူ အဖွဲ့သားတွေ အနစ်နာခံ အသက် ကယ်ခဲ့တာ အမြဲလို သတိ တရ ကြည်နူးရပါတယ်။ ။

ဖြူဖြူသင်း ဆောင်းပါး
သတင်းရင်းမြစ် _ ဧရာဝတီ

0 comments: