Wednesday, June 30, 2010

အလှူရှင်လား၊ အလှူခံလား၊ စေတနာဝန်ထမ်း စွမ်းဆောင်သူ ကိုယ်တိုင်လားမိုးမခစာဖတ်သူတဦး

Tuesday, 29 June 2010
(ရန်ကုန်)ဇွန် ၃၀၊ ၂၀၁၀မိုးမခစာတည်းများခင်ဗျား

ရေးနေကျအတိုင်း စာရေးလိုက်ပါတယ်။ ပေးပို့တဲ့ အီးမေး သတင်းလွှာတွေကြောင့် ပြင်ပက အင်တာနက်ကမ္ဘာကြီးနဲ့မျက်ခြေ မပြတ်ဘူးပေါ့ခင်ဗျာ။ ပရောက်ဆီဆာဗာတွေကို ဆက်သွယ်လို့ မရလို့ အပြင်က ၀က်ဆိုက်တွေကို တိုက်ရိုက်ကြည့်လို့မရပါဘူး။ သို့သော်လည်း လေလှိုင်းတွေကတဆင့်၊ အီးလှိုင်းတွေကတဆင့် ကျနော်တို့တတွေ သတင်းတွေ ရနေကြပါတယ် အခုကမန်းကတမ်း ရေးရတာက ပြည်တွင်းကလူမှုရေး စေတနာ ၀န်ထမ်းလုပ်ငန်းတွေ အကြောင်းကို ပြည်ပက မြန်မာတွေက ပိုသိလာကြတယ်။ ၀ိုင်းဝန်း လှူဒါန်းဖို့ ကြိုးစားကြတယ်။ ပြည်တွင်းကလည်း စေတနာ့ဝန်ထမ်းတွေ ကိုယ်တိုင်က အကြောင်းကြားပြီး အလှူခံကြပါတယ်။ ပြည်ပကလည်း အလှူခံလုပ်ငန်းတွေ ဆောင်ရွက်လာကြတယ်။ အဲသည်မှာ ကျနော်တို့ ရန်ကုန်မှာ လမ်းပေါ်မှာ တွေ့နေ မြင်နေရတဲ့ အလှူခံတွေ၊ အလှူရှင်တွေကို မြင်ယောင်ပြီး သည်စာကို ရေးပါတယ်။

မိဘမဲ့ကလေးဂေဟာကို စောင့်ရှောက်ဖို့၊ ရွာက ဘုရားတွေ၊ ကျောင်းတွေ၊ လမ်းတွေ ပြင်ဖို့ လိုက်လံပြောဆို ရှင်းပြပြီး အလှူခံကြတာက အလှူခံ သီးသန့် အမျိုးအစား ဖြစ်ပါတယ်။ သူတို့ပေးတဲ့ ပြေစာနဲ့ ဖြတ်ပိုင်းနဲ့ လှူလိုက်ရုံနဲ့ ပြီးပါတယ်။ ယုံကြည်စိတ်ချ စိတ်ပြတ်လို့ကတော့ အဲသည်လို အလှူခံတွေကို သူတို့နောက်ကြောင်းနဲ့ ရပ်တည်မှုကို ကြည့်ပြီး လှူကြရုံပါပဲ။

နောက်တမျိုးကတော့ ကိုယ်တိုင်အစုအဖွဲ့တွေနဲ့ ရန်ပုံငွေ ထူထောင်၊ အလှူငွေ စုဆောင်း၊ နီးစပ်ရာ ရင်းနှီးရာ တူရာ သန်ရာ အလှူခံလို့ သူတို့ရဲ့ အလှူငွေကို အစုအဖွဲ့ အမည်နာမရဲ့ ကောင်းမှုလို့ တပ်ပြီး အလှူရှင်အဖြစ် လှူကြ တန်းကြသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ရပ်၊ ရန်ပုံငွေ၊ သူတို့ရွေးချယ်တဲ့ အလှူခံလုပ်ငန်းကို စိတ်ကျေနပ်သူ၊ သဘောတူသူများက အဲသည်ရဲ့ “အလှူရှင်” အမည် အောက်မှာ သွားရောက် လှူဒါန်း ရပ်တည်ကြရုံပဲ ဖြစ်ပါတယ်။

သဘောကတော့ မိဘမဲ့ကလေးဂေဟာသို့ အလှူရှင် ××××× အဖွဲ့ကြီး၏ ကောင်းမှုပေါ့။ အဲသည်လို ဂုဏ်ပြုမှတ်တမ်းတခု နဲ့ အလှူရှင်အဖွဲ့ကြီးက အများကို အကြောင်းကြားမှာ ဖြစ်ပါတယ်။ သူတို့က အလှူရှင်တွေဆိုတော့ အများသူငှာ အလှူခံများကလည်း သူတို့လို အလှူရှင်တွေဆီမှာ သွားရောက် အလှူခံလို့ ရနိုင်တဲ့ သဘောပါပဲ။

နောက်ဆုံးတခုကတော့ ကိုယ်တိုင် စေတနာ့ဝန်ထမ်း ရင်းနှီးမြုပ်နှံဆောင်ရွက်နေကြတဲ့ စွမ်းဆောင်သူတွေ၊ အဖွဲ့အစည်းတွေ၊ ကာယကံရှင် စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းတွေ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ကလည်း အလှူုငွေတွေ လက်ခံပါတယ်။ သူတို့ကလည်း တိုက်ရိုက်အလှူခံတွေပါပဲ။ သူတို့တွေဆီမှာ အလှူရရှိသမျှကို လူမှုလုပ်ငန်းထဲ လည်ပတ်လှူဒါန်း အသုံးပြုသလို၊ သူတို့ကိုယ်တိုင်က ရန်ပုံငွေတရပ် ထူထောင်ပြီး အခြားဘ၀တူ လူမှုလုပ်ငန်းတွေကို ဖေးဖ၊ ပျိုးထောင် ဒါနပြုလေ့လည်း ရှိပါတယ်။ ဒါဆိုရင် သူကိုယ်တိုင်လည်း အလှူရှင်တွေ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ခင်ဗျားတို့ဆီမှာ ရေးထားတဲ့သတင်းတွေအရ - နာရေးကူညီမှုအသင်းရဲ့ ကိုကျော်သူ့အဆိုကတော့ တော်တော်ပြတ်တယ်။ ရန်ပုံငွေ ဘယ်လိုရှာသလဲ လို့ မေးတော့ - သူက ရန်ပုံငွေ မရှာပါဘူး၊ အလှူရှင်တွေ လာလှူတဲ့ငွေနဲ့ပဲ သုံးတာပါလို့ ပြောပါတယ်။ နိုင်ငံခြားက အင်န်ဂျီအိုတွေလို ပရိုပိုဇယ် တင်ပြီး လုပ်တာမဟုတ်ဘူး။ လှူတဲ့ငွေနဲ့ စနစ်တကျ လုပ်တယ် လို့ ပြောပါတယ်။ ဒါလည်း စဉ်းစားစရာ အချက်ပါပဲ။ဒါပါပဲဗျာ။ ရေးချင်တာက။ လူမှုရေးလုပ်ငန်းတွေကို မြန်မာတွေက စိတ်ဝင်စားကြတယ်။ ၀ိုင်းလည်း လုပ်အားပေးကြတယ်။ လှူလည်း လှူကြတယ်။ ကိုယ်တိုင် အစုအဖွဲ့နဲ့ စိုက်ထုတ်ပြီး ရန်ပုံငွေ ထူထောင်တဲ့ အလှူုရှင်အဖွဲ့တွေလည်း ပေါ်လာတယ်။ ကောင်းတဲ့ အလုပ်တွေ၊ အလှူတွေကို လူတွေကြားမှာ များများသိပြီး ကျယ်ပြန့် ထိရောက်လာဖို့ လိုတယ်။

အမနာပ ပြောကြ၊ ဆိုကြတာတွေလည်း ပေါ်လာမှာပဲ။ အများပြည်သူတွေ အားတက်သရော ဖြစ်နေကြတာတွေကို ပျက်စီးသွားစေတာ၊ အနှောက်အယှက်ဖြစ်စေတာတွေ ဖြစ်လာနိုင်တဲ့အကြောင်း ကြိုတင်ပြီး မြင်မိလို့ ရေးတာပါ။ ခင်ဗျားတို့ဆီမှာ အလှူုခံတွေအကြောင်း၊ အလှူရှင်တွေ အကြောင်းလဲ ထည့်ပါဗျ၊ ပြီးတော့ စေတနာဝန်ထမ်း လူမှုလုပ်ငန်းစွမ်းဆောင်သူတွေအကြောင်းလဲ ပြောပြပါ။

အင်န်အယ်ဒီပါတီရဲ့ လူမှုရေးစွမ်းဆောင်မှုတွေ၊ လိုအပ်ချက်တွေလည်း ရေးပါဦးဗျာ။ သူတို့အတွက် အလှူရှင်တွေ၊အလှူခံတွေအကြောင်းလည်း ဖတ်ခွင့်ကြုံရင် ဖတ်ချင်ပါရဲ့။

အန္တရာယ် ကင်း၊ ဘေးရှင်း ကြပါစေ။ ။
မူရင်း http://moemaka.com/

စစ်အစိုးရ၏ နတလ ၀န်ထမ်းများ ၀ နယ်အတွင်း တာဝန်ထမ်းဆောင်ရန် ၀ အာဏာပိုင်ခွင့်မပြုသေး

ဝ ပြည်သွေးစည်းရေးတပ်မတော်ဌာနချုပ်ရှိရာ ပန်ဆန်းမြို့

Wednesday, 30 June 2010 20:41 မွေခေါဝ် .

မတ်လလယ်အတွင်း ၀ နယ်မှ ထွက်ခွါခိုင်းသော နတလ ၀န်ထမ်းများအား ယခင်အတိုင်းပြန်လည် တာဝန် ထမ်းဆောင် နိုင်ရန် နအဖ က ၀ အာဏာပိုင်ထံ 3-4 ကြိမ် တောင်းဆိုထားသော်လည်း ၀ ဘက်ကသဘောတူ လက်ခံခြင်းမရှိသေး ကြောင်း စုံစမ်းသိရှိရပါသည်။

“နတလ ၀န်ထမ်းတွေကိုပြန်ခေါ်သွားတုန်းကလဲ ကျနော်တို့ကို ပြောဆိုဆွေးနွေးခြင်းမရှိခဲ့ဘူး။ အခုပြန်လာချင်တယ် ဆိုတော့ ကျနော်တို့ဘက်က လက်မခံနိုင်သေးဘူး။ အထူးသဖြင့် သူတို့ရဲ့လုံခြုံရေးအတွက်အာမမခံရဲဘူး။ တစုံတခု ဖြစ်ရင် ကျနော်တို့ကိုအပြစ်ပုံချမှာစိုးလို့- လို့ဘဲ အကြောင်းပြန်လိုက်တယ် ” - ဟု အမည်မဖေါ်လိုသည့် ၀ အရာရှိ တဦးက ပြောပါသည်။

ဝ ပြည်သွေးစည်းရေးတပ်မတော် ထိန်းချုပ်နယ်မြေ ပန်ဆန်း၊ ၀ိန်းကောင်၊ မိုင်းပေါက်၊ မိုင်းဖျန်၊ မိုင်းမိုင် နှင့် နမ့်တစ် မြို့နယ်အတွင်း သွားရောက်တာဝန်ထမ်းဆောင်ခဲ့ဖူးသော နတလ (နယ်စပ်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတက်ရေးဝန် ကြီးဌာန) ၀န်ထမ်းများမှာ ကျန်းမာရေး၊ ပညာရေး၊ သစ်တောနှင့် တိမွေး/ကု ဌာနမှ ၀န်ထမ်းများဖြစ်ကြသည်ဟုဆို၏။

ထို့အတူဂျွန်လပထမပတ်က ၀ နယ်သို့ သွားရောက်တာဝန်ထမ်းဆောင်သည့် ပညာရေးဝန်ထမ်း ၈ ဦးကိုလည်း မည်သူ့ညွန်ကြားချက်ဖြင့် ရောက်ရှိနေသည်ကို စစ်ဆေးနေကြောင်း ဒေသခံတဦးက ဤကဲ့သို့ ပြောပြပါသည်။

“သူတို့တွေကို ၀ ကျောင်းအုပ် ဦးအိုက်ကား က တန့်ယန်း နအဖ စစ်ဗျူဟာ ပေါင်းပြီးခေါ်တာလား။ တကယ်လို့ ၀ အာဏာပိုင်တွေဆီက ခွင့်ပြုချက်မရဘဲ သူတို့တွေကို ခေါ်လာရင်တော့ ပြဿနာတက်နိုင်တယ်။ အခုစစ်ဆေးနေ တုန်း၊ ၀ အာဏာပိုင်ထဲက ဘယ်သူခွင့်ပြုတာလဲဆိုတာ ”

ဝ ပြည်သွေးစည်းရေးတပ်မတော် ဌာနချုပ်ရှိရာ ပန်ဆန်းမြို့နယ်သို့ နအဖဘက်မှ ကျောင်းအုပ်မရောက်သေးသော် လည်း ၀ ကျောင်းအုပ်/ဆရာ ဦးအိုက်ကားက ဦးစီး၍ နအဖ အထက်တန်းကျောင်း (ပန်ဆန်း အထက) ဖွင့်လှစ်နေ ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သတင်းမှတ်တမ်း မူရင်း ။ www.mongloi.org/burmese/

မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး(၈၅)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား(တိုကျို)




၂၀၁၀ ခုနှစ် ဇွန်လ(၃၀)ရက်။

မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး(၈၅)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဋ္ဌာနခွဲ့မှ ဦးဆောင်၍ တိုကျိုမြို့  ရှီနာဂါဝါ အရပ်ရှိ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့ တွင် ယနေ့ ဇွန်လ (၃၀)ရက် နေ့ နေ့လည် ၃း၀၀ နာရီမှ ၄း၀၀ရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ မြန်မာပြည် အထက်ပိုင်း စည်းရုံးရေးခရီးစဉ် ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးတွင် စနစ်တကျ ချုံခိုတိုက်ခိုက်သည့် နိုင်ငံတော် လုပ်ကြံမှုကြီးကို ကျုးလွန်ခဲ့ကြပါသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ အသက်ကို ကာကွယ်ရင်း အသက်ပေး စွန့်လှုခဲ့ကြသည့် သူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လစဉ် (၃၀)ရက်နေ့ ကျရောက်တိုင်း ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်လာခဲ့ခြင်းဖြစ်ပါသည်။ မေ(၃၀)ဒီပဲယင်း လုပ်ကြံမှုတွင် ပါဝင်ကျုးလွန်ခဲ့ကြသည့် သူများကိုလည်း ယနေ့အထိ တစုံတရာ အရေးယူ ဖြေရှင်းပြေးသည်ကိုလည်း မတွေ့ရသည့်အတွက် အရေးယူ ဖြေရှင်းဖေါ်ထုတ်ပေးရန် တက်ရောက်လာကြသူများတို့ကလည်း တိုက်တွန်း တောင်းဆိုသွားခဲ့ကြပါသည်။

ယနေ့ အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် အဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိ သူများ မြန်မာနိုင်ငံတိုင်းရင်းသားများ စုစုပေါင်း (၁၃၀)ခန့် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

Tuesday, June 29, 2010

အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်(ဂျပန်ဋ္ဌာနခွဲ) ရုံးခန်းဖွင့်လှစ်ကြောင်း ဖိတ်ကြားခြင်း

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ သို့ ရိုသေလေးစားစွာ အကြောင်းကြားအပ်ပါသည်၊အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်(သာသနာ့မောဠိ)၏ ဒုဥက္ကဋ္ဌ ဆရာတော် ဦးကောဝိဒ သည် ကနေဒါနိုင်ငံ တိုရန်တို မြို့မှ ဂျပန်နိုင်ငံသို့ ကြွရောက်နေပါသည်။ဂျပန်နိုင်ငံ ဆုဂါမို အရပ်တွင် သီတင်းသုံးနေထိုင်တော်မူသည့် ဆရာတော် ဦးဓမ္မဇောတိ၏ အပြည်ပြည်ဆိုင်ရာသံဃာ့အဖွဲ့ရုံး (International Sangha Organization )ISO ရုံးခန်းအား ဆရာတော်အရှင် ဦးကောဝိဒမှ အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ် ဂျပန်ဋ္ဌာနခွဲ ရုံးခန်း (International Burmese Monks Organization) IBMO အဖြစ် ပြောင်းလဲ ဖွင့်လှစ်ပေးမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ သာသနာ့မောဠိ ဂျပန်ဋ္ဌါနခွဲ ရုံးခန်းဖွင့်ပွဲ့ အခမ်းအနားနှင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ ထပ်မံ တွေ့ဆုံပွဲ အခမ်းအနားကို အောက်ပါအစီအစဉ် အတိုင်းကျင်းပမည်ဖြစ်ပါသဖြင့် လူကြီးမင်းတို့မှ မပျက်မကွက်တက်ရောက်ကြပါရန် ရိုသေလေးစားစွာ
ဖိတ်မန္တကပြုပါသည်။

အခမ်းအနားအစီအစဉ်-
နေ့ရက် ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ (၃) ရက် (စနေနေ့)
အချိန် နေ့လည် (၁) နာရီ မှ (၃) နာရီထိ

နေရာ မြန်မာ့ရေးရာရုံး (Burma Office)
(JTUC) BLDG 3F Contact: 090 2525 1966

CHIYODA-Line ,Shin Ochinomizu Eki ,Exit B.3

ဦးဆခုံတိန့်ယိန်းကို ပါတီထောင်ရန် ချဉ်းကပ်


လင်းနိုင်ဦး / ၂၈ ဇွန် ၂၀၁၀

နယ်ခြားစောင့်တပ် ဖွဲ့စည်းခြင်းကို လက်ခံလိုက်သည့် ယခင် အန်ဒီအေ အဖွဲ့ခေါင်းဆောင် ဦးဆခုံတိန့်ယိန်းကို ကချင်ပါတီတခု တည်ထောင်ရန် စစ်အစိုးရက ကမ်းလှမ်းနေကြောင်း မြစ်ကြီးနားမြို့မှ ကချင်တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောသည်။

၎င်းက “စစ်အစိုးရဘက်က ကမ်းလှမ်းတာတော့ သိတယ်။ ဒါပေမယ့် ဦးဆခုံတိန့်ယိန်းက လက်ခံ လက်မခံ မပြောနိုင်သေးဘူး” ဟု ပြောသည်။

ရွေးကောက်ပွဲဝင်ရန်အတွက် ပါတီများကို တည်ထောင်ခွင့်ပြုနေသော်လည်း ကချင်ပြည်နယ်မှ ကချင်ပါတီ (၂) ပါတီနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကချင်ပါတီ (၁) ပါတီ စုစုပေါင်း (၃) ပါတီကို စစ်အစိုးရက ယနေ့ထက်တိုင် ပါတီတည်ထောင်ခွင့် ချမပေးသေးပေ။

ယခုကဲ့သို့ ပါတီ တည်ထောင်ခွင့် မရသည့်အပေါ် ကချင်ပြည်နယ် တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ထံ စာရေးတင်ပြ တောင်းဆိုထားသော်လည်း တစုံတရာ အကြောင်းပြန်ကြားမှု မရရှိသေးကြောင်း သိရသည်။

ရွေးကောက်ပွဲဝင်သည့်ပါတီများကြောင်း ပြည်တွင်းပြည်ပမှ ထင်မြင်လာစေရန် စစ်အစိုးရက ၎င်းတို့သြဇာညောင်းသူများကို ပါတီများ ဖွဲ့နိုင်ရန် အစီစဉ်တကျ လုပ်ခဲ့ကြောင်း၊ ယင်းအထဲတွင် တိုင်းရင်းသားပါတီများလည်း ပါဝင်ကြောင်း ရန်ကုန်မြို့မှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတဦးက ပြောသည်။

၎င်းက “ခုလည်း ကချင်ပြည်သူတွေကို တကယ်စည်းရုံးနိုင်တဲ့ ကချင်ပါတီတွေကို ပါတီတည်ထောင်ခွင့်မပြုဘဲ သူတို့ သြဇာညောင်းတဲ့ ဦးဆခုံတိန့်ယိန်းကို ပါတီထောင်ဖို့ ချဉ်းကပ်နေတာဖြစ်တယ်။ အကယ်၍ အခြား ကချင်ပါတီတွေကို ပါတီထောင်ခွင့်မပေးဘဲ ဦးဆခုံတိန့်ယိန်းကိုပဲ ပါတီတည်ထောင်ခွင့် ပြုလိုက်ရင် ပထမတချက် ကချင်အချင်းချင်း သွေးကွဲမယ်။ ဒုတိယတချက် ဦးဆခုံတိန့်ယိန်းအဖွဲ့ကိုလည်း ကချင်ပြည်သူတွေက မထောက်ခံတော့ တစညတို့၊ ကြံ့ဖွံ့တို့ကပဲ မဲတွေ ခွဲဝေယူသွားလိမ့်မယ်။ နောက်ဆုံး ကချင်ပြည်နယ်မှာ ပြည်သူတွေကို စည်းရုံးနိုင်တဲ့ နိုင်ငံရေးပါတီတခု ပေါ်ပေါက်လာမှာကိုလည်း တားဆီးပြီးသား ဖြစ်သွားလိမ့်မယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့ လုပ်နေတာ” ဟု ရှင်းပြသည်။

စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် စသည့်သူများ အပါအဝင် မြန်မာနိုင်ငံရေးသမားများနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ကဲ့သို့ တိုင်းရင်းသားခေါင်းဆောင်များလည်း ပါဝင်ခွင့်မရရှိပေ။

ဥပဒေနှင့်ညီညွတ်သည့် ကချင်ပါတီများကို ယခုကဲ့သို့ ပါတီတည်ထောင်ခွင့် မပေးခြင်း၊ ရွေးကောက်ပွဲကော်မရှင်က တရားမျှတမှု မရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းအမျိုးမျိုး ချမှတ်ခြင်း၊ စာနယ်ဇင်းများကို ပိုမို ဖိနှိပ်လာခြင်းတို့ကြောင့်လည်း အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ပြည်တွင်း၌ ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ကချင်နိုင်ငံရေးပါတီများ စည်းရုံးခွင့် မရှိနိုင်သေးသည့် ကချင်ပြည်နယ်တွင် တစညပါတီနှင့် ကြံ့ဖွံ့ပါတီတို့က ရွေးကောက်ပွဲဝင်မည့် အမတ်လောင်း ရှာဖွေစည်းရုံးမှုများကို ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကတည်းက လုပ်ကိုင်နေခဲ့ခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့နေ ကချင်တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောသည်။

သတင်း မှတ်တမ်းမူရင်း ။ www.khitpyaing.org/

Monday, June 28, 2010

တာဝေးပစ် အမြောက်များ တရုပ်ထံမှ မြန်မာစစ်တပ် ထပ်ဝယ်

155mm-thumb.gif


Monday, 28 June 2010 20:03 သျှမ်းသံတော်ဆင့် .

မြန်မာစစ်တပ်အတွက် တာဝေးပစ်ခတ်နိုင်သော ၁၅၅ မီလီမီတာ အမြောက်ကြီးများကို တရုတ်နိုင်ငံမှ မေလတတိယပတ် အတွင်းဝယ်ယူခဲ့ကြောင်း စစ်ဘက်သတင်း ရပ်ကွက်များ အဆိုအရ သိရသည်။

တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်၏ ဂျွန်လ ၂ ရက်နေ့ မြန်မာပြည်ခရီးစဉ် မတိုင်မီ မြန်မာစစ်တပ်မှ လက်နက်ရေးရာ ကျွမ်းကျင်သည့် အဖွဲ့တစ်ဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ကာ အကြီးစားတရုတ်လက်နက်ကုမ္ပဏီ တစ်ခုဖြစ်သည့် China North Industries Corporation ခေါ် (Norinco ) ကုမ္ပဏီထံမှ ၎င်းလက်နက်များ ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာစစ်တပ်သို့ လက်နက်ရောင်းချခဲ့သည့် တရုတ် Norinco ကုမ္ပဏီသည် တရုတ်ဝန်ကြီးချုပ်နှင့်အတူ မြန်မာပြည်သို့ သွားရောက်ပြီး မုံရွာကြေးနီသတ္တုတွင်း စီမံကိန်း ဆောင်ရွက်ရေးကိစ္စ မြန်မာအာဏာပိုင်များနှင့် စာချုပ်ချုပ်ခဲ့ကြောင်း သိရသည်။

ယခု ၀ယ်ယူသည့် အမြောက်ကြီးများအား မြန်မာစစ်တပ် အမြောက်တပ်မများတွင် အသုံးပြုတပ်ဆင်သွားမည် ဖြစ်၏။ မြန်မာစစ်တပ်တွင် အိန္ဒိယနိုင်ငံလုပ် ၁၀၅ မမ အမြောက်များလည်း ၀ယ်ယူတပ်ဆင်ထားကြောင်းလည်း သိရသည်။

မြန်မာစစ်တပ်က အမြောက်ကြီးစခန်းဋ္ဌာနချုပ်များ အပါအ၀င် လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့များ ကို ၂၀၀၂ မှ စတင် တိုးချဲ့ဖွင့်လှစ်ခဲ့ရာ လိုအပ်သည့် လက်နက်ခဲယမ်းများဖြည့်တင်းရန် နိုင်ငံခြားတိုင်းပြည်များမှ ၀ယ်ယူနေခြင်းဖြစ်သည်။

၎င်းအပြင် ယခုနှစ်အတွင်း တရုတ်လုပ် K8 အမျိုးအစား လေ့ကျင့်ရေးတိုက်လေယာဉ်များ ၀ယ်ယူခဲ့ပြီး လွန်ခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ သန်း ၅၇၀ တန်ဖိုးရှိသည့် ရုရှားနိုင်ငံမှ MIG-29 ဂျက်တိုက်လေယာဉ် အစီး ၂၀ ၀ယ်ယူခဲ့သေးသည်။

မြန်မာနိုင်ငံတွင် ၀င်ငွေ အများစုသည် ရေနံနှင့်သဘာဝ ဓါတ်ငွေတူးဖေါ်ခြင်းမှ ရရှိနေပြီး အဆိုပါဝင်ငွေ၏ ၆၀ ရာခိုင်နှုန်း ခန့်ကို မြန်မာစစ်တပ် စစ်အသုံးစာရိတ်အတွက် အသုံးချနေကြောင်း နိုင်ငံတကာလေ့လာရေးအဖွဲ့များက ခန့်မှန်း ကြသည်။

သတင်းမှတ်တမ်း ။ မူရင်း www.mongloi.org/burmese/

သာသနဦးသျှောင်အဖွဲ့ ဒုဥက္ကဋ္ဌဆရာတော် ဦးကောဝိဒ နှင့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတွေ့ဆုံပွဲ၊


၂၀၁၀ ခုနှစ် ဇွန်လ ၂၇ ရက်နေ့

ဂျပန်နိုင်ငံသို့ ခေတ္တရောက်ရှိလာသော အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်၏ ဒု ဥက္ကဌ အရှင်ကောဝိဒ နှင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့ တွေ့ဆုံသည့်အခမ်းအနားကို တိုကျို Shijuku-ku Takadanobaba Recycle 4F ၌ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (JAC)နှင့် ALD(Exile)Japan တို့မှ ဦးစီး၍ ယနေ့ ညနေ ၇း၀၀ တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဆရာတော်သည် ကနေဒါ နိုင်ငံ TORANTO မြို့တွင် သီတင်းသုံးနေထိုင်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည် ထွန်းကားရေး စစ်အာဏာရှင်စနစ်ကျဆုံးနိဂုံးချုပ်ရေးအတွက် သာသနဦးသျှောင်အဖွဲ့ ကိုယ်စားပြုကာ နိုင်ငံတကာ အစိုးရများထံသို့ Lobby လုပ်ငန်းကို တစိုက်မတ်မတ် လုပ်ဆောင်ပေးလျှက် ရှိပါသည်။ ယခု ခရီးစဉ်တွင်လဲ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ဂျပန်အစိုးရ တာဝန်ရှိသူများတို့နှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးသွားမှာဖြစ်ပြီး ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့်လည်း စုစည်းညီညွတ်စွာ လုပ်ဆောင်သွားကြရန် ဆရာတော်မှ သြ၀ါဒမိန့်ကြားခဲ့ပါသည်။ တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးမှ သိလိုသည်များကို မေးမြန်း လျှောက်ထားချက်များတို့ကို ဆရာတော်မှ ပြန်လည် ဖြေကြားပြီးသည့်နောက် အခမ်းအနားကို ညနေ ၉း၃၀ နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

ဂျပန်နိုင်ငံတွင် SUGAMO မှာ သီတင်းသုံး နေထိုင်တော်မူသည့် ဦင်္းဓမ္မဇော်တိ ကျောင်းသင်ခန်းကို အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်(သာသနဦးသျှောင် ) ဂျပန်ဌာနခွဲ့ ရုံးခွဲ့ကို ဖွင့်လှစ်သွားရန်ရှိကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo

Sunday, June 27, 2010

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံး၌ တရားစီရင်။



နအဖ စစ်အုပ်စုမှ မြန်မာအမျိုးသမီးများအပေါ် အကြမ်းဖက်ကျူးလွန်မှုများ မတရားညှင်းပန်း နှိပ်စက် အနိုင်ကျင့်ခံရမှုများအပေါ် အရေးယူ ဆောင်ရွက်သွာနိုင်ရန်အတွက် ဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan)တွင် အကြမ်းဖက်ခံရသူ မြန်မာအမျိုးသမီး ၄ ဦးမှ မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်(WLB) နှင့် Human Rights Now (HRN)တို့၏ အကူအညီဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွေအား တရားဆွဲဆို စီရင်သည့် အစီအစဉ်ကို ယနေ့ ဇွန်လ ၂၇ ရက် Building Shibuya Aoyama Gakuin University Building No. (6),၌ နေ့လည် ၁း၀၀ နာရီတွင် ပြုလုပ်ခဲ့ပါသည်။

ဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan)တရားခွင်တွင် တာဝန်ယူကြသူများမှာ Hamada Kunio - ရှေ့နေ (တရားရုံးချုပ် တရားသူကြီးဟောင်း)၊ Kubori Hideaki - ရှေ့နေ (ဂျပန်နိုင်ငံ ရှေ့နေများအသင်းချုပ် ဒုတိယ ဥက္ကဌဟောင်း)၊ Goto Hiroko – Chiba University ဥပဒေပါမောက္ခ (ဂျပန်အစိုးရအဖွဲ့ အမျိုးသမီး-အမျိုးသား တန်းတူ ညီမျှရေး ဌာန၊အမျိုးသမီးများအပေါ် အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေး ကော်မတီ အဖွဲ့ဝင်)၊Niikura Osamu – Aoyama Gakuin University ဥပဒေ ပါမောက္ခ၊Shikita Miho - ကုမ္ပဏီ အုပ်ချုပ်ရေးမှူးတို့မှ ပြည်သူ့တရားသူကြီးများအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ကြပါသည်။ တရားလိုဘက်မှ ရှေ့နေ (၈)ဦးနှင့် စစ်အစိုးရဘက်မှ တရာခံရှေ့နေ (၃)ဦးပါဝင်ပြီး နိုင်ငံတကာ ဥပဒေ လုပ်ထုံး လုပ်နည်းအတိုင်း ပြုလုပ်သွားခဲ့ပါသည်။

မြန်မာအမျိုးသမီးများ၏ လူ့အခွင့်အရေး ဆုံးရုံးနေမှုများ၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အမျိုးသမီးများအား အဓမ္မ လုပ်အားပေးခိုင်းစေမူများ တို့ကို တရားသူကြီးများ၏ ရှေ့မောက်၌ လျှောက်လဲသွားပါသည်။ နှစ်ဘက်ရှေ့နေများတို့မှ အပြန်အလှန် လျှောက်လဲချက်များ တင်သွင်းခဲ့ပြီးနောက် ပြည်သူ့တရားသူကြီးများအဖွဲ့မှ ဆုံးဖြတ်ချက်(၈)ချက်ကို စီရင်ချက် ချမှတ်ခဲ့ပါသည်။

ပြည်သူ့ခုံရုံးတွင် တရားစီရင်မှုအစီအစဉ်များကို Burma Campaign Japan (BCJP)မှ (www.burmacampaign.net)တွင် ကြည့်ရှုနိုင်ပါသည်။တရားစီရင်မူကို ညနေ ၅း၀၀ နာရီတွင် ပြီးဆုံးခဲ့ပြီ ပြည်သူ့ခုံရုံးတွင် သက်သေ ထွက်ဆိုချက်များကို တက်ရောက်နားထောင်သူ ၁၀ဝ ကျော်ခန့် ရှိကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum(CNC-Japan)

ဂျပန်က ဒီမိုကရေစီအင်အားစုများရဲ့ စုပေါင်းညှိနှိုင်းဆွေးနွေး။



Sunday, June 27, 2010

ဂျပန်မှာ မြန်မာ့ဒီမိုကရေစီရေးအတွက် အသွင်အမျိုးမျိုးနဲ့ ယုံကြည်ချက်ကိုယ်စီနဲ့ အင်တိုက်အားတိုက် လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်း အများအပြားရှိပါတယ်။ အဖွဲ့အစည်းအသီးသီးရဲ့ constitutionတွေကမတူကြပေမယ့် အားလုံးသော အဖွဲ့အစည်းတွေရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအပြည့်အဝရှိတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ထွန်းရေးပင်ဖြစ်ပါတယ်။

အဆိုပါ အဖွဲ့အစည်းများဟာ အခါအားလျော်စွာ စစ်အာဏာရှင်ကို ဆန့်ကျင် တိုက်ဖျက်ရေးလှုပ်ရှားများ၊မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အပြည့်အဝရရှိရေး၊ မြန်မာပြည်တွင်းရှိ ဖိနှိပ်ခံတိုင်းသူပြည်သားများရဲ့ အကျိုးစီးပွားဖြစ်ထွန်းရာ ဖြစ်ထွန်းကြောင်း ကိစ္စများကို တဖက်တလမ်းမှ အကူအညီပေးခြင်းကိစ္စများ အစရှိသည်တို့ကို မိမိတို့ရဲ့အဖွဲ့အစည်းအလိုက်ဖြစ်စေ၊တဖွဲ့နှင့်တဖွဲ့ ပူးပေါင်း၍ဖြစ်စေ တနှစ်ပါတ်လုံး လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြပါတယ်။ ထိုသို့လုပ်ကိုင်ကြရာမှာ ရံဖန်ရံခါ သဘောထားချင်းမတိုက်ဆိုင်တဲ့ ကိစ္စရပ်များလည်း ရှိကြစမြဲပါပဲ။

ဘယ်လိုပင် သဘောထားချင်း ကွဲလွဲစေကာမူ အရေးကြီးရင်သွေးနီးတယ် ဆိုတဲ့စကားအတိုင်းပဲ ယနေ့အချိန်ဟာ မြန်မာနိုင်ငံ အနာဂတ်အတွက် အလွန်ပင်အရေးကြီးနေပြီဖြစ်တဲ့ အားလျော်စွာ ကျမတို့ ဂျပန်နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်း အသီးသီးဟာလည်း သူ့သဘောကိုယ့်သဘော စောကြောမနေတော့ဘဲ ဒီနေ့ ၂၀၁၀ခုနှစ်၊ဇွန်လရဲ့နောက်ဆုံး တနင်္ဂနွေနေ့မှာ မြန်မာ့နိုင်ငံရေးအတွက် ပဏာမအနေနဲ့ စုပေါင်းညှိနှိုင်းတဲ့ ဆွေးနွေးပွဲတစ်ခုကို ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း Association of United Nationalities in Japan(AUN-Japan)ရုံးခန်းမှာ ပြုလုပ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြတဲ့အဖွဲ့အစည်း အတော်များများမှ အလုပ်အမှုဆောင် ကော်မတီဝင်များသာ တက်ရောက် ဆွေးနွေးကြတဲ့ အဲသည့် အစည်းအဝေးကို ကျမလည်း ရောက်သွားပါတယ်။ ကျမသိသလောက်ပြောရရင် အဲသည့်အစည်းအဝေးပွဲကို
(1)Arakan League for Democracy (ALD Exile-Jp)
(2)Burma Democratic Action Group (BDA Group)
(3)Chin National Community (CNC-Japan)
(4)Democratic Federation of Burma(DFB)
(5)Kachin Nation Organization,Japan(KNO-JP)
(6)Kachin State National Congress for Democracy (Liberated Area-Japan)
(KNCD(LA-JP)
(7)Karen National League(KNL-JP)
(8)Karen National Union-Japan(KUN-JP)
(9)Naga National Society(NNS)
(10)National Democratic Front (Burma) (NDF(B))Representative for Japan

(11)Palaun Nation Society(PNS)
(12)Punnyagari Mon National Society(PMNS)
(13)Shan Nationalities for Democracy-Japan(SND-JP)
(14)Shan State Nationalities for Democracy-Japan(SSND-JP)
(15)Confederation of National Youth Burma (Japan Branch)(CNYB-JB)
(16)Save Burma
(17)Peaceful Burmaဆိုတဲ့ အဖွဲ့ပေါင်း(၁၇)ဖွဲ့ပါဝင်တဲ့ Joint Action Committee of Burmese Community in Japan(JAC)၊
National League for Democracy (Liberated Area) Japan Branch (NLD(LA)JB)
League for Democracy in Burma (LDB)
Association of United Nationalities in Japan(AUN-Japan)
Federation of Worker's Union of Burmese Citizen(In Japan)(FWUBC-Japan)
All Burma Federation of Student Union (Foreign Affairs Committee)ABFSU(FAC)
Democratic Party for a New Society -Japan Branch(DPNS-JPB)
အစရှိတဲ့ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ပြီး မြန်မာ့အရေးနဲ့ပါတ်သက်တဲ့ မိမိတို့၏သဘောဆန္ဒများကို ရင်းနှီးပွင့်လင်းစွာနဲ့ ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ လုပ်ငန်းတာဝန်အသီးသီးကိုလည်း ကျေကျေနပ်နပ်ကြီး ခွဲဝေယူခဲ့ကြပါတယ်။ အစည်းအဝေး မတက်ရောက်နိုင်တဲ့ အဖွဲ့အစည်းများမှလည်း ယခုအစည်းအဝေးရဲ့ဆုံးဖြတ်ချက်များကို ကျေနပ်စွာ ထောက်ခံကြကြောင်း ဆက်သွယ် ပြောကြားလာကြပါတယ်။

တကယ့်ကို အားရစရာကောင်းတဲ့ စည်းလုံးညီညွတ်မှုပါပဲ။ အစည်းအဝေးမှာ ဆွေးနွေး တိုင်ပင်ကြတဲ့ ကိစ္စရပ်တွေကတော့ အကြမ်းအားဖြင့် ပြောရရင်...

၂၀၁၀၊သြဂုတ်လ၈ရက် (၈၈၈၈)နေ့ အထိမ်းအမှတ် ချီတက်ဆန္ဒပြခြင်းကိစ္စ၊(၈၈၈၈)အထိမ်းအမှတ် အဖြစ် ယခုနှစ်မှာ ထူးခြားစွာ အားလုံးသော ဆန္ဒပြသူများ တူညီဝတ်စုံ ဝတ်ဆင်နိုင်ရေးကိစ္စ၊၂၀၁၀ရွေးကောက်ပွဲနဲ့ ပါတ်သက်တဲ့ကိစ္စများ၊ ၂၀၁၀ရွေးကောက်ပွဲဟာ စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာကို ဂျပန်အစိုးရက တရားဝင်လက်ခံလာနိုင်အောင် ဘယ်ပုံဘယ်နည်း ဆောင်ရွက်သွားမယ် ဆိုတဲ့ကိစ္စ၊NLDပါတီနဲ့ ၂၀၁၀ရွေးကောက်ပွဲ ရှင်းလင်းချက်၊မြန်မာပြည်တွင်းရှိ AIDSဝေဒနာသည်များ အတွက်လည်းကောင်း၊ဦးကျော်သူရဲ့ နာရေးကူညီမှု အသင်းအတွက် လည်းကောင်း ဂျပန်နိုင်ငံတွင် ရန်ပုံငွေရှာဖွေရေး၊ ဇူလိုင်(၁၉)ရက်နေ့ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် (လူငယ်စာတမ်း ဖတ်ပွဲကျင်းပရေးကိစ္စ)စသည်များကို ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးစည်းကမ်းချက်အရ အသေးစိတ်ကို ပြန်ရေးပြခွင့်မရှိပေမယ့် ကျမအတွက်တော့ အိပ်ယာစောစောထပြီး သွားရကျိုးတကယ်နပ်တဲ့ အစည်းအဝေးပွဲတစ်ခုပါပဲ။

သတင်းမှတ်တမ်း ။ (Nandar) http://www.lanpyakye.org/
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum(CNC-Japan)

Saturday, June 26, 2010

အမျိုးသမီးများအပေါ် အကြမ်းဖက် ကျူးလွန်သော ရာဇဝတ်မှုများနှင့် ပတ်သက်သည့် ဟောပြောပွဲ(တိုကျို)။



နအဖ စစ်အာဏာရှင် အစိုးရလက်ထက် မြန်မာနိုင်ငံမှ အမျိုးသမီးများအပေါ် အကြမ်းဖက် ကျူးလွန်သော ရာဇဝတ်မှုများနှင့် ပတ်သက်သည့် ဟောပြောဆွေးနွေးပွဲ (Symposium) နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan) ကို တိုကျို ရှီဘူယမြို့နယ် Aoyama Gakuin University (Souken Biru) 11 F, အဆောက်အဦး၌ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) နှင့် Human Rights Now (HRN) တို့မှ တာဝန်ယူ ကျင်းပပြုလုပ်ခဲ့ပါသည်။

စစ်အစိုးရ၏ မြန်မာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုအား တားဆီးရေးနှင့် ပပျောက်စေရေးအတွက် ဂျပန်နိုင်ငံ၌ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဤလှုပ်ရှားမှုတွင် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအဖွဲ့အစည်းများ ၊ ဂျပန်နိုင်ငံမှ The People’s Forum on Burma (PFB), All Japan Feminist Representatives, Amnesty International (Japan), Human Rights Watch, Asian Women Resources Center နှင့် Lush Japan Co. Ltd. တို့မှ အားပေး ကူညီပါဝင်ခဲ့ကြပါသည်။

ဇွန်လ ၂၆ ရက်နေ့ ပထမပိုင်း ဆွေးနွေးပွဲ (Symposium) အစီအစဉ်ကို နေ့လည်(၁း၃၀)နာရီတွင် စတင်ကျင်းပပြုလုပ်ပြီး အခမ်းအနား အဖွင့်အမှာစကားကို SOFIA University ရဲ့ဂုဏ်ထူးဆောင် ပါမောက္ခ ၊ကုလသမဂ္ဂ အမျိုးသမီးဆိုင်ရာကော်မတီ(ဂျပန်ကိုယ်စားလှယ်) Ms.YOMIKO Mekuro မှ အဖွင့်အမှာစကား ပြောကြာပြီးသည့်နောက် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB သဘာပတိအဖွဲ့ဝင် ဒေါ်သင်းသင်းအောင်မှ မြန်မာနိုင်ငံမှ ပြည်ပကိုထွက်လာသည့် အမျိုးသမီးများစုပေါင်းပြီး အမျိုးသမီးများ၏ အခွင့်အရေးတွေကို ရဖို့အတွက် ဘယ်လိုစွမ်းဆောင်နေသလဲ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့အမျိုးသား ပြန်လည်သင့်မြတ်ရေး ဒီမိုကရေစီရေးတွေ ပြန်လည်ရရှိရန်အတွက် အမျိုးသမီး အဖွဲ့အစည်းတွေ စုစည်းပြီး ဆောင်ရွက်နေသည့်အကြောင်း နှင့် အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)WLB ၏ စတင်ပေါ်ပေါက်လာပုံ ယနေ့ချိန်ထိဆောင်ရွက်နေသည့် လုပ်ငန်းများကို ပါဝါပွိုင့်ဖြစ် အကျယ်တ၀င့် ရှင်းလင်းပြောကြားသွားပါသည်။ဂျပန်အစိုးရအပါအ၀င် နိုင်ငံတကာအစိုးရများတို့ကို WLB ကိုယ်စား တိုက်တွန်း တောင်းဆိုချက်များထဲတွင် မြန်မာနိုင်ငံမှာ စစ်အစိုးရက ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများကို ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေးကို ဖွဲ့စည်းပေးဖို့ သက်သေ ထင်ရှားလျှင် မြန်မာနိုင်ငံကိစ္စကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကိုပို့ပေးဖို့ တိုက်တွန်း တောင်းဆိုသွားပါသည်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB သဘာပတိအဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းမှ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွါးနေသည့် လူအခွင့်အရေး ချိုးဖေါက်ခံနေရမှု အကြောင်းအရာများကို သက်သေအထောက်အထား မှတ်တမ်းဓါတ်ပုံများနှင့်တကွ ပါဝါပွိုင့်ဖြစ် ရှင်းလင်း ပြောကြားသွားပြီးသည့်နောက် ကျမတို့ရဲ့ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိနိုင်ဖို့အတွက် ဂျပန်အစိုးရနှင့် ဂျပန်ပြည်သူပြည်သားအားလုံး ဆက်လက်ပြီး ပံ့ပိုးကူညီပေးရန် မေတ္တာရပ်ခံ ပြောကြားသွာပါသည်။

ဂျပန်တွင် မြန်မာ့အရေးကို ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေ Mr. Watanabe Shogo (PFB)မှ ၁၉၉၂ ခုနှစ်ကနေပြီး ၂၀၀၉ ခုနှစ်အထိ ဂျပန်နိုင်ငံတွင်း ဆောင်ရွက်ခဲ့သည့် ဒုက္ခသည်ဆိုင်ရာများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ အာဏာရှင်စစ်အစိုးရအောက် ဖိနှိပ်ခံနေရသည့် တိုင်းရင်းသားလူမျိုးများတို့၏ ဘ၀အခြေအနေတွေကို ဂျပန်တရားရေးဝန်ကြီးဌာနနှင့် ဂျပန်(လ၀က)တို့မှ နားလည်မှုမရှိသေးကြောင်း အလွန်ပင် ၀မ်းနည်းစရာကောင်းသည့်အကြောင်းနှင့် နားလည်မှု ကင်းမဲ့နေသေးသည်ဟု ထောက်ပြ ပြောဆိုသွားပါသည်။


Ms. Yukida Juri (HRN)အိုစာကာမှ ဂျပန်နိုင်ငံ နှင့်အာရှတခွင် အမျိုးသမီး လူ့အခွင့်အရေးပြဿနာ အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှုနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသွားပြီးသည့်နောက်မှာ တက်ရောက်လာကြသည့် ဧည့်သည်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပြီး မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်ဌာနခွဲ့)တာဝန်ခံ ဒေါ်ချိုချိုအေးမှ အထူးဧည့်သည်တော်များနှင့် တက်ရောက်လာကြသည့် ဧည့်သည်များတို့ကို ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ညနေ (၅း၀၀)နာရီတွင် ပြီးဆုံးခဲ့ပါသည်။ ဤဆွေးနွေးပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံသားများနှင့် မြန်မာ့အရေး စိတ်ဝင်စားသည့် ဂျပန်လူမျိုးများ စုစုပေါင်း(၂၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။

ဇွန် ၂၇ ရက်နေ့တွင် ဒုတိယပိုင်း အခမ်းအနား အစီအစဉ် (၂) နိုင်ငံတကာ ပြည်သူ့ခုံရုံး(International Tribunal - Japan)ကို Building No. (6), Aoyama Gakuin University မှာ နေ့လည် (၁)နာရီတွင် စတင်ကျင်းပပြုလုပ်သွားမည့်အကြောင်း သိရှိရပါသည်။

၂၆-၆-၂ဝ၁ဝ နှင့် ၂၇-၆-၂ဝ၁ဝ နှစ်ရက်စလုံး တိုက်ရိုက် ရုပ်သံလွှင့် အစီအစဉ် (Live Broadcast )မှ ထုတ်လွှင့်ပြသမည်ဖြစ်ပြီး မည်သည့်နိုင်ငံမှမဆို Internet မှတဆင့် အောက်ပါ Website တွင် ကြည့်ရှုနိုင်ပါသည်။
http://www.burmacampaign.net/


သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

အခွဲခံရသော”ဘ”နဲ့ ”၀”

အခွဲခံရသော”ဘ”နဲ့ ”၀”

မင်းတာရာ
ဇွန် ၂၆၊ ၂၀၁၀

စိတ်ပျက်တယ်လို့ 
စိတ်ပျက်ပျက်နဲ့ ပြောရမှာတောင်
စိတ်ပျက်မိတယ်။

ကြည့်
ငါ တို့ မှာ
ဘာ.. လူ့ အခွင့်အရေးမှ မရှိတော့ဘူး
ဘာ.. အိမ်ယာမှ မပိုင်တော့ဘူး
ဘာ.. မြေကွက်မှလည်း မပိုင်တော့ဘူး
ဘာ.. ကျွဲ-နွားမှ မရှိတော့ဘူး
ဘာ.. ဘာအလုပ်အကိုင်မှလည်း မရှိတော့ဘူး
“ဘ”ကုံးလေး တလုံးတောင် မပိုင့်တပိုင်။
ကြည့်
သူတို့ မှာ
၀၀.. အာဏာရှိဖို့ 
၀၀.. ကျောမွဲတွေကို အနိုင်ကျင့်ဖို့ 
၀၀.. လိမ်လည်ဖို့ 
၀၀.. လှည့်ဖျားသွေးဆောင်ဖို့ 
၀၀.. ကိုယ့်အထုပ်ကိုယ်ဖြည့်ဖို့ 
အဲဒီ ”၀” လုံးလေးကို
ငါတို့ ဆီက လုယူသွားခဲ့ကြ။

ဘ”နဲ့ ”၀”
အခွဲခံရတော့
ငါတို့ မှာ
ဘာမှ ”၀” ဖို့ မရှိတော့ဘူး
ဆင်းရဲချို့တဲ့ခြင်းကလွဲလို့ ။

( ကဗျာ ) ...ကို http://moemaka.com/ မှ ကူးယူခဲ့ပါသည်။....

Friday, June 25, 2010

တိုင်းရင်းသားပါတီများ ခွဲခြား ကန့်သတ်ခံနေရ

သန်းထိုက်ဦး Friday, June 25, 2010 .


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တိုင်းရင်းသား ပါတီများကို ပါတီ မှတ်ပုံတင်ခွင့် ပေးထား သော်လည်း အကန့် အသတ်များ ရှိနေဆဲ ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များနှင့် စောင့်ကြည့် လေ့လာသူများက ပြောဆိုနေကြသည်။

ကရင်ပြည်သူ့ ပါတီ(KPP)၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP) ၊ ပအိုင်း အမျိုးသား အဖွဲ့ချုပ်(PNO) နှင့် တအောင်း (ပလောင်) အမျိုးသားပါတီ တို့ကို ပါတီ တည်ထောင်ခွင့်ပေးထားပြီး ကချင် ၃ ပါတီက ပါတီ တည်ထောင်ခွင့်ရရှိရန် စောင့်ဆိုင်း နေဆဲ ဖြစ်သည်။

AMRDP ပါတီကို ပညာရေးဘက်တွင် တာဝန်ထမ်းဆောင်ဖူးသော ပါမောက္ခ နိုင်ငွေသိန်း ဦးဆောင်သည်။ စစ်အစိုးရ အာဏာပိုင် များနှင့် ရင်းနှီးသော ပါမောက္ခဟောင်းဟု သိရသည်။ ၎င်းပါတီမှ ကော်မတီဝင်တဦးဖြစ်သော နိုင်သိုက် မှာလည်း ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းဝင် ဖြစ်ကြောင်း သိရသည်။ ဦးအောင်ခမ်းထီ ခေါင်းဆောင်သော ပအိုင်း အမျိုးသား အဖွဲ့ချုပ် ပါတီ မှာလည်း အစိုးရနှင့် နီးစပ် သော ပါတီတခုဖြစ်သည်။

နိုင်ငံရေး လေ့လာသူများကမူ ကချင်ပါတီ တည်ထောင်ခွင့် လျှောက်ထားမှုနှင့် ပတ်သက်၍ ပယ်ချခံရဖွယ် ရှိကြောင်း သုံးသပ် ပြောဆို နေကြသည်။

ကချင်ပြည်နယ် တိုးတက်ရေးပါတီ(KSPP)သည် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက် ဧပြီလ ၅ ရက်နေ့ကတည်းက ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံ တင်ခွင့် လျှောက်ထားခဲ့သော်လည်း ယခုအချိန်ထိ ခွင့်ပြုချက် မရသေးပေ။

ကချင်ပါတီများမှ ခေါင်းဆောင်များသည် ယခင် KIOမှ ခါင်းဆောင်ဟောင်းများ ဖြစ်ကြောင်း၊ ကချင်တပ်ဖွဲ့များက နယ်ခြားစောင့် တပ် အသွင်ပြောင်းရေးကို လက်မခံသောကြောင့် ၎င်း ပါတီများအပေါ် စစ်အစိုးရက အယုံအကြည်မရှိဘဲ ကြန့်ကြာရန် လုပ် ဆောင် နေခြင်း ဖြစ်ကြောင်းလည်း နိုင်ငံရေး လေ့လာသူများက ဆိုသည်။

ပါတီ တည်ထောင်ခွင့် လျှောက်ထားပြီး ခွင့်ပြုချက် မရသေးသည့် ပါတီများမှာ ကချင်ပြည်နယ် တိုးတက်ရေး (KSPP)၊ ညီညွတ် သော ဒီမိုကရေစီ ပါတီ (ကချင်ပြည်နယ်) (UDPKS) နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (NSSPP) တို့ ဖြစ်သည်။

“ပါတီထဲမှာ ပါတဲ့ လူတွေက နအဖကို ဆန့်ကျင်တဲ့ ပုဂ္ဂိုလ်တွေ ပါတယ်လို့ သူတို့က ထင်တယ်၊ ဒါကြောင့် မှတ်ပုံတင်ခွင့် မပေးတာ ဖြစ်နိုင်တယ်”ဟု ကချင်ဖွံ့ဖြိုးရေး ကွန်ယက် (KDNG) မှ ဥက္ကဌ ဦးအောင်ဝါက ဧရာဝတီသို့ ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPP) အတွင်းရေးမှူး ဦးအေးသာအောင်ကမူ“ဒီ စစ်အစိုးရဟာ သူတို့ရဲ့ အာဏာကို သက်ဆိုး ရှည်ဖို့အတွက် ရွေးကောက်ပွဲကိုလည်း ပြင်ဆင်ထားပြီးပြီ၊ ဖွဲ့စည်းပုံကိုလည်း သူတို့ လိုသလို ရေးဖွဲ့ထားပြီးပြီ၊ ပြီးတော့ ပါတီ ဥပဒေ တွေကိုလည်း ကန့်သတ်ထားပြီးပြီ၊ ဒါ့အပြင် သူတို့ကို မဆန့်ကျင်တဲ့ သူတို့ကို ထောက်ခံမယ့် သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း တိုင်းရင်းသား ပါတီတွေကို အများအပြား ခွင့်ပြုထားတယ် ဆိုတာဟာ ထင်ရှားပါတယ်” ဟု ပြောသည်။

တိုင်းရင်းသား ပါတီတချို့က အမျိုးသားရေး စိတ်ဓာတ်နှင့် ပါတီထောင်တာမျိုး ရှိကောင်း ရှိကောင်း ရှိနိုင်သော်လည်း၊ ပါတီ မှတ်ပုံ တင်ခွင့် ရထားသော ပါတီ အများစုက ကြံ့ခိုင်ရေးနှင့် ပတ်သက်ရာ ပတ်သက်သည့် တိုင်းရင်းသား ပါတီများ ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

ယခုလ ၁၆ ရက်နေ့ကလည်း ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားရောက်ကာ ပါတီ တည်ထောင်ခွင့် အမြန်ဆုံး ချပေးရန် ကချင် ပါတီ ခေါင်းဆောင်တချို့က တောင်း ဆိုခဲ့ကြောင်းလည်း သိရသည်။

စစ်အစိုးရ၏ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၃)၊ အပိုဒ် ၁၂ (က)၊ အပိုဒ်ခွဲ (၃) ၌ နိုင်ငံရေးပါတီတရပ် အနေ ဖြင့် နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့အစည်း သို့မဟုတ် မတရား အသင်းအဖြစ် ကြေညာခံထား ရသော အဖွဲ့အစည်းနှင့် ပတ်သက်မှုရှိပါက နိုင်ငံရေး ပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိဟု ဆိုထားသည်။

ယခုကဲ့သို့ KSPP က ပါတီတည်ထောင်ခွင့် အတည်ပြုချက်ရရန် ကြန့်ကြာနေချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ကချင်ပြည်နယ်အတွင်း စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

KSPP သည် မြစ်ကြီးနားမြို့တွင် ရုံးဖွင့်ထားပြီး ပါတီ တည်ထောင်ချိန်မှ စ၍ ကချင်ပြည်နယ်တွင် စည်းရုံးရေး လုပ်ငန်းများ ကျယ် ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သို့ရာတွင် ပါတီမှတ်ပုံတင်ပြီး နောက်ပိုင်းမှ စ၍ စည်းရုံးရေး လုပ်ငန်းများ ရပ်ဆိုင်း ခံထားရ ခြင်းဖြစ်သည်။

အစိုးရ၏ ထုတ်ပြချက်များ အရ ပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီပေါင်း ၄၂ ပါတီ၊ မှတ် ပုံတင်ခွင့် ကျသဖြင့် လျှောက် ထားသည့် ပါတီ ၃၈ ပါတီနှင့် မှတ်ပုံတင်ခွင့် ပြုပြီးပါတီ ၃၃ ပါတီ ရှိပြီ ဖြစ်ကြောင်း သိရသည်။

သတင်းမှတ်တမ်း မူရင်း ။ www.irrawaddy.org/bur/

Thursday, June 24, 2010

မြန်မာစစ်တပ်မှ Missile ဒုံးပျံများ အပစ်ရပ်နယ်မြေအနီးသို့ ဖြန့်ကျက်

မြောက်ကိုးရီးယား ဒုံးလက်နက်

Thursday, 24 June 2010 17:56 သျှမ်းသံတော်ဆင့် .

မြန်မာစစ်တပ်မှ ဒုံးပျံ အစီးရာပေါင်းများစွာကို နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး အာခံနေသော လက်နက်ကိုင်အဖွဲ့များ ရှိရာ ကချင်ပြည်နယ်နှင့် သျှမ်းပြည်အတွင်းရှိ ဒုံးပျံတပ်ရင်းများသို့ မေလကုန်ပိုင်းက ပို့ဆောင်လိုက်ကြောင်း စစ်ဘက် သတင်းများအရ သိရသည်။

မေလပိုင်းက ကချင်နှင့်သျှမ်းပြည်အတွင်းရှိ မိုးညှင်း၊ ကျိုင်းတုံ နှင့် နောင်ချိုမြို့နယ်များ၌ မြန်မာစစ်တပ်မှ ဒုံးပျံတပ်ရင်း (၃) ရင်းအား ဖွင့်လှစ်ခဲ့ရာ ၄င်းတပ်ရင်းသစ်များသို့ အတွဲလိုက်ပစ်ခတ်နိုင်သော ၁၂၂ မမ ဒုံးပျံ အစီး တစ်ထောင်ခန့်နှင့် ဒုံးပစ်ရာတွင်အသုံးပြုသည့် ယာဉ်များကို ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

အသစ်ဖွဲ့စည်းထားသည့် ဒုံးပျံတပ်ရင်းများအား ကကဒုံး (ခေါ်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ဒုံး) မှ ကွပ်ကဲ အုပ်ချုပ် မည်ဖြစ်ပြီး မြောက်ကိုးရီးယားနိုင်ငံလုပ် ဒုံးများဖြစ်ကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်ကာလက ရန်ကုန် သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည့် မြောက်ကိုးရီးယား သဘောင်္ တစ်စီးပေါ်တွင် ဒုံးပျံနှင့် ဆက်စပ်ပစ္စည်းများ တင်ဆောင်လာကြောင်း သတင်းထွက်ခဲ့သည်။

မြန်မာစစ်တပ်အနေဖြင့် ၁၉၈၈ ခုနှစ်မှစတင်၍ စစ်တပ်အင်အားကြီးထွားရေးကို အရှိန်အဟုန်မြှင့် တိုးချဲ့လျှက်ရှိရာ ထိုစဉ် က မြန်မာစစ်တပ်တွင် တိုက်ခိုက်ရေးတပ်ရင်း ၁၈၉ ရင်းခန့်သာရှိသော်လည်း ယခုအခါ စစ်သည်အင်အား ၄ သိန်း ကျော် ခန့် ရှိပြီဖြစ်သည်။

ခေတ်နောက်ကျကျန်ပြီး ဆင်းရဲတွင်းနက်နေသည့် မြန်မာနိုင်ငံတွင် စစ်တပ်အင်အားချဲ့ထွင်ရခြင်း၏ ရည်ရွယ်ချက်မှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆက်စပ်နေပြီး စစ်တပ်ကျောထောက်နောက်ခံဖြင့် တိုင်းပြည်ကို ပိုင်နိုင်စွာ အုပ် ချုပ်နိုင်ရန် နယ်မြေစိုးမိုးရေးကို အကွက်ချ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း စစ်ရေးကျွမ်းကျင်သူများက သုံးသပ်သည်။

သတင်း မူရင်း ။ www.mongloi.org/burmese/

နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan) ကို ဂျပန်နိုင်ငံ၌ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်မည်။

၂၆-၆-၂ဝ၁ဝ နှင့် ၂၇-၆-၂ဝ၁ဝ ရက်များတွင် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) နှင့် Human Rights Now (HRN) တို့မှ တာဝန်ယူ ကျင်းပမည့် မြန်မာနိုင်ငံမှ အမျိုးသမီးများအပေါ် အကြမ်းဖက် ကျူးလွန်သော ရာဇဝတ်မှုများနှင့် ပတ်သက်သည့် ဟောပြောဆွေးနွေးပွဲ (Symposium) နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan) ကို ဂျပန်နိုင်ငံ၌ ပထမဦးဆုံးအကြိမ် ကျင်းပတော့မည်ဖြစ်ပါသည်။

အစီအစဉ်(၁)
ဟောပြော ဆွေးနွေးပွဲ (Symposium)
ဟောပြောဆွေးနွေးမည့်သူများ

(ဒေါ်သင်းသင်းအောင် )၊ (Ms. Yukida Juri) ၊ ( Mr. Watanabe Shogo)

နေ့ရက် - ၂၆-၆-၂ဝ၁ဝ (စနေနေ့)
အချိန် - နေ့လည် ၁ နာရီမှ ၅ နာရီထိ

နေရာ - 総研 (Souken Biru) အဆောက်အဦ (11) ထပ်၊ အခန်း (19)
Aoyama Gakuin University
Shibuya 4-4-25, Shibuya-Ku, Tokyo, Japan
(UN ရုံးရှေ့)
ဝင်ကြေး - ယန်း ၅ဝဝ
ညနေ ၅ နာရီမှ ၇ နာရီထိ မြန်မာနိုင်ငံသားတို့၏ ဓလေ့ထုံးစံ ရိုးရာယဉ်ကျေးမှုများဖြင့် တင်ဆက်၍ မြန်မာစားစရာများ၊ ဖျော်ရည်များဖြင့် ဧည့်ခံပါမည်။ တဦးလျှင် ယန်း ၅ဝဝ နှုန်း။

အစီအစဉ် (၂)
နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan)

နေ့ရက် - ၂၇-၆-၂ဝ၁ဝ (တနင်္ဂနေ့)
အချိန - နေ့လည် ၁ နာရီမှ ၅ နာရီထိ
နေရာ
- မြေညီထပ် Building No. (6), Aoyama Gakuin University
Shibuya 4-4-25, Shibuya-Ku, Tokyo, Japan
(UN ရုံးရှေ့)
ဝင်ကြေး - ယန်း ၅ဝဝ

ဂျပန်ရောက် ပြည်ထောင်စုဘွား မြန်မာတိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာဖြင့် တိုက်တွန်း နှိုးဆော်အပ်ပါသည်။ အခမ်းနားတွင် ဘီစီဂျေပီ အဖွဲ့သား(Burma Campaign Japan) http://www.burmacampaign.net မှ တိုက်ရိုက် အင်တာနက်မှ ရုပ်သံထုတ်လွှင့်မည်ဖြစ်ပါသည်။

Mai Kyaw Oo(PNS-Japan)

ဂျပန်လွတ်တော်အမတ်များမှ နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းတောင်းဆို။

Japan SENATOR URGE U THAN SHWE TO START DIALOUGE WITH DAW AUNG SAN SUU KYI BEFORE ELECTION



၂၀၁၀ ခုနှစ် ဇွန်လ ၂၄ ရက်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့  ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ အမြန်ဆုံး တွေ့ ဆုံဆွေးနွေးရန် တိုက်တွန်း တောင်းဆိုသည့် လှုပ်ရှားမှုကို မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော အမတ်များ သမဂ္ဂအဖွဲ့ မှ ဦးစီး၍ ဂျပန်အမတ်များ၏ ထောက်ခံသည့် လက်မှတ်များကို ကောက်ခံခဲ့ပါသည်။

လက်ရှိမြန်မာပြည်၏ အခြေအနေနှင့် တိုင်းပြည်ကို ငြိမ်းချမ်းစွာ ပြောင်းလဲနိုင်သည်မှာ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဘဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့  ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ အမြန်ဆုံး တွေ့ဆုံဆွေးနွေးပေးရန် လွတ်တော် အမတ်များ၏ ဆန္ဒသဘောထား လက်မှတ်များကို ကောက်ခံရာတွင် လက်ရှိအဏာရပါတီ Democratic Party မှ လွတ်တော်အမတ်ပေါင်း (၇၃)ဦး အပါအ၀င် ပါတီ ၇ ခုမှ အမတ်ဦးရေ စုစုပေါင်း (၈ရ)ဦးတို့၏ ထောက်ခံသည့် လက်မှတ်များကို ကောက်ခံရရှိခဲ့ပါသည်။

ထိုအပြင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့အစည်းများ လှုပ်ရှားမှုတခုအဖြစ် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွေထံ စာရေးသားတောင်းဆိုသည့် လှုပ်ရှားမှုကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့ ၈ ဖွဲ့ ၊ တိုင်ရင်းသားအဖွဲ့အစည်း ၁၀ ဖွဲ့ နှင့် မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံသည့် ဂျပန် NGO ၁၀ ဖွဲ့တို့သည်လည်း တိုက်တွန်းတောင်းဆိုသည့် စာများကိုပေးပို့ခဲ့ကြပါသည်။

ယခုလို ဂျပန်အမတ်များ ဆန္ဒသဘောထား လက်မှတ်များနှင့် မြန်မာ့ဒီမိုကရေစီ အဖွဲ့အစည်းများ ၊ NGO အဖွဲ့များတို့၏ တိုက်တွန်း တောင်းဆိုသည့် စာနှင့် လက်မှတ်များတို့ကို နအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံနှင့် အထွေထွေအတွင်းရေးမှူးချုပ် ၊ လုံခြုံရေးကောင်စီ အဖွဲ့ ဝင်နိုင်ငံများထံသို့  ၂၀၁၀၊ဇွန်လ (၁၉ ရက်၊ ၂၂ ရက်)နေ့တွင် တာဝန်ရှိသူများမှ ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo

နေပြည်တော်ဆုံးဖြတ်ချက်လက်ခံရမည်ဟု ၀ တပ်ဖွဲ့အား ထပ်မံခြိမ်းခြောက်


Thursday, 24 June 2010 08:20 သျှမ်းသံတော်ဆင့် .

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် ၀ တပ်ဖွဲ့ခေါင်းဆောင်ပိုင်းအချို့နှင့် နအဖ ကိုယ်စားလှယ်များ ပန်ဆန်း ဌာနချုပ်၌ ထပ်မံတွေ့ဆုံရာ ‘အသွင်ပြောင်းရေး၌ နေပြည်တော်၏စီမံကိန်း လက်မခံလျှင် အဆိုးဘက် ဦးတည်နိုင်သည်’ - ဟု ၀တပ်ဖွဲ့ အား နအဖကိုယ်စားလှယ်က ထပ်မံဖိအားပေးခြိမ်းခြောက်ခဲ့သည်ဟုဆိုသည်။

“၂၁ ရက်တုန်းက လားရှိုးဒုတိုင်းမှူးဦးဆောင်တဲ့ နအဖ ကိုယ်စားလှယ်အဖွဲ့နဲ့တရုတ်အဖွဲ့ မိုင်းလျဲမ်း (ယူနန်နယ်) မှာတွေ့ပြီးပြီးချင်း ပန်ဆန်းကိုပြန်အိပ်တယ်။ မနေ့တုန်းက ၀ ခေါင်းဆောင်ပိုင်းအချို့နဲ့တွေ့တယ်၊ ၀ စစ်ဦးစီးချုပ် နဲ့ ဥက္ကဌကြီးပေါက်ယူချမ်းတို့တော့မတွေ့ဖြစ်ဘူး။”- ဟု ပန်ဆန်းအရာရှိနှင့်ရင်းနှီးသည့် လားရှိုးသားတဦးပြော ပါသည်။

ဂျွန် ၂၂ ရက်နေ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းသိန်းနှင့် တန့်ယန်းအခြေစိုက်စစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီးခိုင်ဇော်တို့ ဦးဆောင်သည့် အင်အား ၄၀ ၀န်းကျင် ကိုယ်စားလှယ်အဖွဲ့ နှင့် ၀ ခေါင်းဆောင်ပိုင်း များဖြစ်သည့် UWSP ဒုဥက္ကဌ ရှောက်မင်လျံ၊ ဒုအတွင်းရေးမှူးပေါက်ယိုယီး နှင့် ပေါက်ယိုလျံ၊ကျောက်ကော် အန်း၊ ကျောက်ဝန်ကွမ်း၊ လီဇူးလျဲ့ ခေါ် ဦးအောင်မြင့်တို့ ပန်ဆန်း ၌ တနာရီကြာတွေ့ဆုံခဲ့သည် ဟုဆို၏။

တွေ့ဆုံပွဲ၌ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စသည် ‘နေပြည်တော် ဆုံးဖြတ်ချက်ဖြစ်သဖြင့် လက်မခံလျှင် အဆိုးဘက်ဦးတည်နိုင်ကြောင်း’ နအဖ ကိုယ်စားလှယ်မှ ထပ်မံဖိအားပေးခဲ့သော်လည်း ၀ တပ်ဖွဲ့တို့တစုံတရာ တုန့်ပြန်ဆွေးနွေးခြင်းမြုပကြောင်း ပြောပါသည်။

“နအဖ ကိုယ်စားလှယ်တွေ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအကြောင်း တနာရီလောက်ပြောသွားပြီးတဲ့ နောက်- ဘာတွေမေးမြန်း/တောင်းဆိုလိုပါသလဲ လို့မေးတော့ ၀ ခေါင်းဆောင်တွေက ပြောစရာမရှိကြောင်း ဖြေကြားတယ်။ အခမ်းအနားမှူးကလဲ တွေ့ဆုံပွဲပြီးဆုံးကြောင်းကြေငြာလိုက်တယ်”- ဟု ၀အရာရှိတဦးက ပြော၏။

ဂျွန် ၂၀ ရက်နေ့ကတည်းက အဆိုပါ နအဖ ကိုယ်စားလှယ်အဖွဲ့ လားရှိုး - တန့်ယန်းမှ ပန်ဆန်းသို့ရောက်ရှိ နေပြီး ဂျွန် ၂၂ ရက်နေ့ မနက်ပိုင်းမှ လားရှိုးသို့ တပ်ခေါက်ပြန်သွားကြသည်ဟု ဆို၏။

ယခုတွေ့ဆုံမှုသည် ဧပြီ ၂၈ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အသွင်မပြောင်းလျှင် ၀ တပ်ဖွဲ့ အပါအ၀င် အပစ်ရပ်များအားလုံး တရားမ၀င်အသင်းအဖွဲ့ဖြစ်သွားမည်ဟု နအဖ မှ ခြိမ်းခြောက်ပြောဆိုပြီးနောက်ပိုင်း ဒုတိယ အကြိမ်တွေ့ဆုံခြင်းဖြစ်သည်။

ပန်ဆန်းရောက် နအဖ ကိုယ်စားလှယ်အဖွဲ့တိုင်းသည် ပန်ဆန်းမြို့တွင်းရှိ မေရှင်းဟိုတယ်တွင်သာ တည်းခိုကြ ရာ နအဖ နှင့် ၀ ဆက်ဆံရေးပြေလည်စဉ်က ၀ အာဏာပိုင်တို့ ညစာစားပွဲ တည်ခင်းဧည့်ခံလေ့ရှိသော်လည်း ယခု လားရှိုး ဒု-တိုင်းမှူး နှင့်အဖွဲ့ခရီးစဉ်တွင်မူ ဟိုတယ်မှ ကျွေးမွေးသည့် အစားအစာများဖြင့်သာ ပြီးဆုံးခဲ့ရ ကြောင်း ပန်ဆန်းမြို့ခံတဦးက သျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။

ထို့အတူ မိုင်းလားတပ်ဖွဲ့အားလည်း မနက်ဖြန် ဂျွန် ၂၄ ရက်နေ့၌ တြိဂံတိုင်း ဂျီဝမ်းသစ် ပထမဆုံးအကြိမ် သွားရောက်ဆွေးနွေးဖွယ်ရှိသည် ဟုလည်း စုံစမ်းသိရှိရပါသည်။

သတင်းမူရင်း ။ www.mongloi.org/burmese/

Wednesday, June 23, 2010

တပ်အသွင်ပြောင်းရေးကိစ္စ နအဖနှင့် ထပ်မတွေ့တော့ဟု မွန်ပြည်သစ် ပြော


ဝီရ / ၂၃ ဇွန် ၂၀၁၀

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် စစ်အစိုးရ ခေါင်းဆောင်များနှင့် ထပ်မံ တွေ့ဆုံဆွေးနွေးရန် မလိုအပ်တော့ကြောင်း မွန်ပြည်သစ်ပါတီက ပြောကြားလိုက်သည်။

“BGF (နယ်ခြားစောင့်တပ်) ပြောင်းဖို့ ပါတီက လက်မခံဘူးလို့ နအဖဆီကို အကြောင်းကြားထားပြီးသားပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နအဖခေါင်းဆောင်တွေနဲ့ ထပ်တွေ့စရာ မလိုတော့ဘူးလို့ ကျနော်တို့ပါတီရဲ့ နောက်ဆုံးအစည်းအဝေးမှာ အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကျင်းပပြီးစီးသွားသော ပါတီ၏ ဗဟိုအလုပ်မှုဆောင် အစည်းအဝေး၌ အဆိုပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ပြီး နအဖစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီအကြား ဆက်ဆံရေးအတွက် ဗဟိုကော်မတီဝင်တဦးအား ပြည်တွင်းဆက်ဆံရေးတာဝန်ခံအဖြစ် မော်လမြိုင်မြို့၌ ထားရှိကြောင်း ၎င်းက ပြောသည်။

“နအဖနဲ့ ဆက်ဆံဖို့ ပါတီရဲ့ ဗဟိုကော်မတီဝင်တဦးကို တာဝန်ပေးထားပါတယ်။ ပြောစရာရှိရင်ပဲဖြစ်ဖြစ်၊ မေးစရာရှိရင်ပဲဖြစ်ဖြစ် နအဖအနေနဲ့ အဲဒီလူနဲ့ ဆက်သွယ်လို့ ရပါတယ်” ဟု အဆိုပါ ဗဟိုအလုပ်မှုဆောင်တဦးက ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ပြင်ဆင်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်း မပြုလျှင် ၂၀၁၀ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို စဉ်းစားပေးမည်မဟုတ်ကြောင်း မွန်ပြည်သစ် ခေါင်းဆောင်တို့က ပြီးခဲ့သည့် ဧပြီလ (၇) ရက်၌ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် နောက်ဆုံးတွေ့ဆုံစဉ်တွင် အတိအလင်း ပြောဆိုခဲ့ပြီးဖြစ်သည်။

“တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးပြဿနာတွေအတွက် အဖြေရှာသွားဖို့ နအဖကိုရော၊ နောင်တက်လာမည့် အစိုးရကိုပါ မွန်ပြည်သစ်က ဆက်လက် တောင်းဆိုသွားမှာပါ။ မွန်အမျိုးသားတွေအတွက် အာမခံချက် တစုံတရာ မရှိဘဲနဲ့ လက်နက်စွန့်ခိုင်းတာ၊ တပ်အသွင်ပြောင်းတာတို့၊ တပ်နဲ့ ပါတီကို ခွဲခြားတာတို့ ပါတီက လက်ခံမှာ မဟုတ်ဘူး။ ဒါက မွန်ပြည်သစ်ရဲ့ ရှေ့ရပ်တည်ချက်တွေပါ” ဟု အဆိုပါ ဗဟိုအလုပ်မှုဆောင်က ဆက်လက်ပြောသည်။

ထိုသို့ တပ်အသွင်ပြောင်းရေး လက်မခံကြောင်း မွန်ပြည်သစ်မှ ပြောဆိုခဲ့ပြီးသည့်နောက် နှစ်ဦးနှစ်ဖက် အခြေအနေ တင်းမာလာနေသော အနေအထားများကြောင့် ဧပြီလကုန်ပိုင်း၌ မွန်ပြည်သစ်ပါတီက ပြည်တွင်းရှိ ပါတီရုံးများနှင့် ပါတီဝင်များကို ၎င်းတို့၏ ထိန်းချုပ်နယ်မြေများသို့ ပြောင်းရွှေ့မှုများ ရှိခဲ့ပြီး မွန်ပြည်သစ် ဗဟိုဌာနချုပ် တည်ရှိရာ ရေးချောင်းဖျားနှင့် နယ်စပ်ဒေသရှိ ရွာသား (၁,၀၀၀) ကျော်တို့သည် ဘေးလွတ်ရာ နယ်စပ်သို့ ခေတ္တ တိမ်းရှောင်ခဲ့ကြသည်။

ယခုအချိန်၌ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တို့က ပါတီထိန်းချုပ်ရာ ဒေသများမှလွဲ၍ အခြားနယ်မြေများသို့ သွားလာလှုပ်ရှားခြင်း မပြုကြတော့ကြောင်း သိရသည်။

မွန်ပြည်သစ် ခေါင်းဆောင်တို့နှင့် နီးစပ်သူတဦးက “ပြည်တွင်းကို ပါတီခေါင်းဆောင်တွေ မသွားလာတော့တာ အချက် (၂) ချက် ရှိတယ်။ အခြေအနေ တင်းမာတဲ့နောက်ပိုင်းမှာ နှစ်ဦးနှစ်ဖက် အယုံအကြည် ပိုပြီးမဲ့လာကြတယ်။ အချိန်မရွေး အဖမ်းအဆီး ခံရနိုင်တယ်။ နောက်တချက်က ပါတီက ကန့်သတ်လိုက်တာလည်း ဖြစ်နိုင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် နအဖစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။


သတင်းမှတ်တမ်း မူရင်း ။ www.khitpyaing.org

Tuesday, June 22, 2010

ဒေါ်အောင်ဆန်းစုကြည် ပါကစ္စတန် ဂုဏ်ထူးဆောင်ဆု ရရှိ


အင်္ဂါ, 22 ဇွန် 2010

မြန်မာပြည်သူတွေနဲ့ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန် လက်ရှိ အာဏာရ ပါကစ္စတန် ပြည်သူ့ပါတီ (PPP) က Benazir Bhutto Shaheed ဆု ပေးအပ်လိုက်ပါတယ်။

နှစ်ပေါင်းများစွာ အကျဉ်းချခံထားရပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အံတုနေတဲ့ သူ့ရဲ့သတ္တိကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်တာ ဖြစ်တယ်လို့ PPP ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို (Benazir Bhutto) ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်နေသူ၊ လူ့အခွင့်အရေး ရရှိရေး ဆောင်ရွက်နေသူ၊ အများအတွက် ပရဟိတ လုပ်နေသူနဲ့ အမျိုးသမီးများ စွမ်းရည် မြှင့်တင်ရေး လုပ်နေသူတွေဆိုပြီး ကဏ္ဍ ၄ မျိုးခွဲပြီး ဆုပေးတာဖြစ်တယ် ဆိုတာကို ပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်၊ လက်ရှိ နိုင်ငံသမ္မလည်းဖြစ်တဲ့ အာဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zadari) ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်နေသူဆုအတွက် ရရှိတာ ဖြစ်ပါတယ်။

ကွယ်လွန်သူ ဘနာဇီယာရဲ့ တနင်္လာနေ့က ကျရောက်တဲ့ ၅၇ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုပြီး သူ့ရဲ့ပါတီက ဒီဆုတွေကို ပထမဆုံး ပေးအပ်တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဘူတိုဟာ ပါကစ္စတန်မှာ ၂၀၀၇ ခုနှစ်က လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်းမူရင်း ။ ဗွီအိုအေ (မြန်မာဌာန)

ယူအန် အေဂျင်စီမှ မြန်မာနိုင်ငံကို ဒုက္ခသည်ပင်မ နိုင်ငံတစ်ခု အဖြစ်သတ်မှတ်

သတင်း - နိရဉ္စရာ
ရေးသားသူ - တာကလူး

တနင်္လာနေ့၊ ဇွန်လ 21 ရက် 2010 ခုနှစ်

UNHCR ခေါ် ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးအဖွဲ့မှ မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် ဒုက္ခသည်အများဆုံး ထုတ်ပေးသည့် ပင်မနိုင်ငံ တစ်ခု အဖြစ် စာရင်းသွင်း သတ်မှတ်လိုက်သည်။

UHNCR က ၄င်း၏ နောက်ဆုံးထုတ် အစီရင်ခံစာ “2009 Global Trends” ၌ ဒုက္ခသည် အများဆုံးထုတ်ပေးသည့် ပင်မ (၁၀) နိုင်ငံစာရင်းထဲတွင် မြန်မာနိုင်ငံကို ဒုက္ခသည် အရေအတွက် (၄၀၆၇၀၀)နှင့်အတူ နံပါတ် (၅) နေရာ၌ ထည့်သွင်း ဖေါ်ပြထားသည်။

အဆိုပါအစီရင်ခံစာတွင် ဒုက္ခသည် (၂၈၈၇၁၀၀) ဦးနှင့် အာဖဂန်နစ္စတန်နိုင်ငံ၊ (၁၇၈၅၂၀၀)ဦးနှင့် အီရတ်၊ (၆၇၈၃၀၀)ဦး နှင့် ဆိုမာလီ၊ (၄၅၅၉၀၀)ဦးနှင့် ကွန်ဂို၊ (၄၀၆၇၀၀)ဦးနှင့် မြန်မာ၊ (၃၈၉၈၀၀)ဦးနှင့် ကိုလံဘီယာ၊ (၃၆၈၂၀၀)ဦးနှင့် ဆူဒန်၊ (၃၃၉၃၀၀)ဦးနှင့် ဗီယက်နမ်၊ (၂၀၉၂၀၀)နှင့် အီရီထရီယာ နှင့် (၁၉၅၆၀၀) ဦးနှင့် ဆားဗီးယား နိုင်ငံတို့ကို ဒုက္ခသည်ဦးရေနှင့် အတူ ယှဉ်တွဲပြီး အစီလိုက်သင့် ဖေါ်ပြထားသည်။

“မြန်မာနိုင်ငံမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံလာကြသည့် အသိအမှတ် ပြုခြင်း မခံရသေးသော ရိုဟင်ဂျာ ခေါ် မူဆလင် ဒုက္ခသည် ၂ သိန်းကျော်ကို ထည့်သွင်း လိုက်ခြင်းကြောင့် မြန်မာနိုင်ငံသည် ဒုက္ခသည် အများဆုံး ထုတ်ပေးသည့် ပင်မ (၁၀) နိုင်ငံ စာရင်းတွင် ပါဝင်လာရခြင်း ဖြစ်သည်” ဟု ၄င်း အစီရင်ခံစာတွင် ရေးသား ဖေါ်ပြသည်။

၎င်းအပြင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ စာရင်းတွင် မြန်မာနိုင်ငံသားများမှာ ဒုတိယအများဆုံး ဖြစ်ကြောင်းလည်း အစီရင်ခံ၌ ဖေါ်ပြထားပြီး၊ အဆိုပါ နိုင်ငံတကာ၌ ခိုလှုံခွင့် လျှောက်ထားသူများ၏ သုံးပုံတပုံခန့်ကို မလေးရှားနိုင်ငံ၌ လက်ခံရရှိခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

ဒေသတွင်း သတင်းရပ်ကွက်များ၏ အဆိုအရ မြန်မာနိုင်ငံ၌ စစ်အစိုးရ၏ ဖိနှိပ်အုပ်ချုပ်မှုကြောင့် သန်းနှင့်ချီသော နိုင်ငံသားများမှာ ပြည်ပနိုင်ငံများသို့ ထွက်ပြေးခိုလှုံလျက် ရှိနေကြပြီး၊ အများစုမှာ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများတွင် ဒုက္ခသည်များ အဖြစ်ခိုလှုံလျက်ရှိကြောင်း သိရှိရသည်။

သတင်းမှတ်တမ်း မူရင်း ။ burmese.bnionline.net/news/narinjara

Monday, June 21, 2010

မတရားပြစ်ဒဏ် ချထားသော ကျောင်းသား ခေါင်းဆောင်များအားလုံး လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြပွဲ(တိုကျို)။





၂၀၁၀ ခုနှစ် ဇွန်လ(၂၁)ရက်။

ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအတွက် တောင်းဆို ဆန္ဒပြသည့် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့ ၌ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့ မှ ဇွန်လ(၂၁)ရက်နေ့  နေလည် ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များတို့ ၏ တိုင်းပြည်နှင့် လူမျိုးများအပေါ် ကိုယ်ကျိုးစွန့်  အနစ်နာခံမူ ယုံကြည်ချက်အပေါ်မှာ ရဲရင့် ပြတ်သားစွာ အမှန်တရားဘက်မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြသည့် ကျောင်းသားခေါင်းဆောင်များတို့ကို လေးစားသောအားဖြင့် အမြန်ဆုံး လွတ်မြောက် ရေးအတွက် လစဉ်(၂၁)ရက်နေ့ ရောက်တိုင်း ဆန္ဒပြ တောင်းဆိုမူများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ယနေ့ပြုလုပ်သည့် ဆန္ဒပြပွဲ အခမ်းအနားတွင် အင်အား(၄၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum( CNC-Japan)

မွန်သမိုင်းပညာရှင် ဒေါက်တာနိုင်ပန်းလှ ကွယ်လွန်


ဒေါက်တာ နိုင်ပန်းလှ
ခက်ထန် Monday, June 21, 2010 .

သမိုင်းနှင့် မွန်-မြန်မာ ယဉ်ကျေးမှုဆိုင်ရာ ပညာရှင် ဒေါက်တာ နိုင်ပန်းလှသည် ရန်ကုန်မြို့၌ ဇွန်လ ၁၈ ရက်နေ့တွင် လေဖြတ် ထားသည့် ဒဏ်ဖြင့် ကွယ်လွန် သွားကြောင်း သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ် ရှိပြီဖြစ်သည်။

“တချို့က ရူးတယ် ဆိုချင်ဆို၊ ကျနော် ရှိနေတုန်းမှာ ကျနော်တို့ ကိုယ်ပိုင် မွန်ဘာသာ စကားကို ပျောက်မသွား စေချင်ဘူး” ဟု ၂၀၀၅ ခုနှစ် မတ်လက The Nation သတင်းစာနှင့် အင်တာဗျူးတွင် ဒေါက်တာ နိုင်ပန်းလှက ပြောခဲ့သည်။

မွန်ဘာသာ စကားသည် မထိန်းသိမ်းလျှင် အနှစ် ၄၀ အတွင်း ကွယ်ပျောက် တော့မည်ဟု အဆိုပါ အင်တာဗျူးတွင် ပြောထားပြီး The Nation သတင်းစာက မွန်ဘာသာ စကားကို ကယ်တင်သူ ဟူ၍ ရည်ညွှန်း ဖော်ပြခဲ့သည်။

ဒေါက်တာနိုင်ပန်းလှသည် ဂျပန်မှ ပြန်ရောက်ချိန်မှစ၍ ခေတ်ဟောင်းနှင့် ခေတ်သစ် မွန်ကျောက်စာနှင့် စာပေကို ရန်ကုန်တွင် သင်ကြားပို့ချခဲ့ပြီး မွန်ပညာရှင် မျိုးဆက်သစ်များကိုလည်း မွေးထုတ်ပေးခဲ့သည်။

“အောက်တိုဘာ မှာ တလ ဆေးရုံတက်ရတယ်။ လေဖြတ်သလိုဖြစ်ပြီး စကားသိပ်မပြောနိုင်တော့ဘူး။ ဆေးရုံမှာ တလနေပြီး ပြန်ဆင်းလာတယ်။ ရောဂါ ပြန်ဖောက်လာပြီးမှ ဆုံးသွားတာ” ဟု ဒေါက်တာနိုင်ပန်းလှ၏ သမီးတဦးဖြစ်သူ မိပေါ့ပ်က ပြောသည်။

ဖခင်ဖြစ်သူ ဒေါက်တာနိုင်ပန်းလှသည် မွန်ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုအတွက် များစွာလုပ်ဆောင်ပေးခဲ့သဖြင့် ဂုဏ်ယူကြောင်း မိပေါ့ပ်က ဆက်လက်ပြောပြသည်။

ဒေါက်တာနိုင်ပန်းလှသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးရှိ ပတ်လတ်ကျေးရွာမှ တွေ့ရှိရသည့် မွန်ပေမူကို အခြေပြု၍ မွန်နှင့် မြန်မာ ပေမူများ၊ ဦးကုလားရာဇဝင်၊ မှန်နန်းရာဇဝင်တို့နှင့် တိုက်ဆိုင်စစ်ဆေးကာ “ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း” ကို ပြုစုခဲ့ရာ နောက်အကျဆုံးနှင့် အပြည့်စုံဆုံး ကျမ်းအဖြစ် ထင်ရှားသည်။

ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကို ၁၉၅၈ ခုနှစ်တွင် မွန်ဘာဖြင့် ရှင်းလင်းချက်များနှင့်တကွ မြန်မာနိုင်ငံ သုတေသနအသင်းမှ ထုတ်ဝေခဲ့သည်။ နောင် ဆယ်နှစ် အကြာတွင်မှ မြန်မာဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့သည်။

ဒေါက်တာနိုင်ပန်းလှကို ကရင်ပြည်နယ်၊ ဂျိုင်းမြစ်ပေါ်ရှိ ကော့ဗိန်းရွာတွင် ၁၉၂၃ ခုနှစ်က မွေးဖွားခဲ့သည်။ မော်လမြိုင်မြို့ရှိ ကရင် ကေဘီအမ် အထက်တန်းကျောင်း၊ ရန်ကုန်မြို့ရှိ မြို့မ အထက်တန်းကျောင်းတို့တွင် ပညာသင်ယူသည်။

၁၉၅၃ ခုနှစ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန၌ မွန်ယဉ်ကျေးမှု အထက်တန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၅၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ဟားဗတ်တက္ကသိုလ်၌ အပြည်ပြည်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲအတွက် ၃ လကြာ သွားရောက်ခဲ့သည်။ ၁၉၈၆ တွင် အစိုးရဝန်ထမ်း အဖြစ်မှ အနားယူသည်။

၁၉၈၈ ခုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်၌ ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်ရင်း သမိုင်းနှင့် ယဉ်ကျေးမှု ဆိုင်ရာ စာအုပ် ၄ အုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည်။

၁၉၉၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်ရှိ Pacific Western တက္ကသိုလ်မှ ယဉ်ကျေးမှု မနုဿဗေဒ အထူးပြုဖြင့် B.Sc နှင့် Ph.D ဘွဲ့များကို ဂုဏ်ထူးနှင့် ရရှိခဲ့သည်။

၁၉၉၂ ခုနှစ်တွင် မွန်ဓမ္မသတ် ၁၁ မျိုးကို ကျမ်းပြုသဖြင့် ဥပဒေ ပါရဂူ (LL.D) ဘွဲ့ကို ယင်းတက္ကသိုလ်မှပင် ချီးမြှင့်ခြင်း ခံရသည်။

၁၉၉၄ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်းရှိ မေယိုတက္ကသိုလ်၌ အမြဲတမ်း ပါမောက္ခအဖြစ် အရှေ့တောင်အာရှ ယဉ်ကျေးမှုနှင့် သမိုင်းဘာသာရပ်များကို ပို့ချပေးခဲ့သည်။ မြန်မာ့ ရှေးဟောင်းသုတေသန ဦးစီးဌာနတွင်လည်း သုတေသနမှူးအဖြစ် ဆောင်ရွက်ခဲ့သေးသည်။

ဒေါက်တာ နိုင်ပန်းလှသည် အသက် ၇၀ နားနီးတွင်မှ အဆင့်မြင့်ဘွဲ့များကို ဆက်တိုက် ရရှိခဲ့ခြင်းဖြစ်သည်။

သတင်းမှတ်တမ်း ။ မူရင်း www.irrawaddy.org/bur

တပ်မတော် အတွင်းက ကြီးနိုင်ငယ်ညှင်း သတ်ဖြတ်မှု ။

တပ်မတော်အတွင်းမှာ အထက်အောက် ခွဲခြားမှုတွေ သိပ်များနေပါသလား။


မေမြို့နည်းပညာတက္ကသိုလ် (DSTA)က ဒုတိယနှစ်ကျောင်းသား ဗိုလ်လောင်း အောင်ကျော်ဖြိုးကို ဘုရင့်နောင် တပ်ခွဲ့(၉) ဗိုလ်လောင်း ၃ ဦးက ၀ိုင်းဝန်းထိုးကြိတ်ကြလို့ ဇွန် ၆ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။

ကျောင်းသားကြီးက ကျောင်းသားငယ်ကို အစဉ်အလာအတိုင်း အပိုးကြိုးအောင် ပုံစံပေးထိုးကြိတ်ရာမှာ ဗိုလ်လောင်း အောင်ကျော်ဖြိုးဟာ အစာစားပြီးစ ဖြစ်သည့်အတွက် အစားအစာတွေ ပြန်အန်ထွက်ပြီး သေဆုံးခဲ့တယ်လို့ တက္ကသိုလ်နဲ့ နည်းစပ်သူတယောက်က ဘီဘီစီ ကို သတင်းပေးပါတယ်။

ညှင်းပန်းသတ်ဖြတ်မှုနဲ့ စွတ်စွဲခံရသူ နှစ်ကြီးသမား သုံးယောက်ကို ဖမ်းဆီးချုပ်နှေင်ထားတယ်လို့ သိရပါတယ်။ ဒီတလ အတွင်းမှာဘဲ နောက်ထပ် အလားတူဖြစ်ရပ်တခုလည်း ဖြစ်ပွါးခဲ့ပါတယ်။

မလွန်ကို လေ့လာကွင်းဆင်းတဲ့ ကျောင်းသားထဲက ဘုရင့်နောင်တပ်ခွဲ(၁)က ကျောင်းသား ဗိုလ်စိုးမိုးအောင်ကို ၀ိုင်းဝန်း ထိုးကြိတ်ကြရာကနေ လက်လွန်ပြီး သေဆုံးသွားလို့ မနေ့ကပဲ ရက်လည်ဆွမ်း သွပ်ခဲ့ပါတယ်။

ဗိုလ်လောင်းသင်တန်းတွေမှာ အကြီးတန်းက အငယ်တန်းတွေကို ညီအကို စနစ်နဲ့ ဆုံးမပညာပေး အုပ်ချုပ်ကြတဲ့ စနစ်ရှိတယ်ဆိုပေမယ့် ဒီလိုသေဆုံးမှုတွေ ဗိုလ်လောင်း သင်တန်း တော်တော်များများမှာ တွေ့လာရတဲ့အတွက် လေ့ကျင့်ရေး သင်တန်းပေးမှုနဲ့ ညှင်းပန်း နှိပ်ဆက်မှု ခွဲခြားမရအောင် ဖြစ်နေပြီလားဆိုတာ မေးခွန်းထုတ်စရာတွေ ဖြစ်နေပါတယ်။

သတင်းမှတ်တမ်း မူရင်း ။ www.bbc.co.uk/burmese

Sunday, June 20, 2010

ဒေါ်အောင်ဆန်းစုကြည်(၆၅)နှစ်မြောက်မွေးနေ့နှင့် မြန်မာနိုင်ငံ အမျိုးသမီးနေ့ အခမ်းအနား(တိုကျို)





(၆၅)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နှင့် မြန်မာနိုင်ငံ အမျိုးသမီးများနေ အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၀ ခုနှစ် ဇွန်လ(၂၀)ရက်နေ့ တိုကျိုမြို့ Toshimaku, Kumi Center 5F မှာ မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်ဌာနခွဲ့)မှ ဦးစီး၍ ညနေ ၆း၀၀ နာရီ မှ ၉း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်မှာ မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်ဌာနခွဲ့) တာဝန်ခံ ဒေါ်ချိုချိုအေးမှ အဖွင့်အမှာစကား ပြောကြာပြီးသည့်နောက် အမျိုးသမီးများအဖွဲ့ချုပ် ( မြန်မာနိုင်ငံ )မှ ထုတ်ပြန်ကြေခြာသည့် ပြည်သူလူထုသို့ ပန်ကြားချက်ကို ဖတ်ကြားသွားပါသည်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ မိန်းခွန်းနှင့် နိုင်ငံရေးလှုပ်ရှားမှု ဗီဒီယိုရုပ်သံ မှတ်တမ်းတို့ကိုပြသသွားခဲ့ပြီး တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးမှ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ဂုဏ်ပြုအမှာစကား ပြောကြားခြင်း၊ ကဗျာရွတ်ဖတ် ဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ မြန်မာအမျိုးများ စုပေါင်း၍ မွေးနေ့ သီချင်းကို သီဆိုကြပြီး ဒေါ်အောင်ဆန်းစုကြည် ကျမ္မာပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ နှင့် အချုပ်အနှောင်မှ အမြန်ဆုံး လွတ်မြောက်ပါစေ စသည့် ကြွေးကြော်သံများနှင့် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံသား ၁၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

Saturday, June 19, 2010

ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနား(တိုကျို)




ရုပ်သံမှတ်တမ်း ။ maungwto

၂၀၁၀ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားကို တိုကျိုမြို့  ရှီဘူယ အရပ်ရှိ ကုလသမဂ္ဂ အဆောက်အဦးရှေ့၌ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (JAC)မှ ဦးစီး၍ ညနေ ၅း၀၀ နာရီ မှာ စတင်ကျင်းပပြုလုပ် ခဲ့ပါသည်။

မတရားအဖမ်းဆီး အကျဉ်းကျခံနေရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ရည်ရွယ်ပြီး ယခုလို ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါသည်။ အခမ်းအနား အစီအစဉ်မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ၊ ခရစ်ယာန်ဘာသာဆရာ နှင့် အစ္စလာမ်ဘာသာဝင်တို့မှ မိမိတို့ ဘာသာအလိုက် ဆုတောင်း မေတ္တာပို့သပေးခဲ့ကြပါသည်။

တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက ဂုဏ်ပြုအမှာစကား အသီးသီး ပြောကြားသွားခဲ့ကြပြီးသည့်နောက် တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြစ် ကဗျာရွတ်ဆိုခြင်းများ ၊ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နှုတ်ချက်များကို ဖတ်ကြားခြင်း ပြုလုပ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျမ္မာပါစေ စသည့်ကြွေးကြော်သံများဖြင့် အခမ်းအနားကို ညနေ ၆း၅၀ နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားတွင် ဂျပန်ရောက် မြန်မာနိုင်ငံသားများ (၂၅၀) ကျော်တက်ရောက်ခဲ့ကြပါသည်။

ယနေ့ မနက်ပိုင်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ ဇီဝိတဒါနငါးလွှတ်ခြင်း ၊ သွေးလှူဒန်းခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ လှုပ်ရှားမူ မှတ်တမ်းဓါတ်ပုံများကို http://www.moethaukkye.co.cc/ မှ သွားရောက်ကြည့်ရှုနိုင်ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

Friday, June 18, 2010

ပြည်ပရောက် မဲထည့်လိုသူ စာရင်း ကောက်ခံ

မြင့်မောင် သောကြာနေ့၊ ဇွန်လ ၁၈ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၃၈ မိနစ် .


နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနက် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ စာရင်းများကို မြန်မာသံရုံးများက စုဆောင်း ကောက်ခံလျက်ရှိသည်။

အမေရိကန်နိုင်ငံရှိ မြန်မာသံရုံးက ”၂ဝ၁ဝ ပြည့်နှစ်အတွင်း ကျင်းပမည့် လွှတ်တော် ရွေးကောက်ပွဲများ အတွက် ဆန္ဒမဲပေးနိုင်ရေးကိစ္စ’' ဟု ခေါင်းစဉ်တပ်ထားသော အကြောင်းကြားစာကို သံရုံးက တရားဝင် အသိအမှတ်ပြုထားသော မြန်မာနိုင်ငံသားများထံ လွန်ခဲ့သည့်လ ၂၆ ရက်ကတည်းက ပေးပို့ထားသည်။

မဲထည့်ခွင့်ရှိကာ မဲပေးလိုသူသည် အမည်၊ အသက်အရွယ်၊ ကျားမ၊ မှတ်ပုံတင်အမှတ်၊ သန်းခေါင်းစာရင်းပါ မြန်မာပြည်လိပ်စာတို့ကို ထဲ့သွင်းဖော်ပြ၍ သံရုံးသို့ အကြောင်းကြားရန် စာထဲတွင် ပါရှိသည်။ သို့သော်လည်း မည်သည့်နေ့ရက်တွင် နောက်ဆုံးထား ပေးပို့ရမည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

“အားလုံး တပြိုင်ထဲ ပို့တာမျိုး မဟုတ်ဘဲ သူတို့နိုင်သလောက် တရက်ပြီးတရက် ပို့နေတာ ဖြစ်နိုင်တယ်။ ကျနော်တို့က အခွန်ဆောင်စရာရှိတာ ဆောင်တယ်။ ကိုယ့်အလုပ် ကိုယ်လုပ်တယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားမှု မရှိဘူး။ ရှင်းရှင်းလေးပါပဲ တရားမဝင်တဲ့ အစိုးရကို တရားဝင်အောင် လုပ်နေတာပဲ” ဟု အမေရိကန်နိုင်ငံ ဝါရှန်တန်ဒီစီတွင် ၅ နှစ်ကြာ အလုပ်သမားပါမစ်ဖြင့် အလုပ်လုပ်ကိုင်သူ မြန်မာတဦးက မဇ္ဈိမကို ပြောသည်။

အကြောင်းကြားစာကို ဝါရှင်တန်ဒီစီနှင့် နယူးယောက်မြို့များရှိ မြန်မာအချို့ထံ ရောက်ရှိကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံတွင်မူ ပြီးခဲ့သည့်လ ၁၇ ရက်နေ့မှ စတင်ကာ ပညာတော်သင်များ၊ တရားဝင် အလုပ်သမားများထံ အကြောင်းကြားစာများ ပေးပို့ခဲ့ပြီး၊ ယခုလ ၃ ရက်နေ့ထက် နောက်မကျစေဘဲ ပြန်ကြားရမည်ဟု ဆိုထားသည်။ စာကို သံမတ်အကြီးကိုယ်စား သံရုံး ပထမအတွင်းဝန် ဦးဝေဇင်ထွန်းက လက်မှတ်ထိုးကာ စာတိုက်မှတဆင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံပြင်ပတွင် ရောက်ရှိနေသော ဝန်ထမ်းများနှင့် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နေထိုင်နေသူများထံမှ ဆန္ဒမဲ ရောက်ယူရမှာဖြစ်ပြီး သံရုံးများမှတဆင့် မဲပေးရမည်ဖြစ်သည်။

မလေးရှား၊ စင်္ကာပူနှင့် ဂျပန် စသည့် နိုင်ငံများတွင်လည်း ထိုကဲ့သို့ မဲပေးနိုင်သူ စာရင်းကောက်ခံနေကြောင်း သိရသည်။

ပြည်ပရောက်နေသူ မြန်မာနိုင်ငံသား သန်းနှင့်ချီ၍ ရှိနေပြီး ထိုင်းတနိုင်ငံထဲတွင်ပင် ရွှေ့ပြောင်းလုပ်သား အနည်းဆုံး ၂ သန်းခန့် ရှိနေသည့်အပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် မြန်မာဒုက္ခသည် ၁ သိန်းခွဲခန့်ရှိသည်။ အခြားသော အိမ်နီးချင်းနိုင်ငံအချို့ဖြစ်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျ၊ တရုတ်၊ မလေးရှားနှင့် စင်္ကာပူတို့တွင်လည်း အများအပြားရှိနေသည်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင်း မြန်မာ ၅ သောင်း တရားမဝင် ရွှေ့ပြောင်းလုပ်ကိုင်နေကြပြီး မလေးရှားတွင် ၁ သိန်းခွဲကျော် တရားဝင် လုပ်ကိုင်နေကြပြီး တရားမဝင်က ပိုမိုများပြားမည်ဟု ခန့်မှန်းရသည်။

အဝေးရောက် မြန်မာများအနက် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားခြင်းမရှိသူ အချိုးအစားက ပိုမိုလျက်ရှိရာ မြန်မာသံရုံးများက ထိရောက်စွာ လုပ်ကိုင်ပေးနိုင်မည် မဟုတ်ဟု ဝေဖန်သူများက ပြောသည်။

ထို့အပြင် ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေ ဆန္ဒခံယူပွဲအတွေ့အကြုံကဲ့သို့ပင် မဲလိမ်မှုများ ရှိနိုင်သည်ဟုလည်း သံသယရှိကြသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့တာဝန်ခံ ကိုသံဒုတ်က “သူတို့ဘက်အပိုင်း မဲလိမ်နိုင်အောင်လို့ အချက်အလက် စုဆောင်းတာလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြည်တွင်းပြည်ပ ကြိုတင်မဲများ အပါအဝင် ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်းဖြင့် စစ်အစိုးရက အတည်ပြုကြောင်း ကြေညာခဲ့သည်။

သတင်းမှတ်တမ်း မူရင်း ။ mizzimaburmese.com/news

မြန်မာ့ဂုဏ်ရည်ကိုဆောင်တဲ့ နိုင်ငံရဲ့ မီးရှူးတန်ဆောင်

NEJ / ၁၈ ဇွန် ၂၀၁၀
၂၀၁၀ ခုနှစ် ဇွန် (၁၉) ရက်နေ့တွင် ကျရောက်မည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏
(၆၅) နှစ်မြောက်မွေးနေ့အထိမ်းအမှတ် အမှတ်တရ အမှာစကားများအား

ခေတ်ပြိုင်မှ စုစည်းတင်ပြချက်။

ဦးတင်ဦး (ဒု- ဥက္ကဋ္ဌ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)

ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျနော်တို့ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထု တိုင်းရင်းသားအားလုံးတို့ရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား သွေးစည်းညီညွတ်ရေး အားလုံးအတွက် မီးရှူးတန်ဆောင်အနေနဲ့ ရှေ့ဆောင်လမ်းပြ ခေါင်းဆောင်လို့ ကျနော်က ဒီလိုပဲသတ်မှတ်ထားတယ်။ ဒီလိုပဲ ဂုဏ်ပြုချင်တယ်။ ဒါတင်မကသေးဘူး၊ နိုင်ငံတကာမှာလည်းပဲ ဒီမိုကရေစီအင်အားစုတွေ လူအဖွဲ့အစည်းအင်အားစုတွေအားလုံးရဲ့ မီးရှူးတန်ဆောင်လို ဖြစ်နေတယ်ဆိုတာကိုလည်းပဲ အသိအမှတ်ပြုခံနေရတဲ့အတွက် ဂုဏ်ယူတယ်ပေါ့။ နိုင်ငံတော်အတွက် ပေါ်ပေါက်လာတဲ့ မြန်မာ့ဂုဏ်ရည်ကိုဆောင်တဲ့ နိုင်ငံရဲ့ မီးရှူးတန်ဆောင်လို့ပဲ ဂုဏ်ပြုချင်ပါတယ်။

ဦးဝင်းတင်
(ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅) နှစ်မြောက်မွေးနေ့ပေါ့ဗျာ။ ဒီမွေးနေ့နဲ့ပတ်သက်ပြီးတော့ တပြည်လုံး တကမ္ဘာလုံးက ၀မ်းမြောက်ဝမ်းသာ ဂုဏ်ပြုနေကြတဲ့ နေ့ဖြစ်ပါတယ်။ ဒေါ်စုကလည်း အဲလို ဂုဏ်ပြုခြင်းကို ခံယူထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်က အများကြီးဖြည့်စွက်ပြီးလည်း ပြောစရာမလိုပါဘူး။ ကျနော်ကိုယ်တိုင်လည်း ၀မ်းမြောက်ဝမ်းသာ ဂုဏ်ပြုချင်သူတွေထဲမှာ တဦးအပါအ၀င် ဖြစ်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။

အမှန်တိုင်းပြောရရင် ကျနော်က ဒေါ်စုနဲ့ သိပ်ပြီး ရင်းရင်းနှီးနှီးသိသူမဟုတ်ဘူးခင်ဗျ။ ၁၉၈၈ ခု အရေးတော်ပုံကာလအတွင်းမှာ ကျနော်က စာနယ်ဇင်းသမဂ္ဂခေါင်းဆောင်တဦးနဲ့ ဒေါ်စုကို စတွေ့ပါတယ်။ နောက်ကျ ကျနော်လည်း အကြောင်းကြောင်းကြောင့် အန်အယ်လ်ဒီပါတီ စတင်တည်ထောင်တဲ့အထဲမှာ ပါသွားပါတယ်။ နောက် အန်အယ်လ်ဒီခေါင်းဆောင်တယောက်အနေနဲ့ ဒေါ်စုနဲ့တွဲပြီး နိုင်ငံရေးလုပ်တာ (၈) လ (၉) လလောက်ကြာပါတယ်။ အဲဒါပြီးတော့ ၈၉ ခုနှစ် ဇူလိုင် (၄) ရက်နေ့မှာ ကျနော် ထောင်ထဲရောက်သွားတာ အခု ကျနော်အပြင်ရောက်တဲ့ထိ ဒီနေ့ထိပဲ ဒေါ်စုနဲ့ ကျနော်နဲ့ မတွေ့တော့ဘူးဗျ။ ဒေါ်စုနဲ့ကျနော်နဲ့ မတွေ့တာ ရှေ့လဆို နှစ်ပေါင်း (၂၁) လောက်ဖြစ်သွားပြီဗျ။ ဒါကြောင့် ကျနော်က ဒေါ်စုကို ပုဂ္ဂိုလ်အရ ဘာမှ ထူးထူးခြားခြားကြီး သိပြီး ပြောစရာရှိတဲ့သူ မဟုတ်ပါဘူး။

ကျနော်ပြောချင်တာလေးတခုကတော့ ဒေါ်စုရဲ့ ခေါင်းဆောင်မှုစွမ်းရည်၊ ဒေါ်စုရဲ့ ရဲစွမ်းသတ္တိ၊ ဒေါ်စုရဲ့ ပုဂ္ဂိုလ်ရေးစွမ်းရည် အဲဒီလိုဟာတွေနဲ့ ပတ်သက်လို့တော့ ကျနော် အများပြည်သူများ ခံစားရသလို ကျနော်လည်း ခံစားကြည့်မိပြီးတော့ နားလည်တဲ့လူတယောက်လို့ ကျနော်ပြောလို့ရပါတယ်။ အဲဒီထဲက ထူးထူးခြားခြားလေး ကျနော်ပြောချင်တဲ့အချက်ကို လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်ကျော်လောက်ကနေပြီးတော့ ကျနော်ကဗျာတပုဒ်ရေးဖူးပါတယ်။ အဲဒီကဗျာလေးကို ကျနော် နည်းနည်းရှင်းပြချင်ပါတယ်။ အဲဒီကဗျာက ဘာလည်းဆိုတော့…

“ရဲ … ဇွဲ … ဉာဏ် … စည်း …တာ၊
မကြောက်တရား တေးကဗျာ …
မီးလျှံထဲက ကြာ”

ဆိုပြီးတော့ ကျနော်ရေးပါတယ်။ ထောင်ထဲမှာဆိုတော့ ဒီလို အတိုလေးရေးမှသာ နောက်ပိုင်းလည်း မှတ်မိတယ်၊ တယောက်နဲ့တယောက် ပြောဆိုတာလည်း လွယ်တယ်ဆိုပြီးတော့ တိုတိုလေးပဲ ရေးပါတယ်။ ဒီကဗျာထဲမှာပါတဲ့ အချို့အချက်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ရည်တွေကို ထည့်သွင်းပြီးတော့ ရေးတာဖြစ်ပါတယ်။

ဒီကဗျာကို နည်းနည်းလေး ရှင်းပြပါရစေ။

“ရဲ” ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ဟာ ရဲရင့်တယ်၊ ရဲစွမ်းသတ္တိရှိတယ်၊ ဒါကို ကျနော်ဆိုလိုခြင်းဖြစ်ပါတယ်။ ရဲ ဆိုတဲ့နေရာမှာ ဗုဒ္ဓဘာသာကျမ်းဂန်များနဲ့အညီ ပြောရမယ်ဆိုရင် ၀ီရိယရှိခြင်းကိုလည်း ရဲ ဆိုတဲ့အထဲမှာ ထည့်ချင်ပါတယ်။ ၀ီရိယရှိခြင်းဆိုတာ ရဲစွမ်းသတ္တိရှိခြင်း၊ နိုးကြားထကြွခြင်းဆိုတာတွေ အကုန်လုံးက အကျုံးဝင်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာလုပ်လုပ် အင်မတန်ရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်နိုင်တယ်။ အလားတူ အဲဒီရဲရင့်တဲ့ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အလွန်ကို ကြီးမားတဲ့ လုံလ၀ီရယလည်း ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။

နောက်တခု “ဇွဲ” ဆိုတာကတော့ လူတိုင်းသိနေကြတဲ့ ဇွဲကြီးခြင်း၊ မာန်ကြီးခြင်းပေါ့ဗျာ။ သို့သော် တဘက်ကနေပြောရင် ဇွဲ ဆိုတာ စွဲမြဲခြင်းကိုဆိုလိုတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်ကတည်းကနေပြီးတော့ မြန်မာပြည်မှာ ဒီမိုကရေစီနိုင်ငံတည်ဆောက်မယ်၊ ဒီမိုကရေစီအခွင့်အရေးတွေကို ဖော်ထုတ်မယ်၊ လူ့အခွင့်အရေးတွေကို ကာကွယ်မယ်ဆိုတဲ့၊ ပြည်ထောင်စုသစ်ကြီးကို တည်ဆောက်မယ်၊ တိုင်းရင်းသားတွေနဲ့ သွေးစည်းညီညွတ်ရေး၊ ပြန်လည်ရင်ကြားစေ့ရေး ဆိုတာမျိုးကို ထူထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်၊ နောက်အာဏာရှင်စနစ်ဆိုးကို ဖြိုဖျက်မယ်ဆိုတဲ့ ဦးတည်ချက်နဲ့ အလုပ်လုပ်လာခဲ့တဲ့ သူရဲ့နိုင်ငံရေးရည်မှန်းချက်တွေကို ဒီနေ့အထိလည်း စွဲစွဲမြဲမြဲ ကိုင်ဆောင်တုန်းပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်ကာလအတွင်းမှာ အကျဉ်းကျခံရတာ (၁၄) နှစ်ကျော်သွားပြီ။ သို့သော် အာဏာရှင်တွေဆီမှာ ဒူးထောက်ခြင်း၊ အညံ့ခံခြင်း၊ အာဏာရှင်တွေရဲ့ မျက်နှာချိုသွေးခြင်း၊ လူရာသွင်းခြင်းကို မခံဘဲနဲ့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် စွဲစွဲမြဲမြဲလုပ်တာကို ချုပ်ပြီးတော့ ကျနော်က “ဇွဲ” ဆိုတဲ့စကားလုံးကို သုံးတာပါ။

နောက် “ဉာဏ်” ဆိုတာကတော့ သိကြတဲ့အတိုင်းပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အလွန်ထူးချွန်တဲ့ အတွေးအခေါ်အယူအဆတွေ၊ ဉာဏ်ပညာတွေ အမြော်အမြင်တွေ ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးတခုတည်းတင် မဟုတ်ပါဘူး။ လူမှုရေးကိစ္စတွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ပတ်သက်လို့၊ တိုင်းပြည်ရဲ့စီးပွားရေးနဲ့ ပတ်သက်လို့၊ တိုင်းပြည်ရဲ့ပညာရေးနဲ့ပတ်သက်လို့၊ တိုင်းပြည်ရဲ့စည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်လို့ဆိုတဲ့ ကိစ္စတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဉာဏ်အမြော်အမြင်ဟာ အလွန်ကြီးမားတယ်လို့ ပြောချင်ပါတယ်။

နောက် “စည်း” ဆိုတာကို ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စည်းကမ်းကြီှးခြင်း၊ စည်းကမ်းသိခြင်း၊ စည်းကမ်းကို လိုက်နာခြင်း၊ စည်းကမ်းကို ညွှန်ပြခြင်းဆိုတဲ့ ပုဂ္ဂိုလ်ထဲမှာ ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။ ၁၉၈၈ သြဂုတ်လ (၂၄) ရက်နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးအကြိမ် ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ပါတယ်။ အဲဒါက ရန်ကုန်ဆေးရုံကြီးအတွင်းမှာ ထူထောင်ထားတဲ့ စာပေသမဂ္ဂစင်မြင့်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် စကားပြောတာ ဖြစ်ပါတယ်။ အဲဒီမိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီလိုချင်ရင် စည်းကမ်းရှိကြပါ ဆိုတဲ့စကားကို ပြောပါတယ်။ အဲဒါဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီဆိုတဲ့စကားကို အခုမှ ပြောခြင်းမဟုတ်ဘူး။ ဆိုလိုတာက ဒီမိုကရေစီဆိုတာဟာ လိုချင်ရင် စည်းကမ်းပြည့်ဝခြင်းနဲ့သာ တည်ဆောက်လို့ရမယ် ဆိုတာကို ပြောခြင်းဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ ရည်ရွယ်သလို တိုင်းပြည်လူထုကို ဖိနှိပ်ချုပ်ချယ်ဖို့၊ စည်းကမ်းနဲ့အကျပ်ကိုင်ဖို့ဆိုတဲ့ အကြံဆိုးတွေနဲ့ ပြောတဲ့စကားမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းကမ်းဆိုတာဟာ လူ့ဘ၀၊ လူ့လောက၊ လူ့အဖွဲ့အစည်း တည်ငြိမ်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ ကိုင်စွဲရှေးရှုတဲ့ စည်းကမ်းဖြစ်ပါတယ်။

နောက်ဆုံးစကားလုံး “တာ” ဆိုတာကတော့ တာဝန်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ စည်းကမ်းရှိရုံတင်မကဘူး။ တာဝန်သိတယ်၊ တာဝန်လည်းယူတယ်၊ တာဝန်ကိုခံတယ်။ အခုစစ်အစိုးရဆိုရင် သူက စည်းကမ်းရှိဖို့ပဲပြောတယ်။ လူတွေကို ကြိမ်ဆော်ချင်တဲ့ သဘောထားသာ ရှိပါတယ်။ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ဖို့ စည်းကမ်းတွေချဖို့သာ ရည်ရွယ်ပြီး စည်းကမ်းရှိတဲ့ ဒီမိုကရေစီဆိုပြီး ကြွေးကြော်နေတာ။ တာဝန်ယူမှု၊ တာဝန်သိမှု၊ တာဝန်ခံမှုဆိုတာတွေကျတော့ ဘာမှမရှိလို့ တိုင်းသူပြည်သားတွေဟာ ဒီနေ့အော်နေရပါတယ်၊ တိုင်းသူပြည်သားတခုလုံးဟာ ငိုမြည်းနေရပါတယ်၊ တိုင်းသူပြည်သားအားလုံးဟာ တုံးအောက်က ဖားလို ပြားပြားဝပ်နေရပါတယ်ဆိုတာကို ကျနော်ပြောချင်ပါတယ်။
အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ “ရဲ … ဇွဲ … ဉာဏ် … စည်း …တာ” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေး အရည်အချင်း၊ အယူအဆ၊ အတွေးအခေါ်၊ အကျင့်အကြံ အဲဒါတွေသာမကဘဲနဲ့ သူရဲ့ပုဂ္ဂိုလ်ရေး အတွေးအခေါ် အယူအဆ အကျင့်အကြံတွေလည်း အကျုံးဝင်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။

ကျန်တဲ့ ကဗျာထဲမှာပါတဲ့ “မကြောက်တရား တေးကဗျာ” ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း သူက မကြောက်တရားကို ဟောပါတယ်။ လူတွေကို မကြောက်ကြနဲ့၊ လူအချင်းချင်းလည်း မကြောက်ကြနဲ့၊ စနစ်ဆိုးတွေကိုလည်း မကြောက်ကြနဲ့၊ ထောင်လို လူတွေကို ညှဉ်းပန်းချုပ်ချယ်တဲ့ ဖိနှိပ်တဲ့ အရာဝတ္ထုကိုလည်း မကြောက်ကြနဲ့လို့ မကြောက်တရားကို ဟောပါတယ်။
အဲဒီ မကြောက်တရားဟာဆိုရင် ယနေ့ မြန်မာပြည်မှာ ပျံ့လွင့်နေတဲ့ မြန်မာပြည်သူတွေအားလုံး သီကျူးကြမယ့် တေးကဗျာဖြစ်တယ်လို့ ကျနော်တင်စားပြီး ပြောချင်ပါတယ်။

နောက်ဆုံးအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ “မီးလျှံထဲက ကြာ” လို့ ကျနော်ပြောတဲ့အကြောင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) ကျော်အတွင်းမှာ (၁၄) နှစ်လောက် ထောင်ထဲမှာ အကျဉ်းကျခံနေရတယ်။ အဲဒီလိုကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ထိလည်း ဒီမိုကရေစီအောင်လံကို လွှင့်ထူမြဲဖြစ်ပါတယ်။ ဒီမိုကရေစီပန်းတိုင်ဆီလည်း ရှေးရှုချီတက်မြဲဖြစ်ပါတယ်။ နောက် ပြည်သူလူထုနဲ့အတူလည်း တသားတည်း နေမြဲနေနေတဲ့ အချိန်ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဆိုတဲ့ စစ်ကျွန်ဘ၀ကို သက်ဆိုးရှည်စေမယ့် စစ်အာဏာရှင်စနစ်ကို တရားဝင်ပြုလုပ်မယ့် ဥပဒေလိုဟာမျိုးကို လူတွေတော်တော်များများဟာ ဆန့်ကျင်ဖို့အတွက် ပျက်ကွက်နေကြတယ်။ နောက်တခါ အဲဒီအခြေခံဥပဒေကို ပေါ်ပေါက်စေမယ့် ရွေးကောက်ပွဲကို ကြိုးစားနေကြတယ်။ အဲဒီရွေးကောက်ပွဲ ၀င်နိုင်အောင် ကိုယ့်ပါတီအဖွဲ့အစည်းကို မှတ်ပုံတင်နေကြတယ်။ ပါတီအဖွဲ့အစည်းအသစ်တွေ ထူထောင်ပြီတော့ မှတ်ပုံတင်နေကြတယ်ဆိုတဲ့ အချိန်အခါမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုမတရားတဲ့ ဥပဒေတွေကို ငြင်းပယ်တယ်ဆိုတာကို အတိအလင်း တိုင်းသိပြည်သိ ကြေညာပြီးဖြစ်ပါတယ်။ နောက်တခုက ရွေးကောက်ပွဲဥပဒေဟာ တရားမျှတခြင်းမရှိဘူး မတရားတဲ့ဥပဒေဖြစ်တယ်။ ဒါကြောင့် ပါတီကို ဘယ်တော့မှ မှတ်ပုံမတင်ဘူးဆိုတဲ့စကားမျိုးတွေ ထုတ်ဖော်ကြေညာပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားဟာ တကယ့်မီးပုံထဲမှာ ကြာပွင့်သလို ပွင့်နေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ တကယ်တော့ ဒီနေ့တိုင်းပြည်တပြည်လုံးဟာ မီးလျှံထဲမှာ ကျရောက်နေသလို ဖြစ်ပါတယ်။ သို့သော် အဲလို မီးလျှံထဲမှာတော့ တပွင့်သောကြာဟာ ပွင့်နေပါတယ်။ အဲဒါဟာဖြင့် ဒေါ်အောင်ဆန်းစုကြည်ပါပဲလို့ ကျနော်ပြောချင်ပါတယ်။

ဦးဉာဏ်ဝင်း (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)

(၆၅) နှစ်ဆိုတာ မငယ်ပါဘူး။ သို့သော် (၆၅) နှစ်ကာလ ရောက်တဲ့တိုင်အောင် ဇွဲ၊ သတ္တိ၊ ပညာနဲ့ ဦးဆောင်နေတဲ့ ကျနော်တို့ရဲ့ခေါင်းဆောင်ကြီး အသက်ရာကျော်ရှည်ဖို့ ဆုတောင်းလိုက်ပါတယ်။


ဦးအုံးကြိုင် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံပြည်သူများရဲ့ လေးစားကြည်ညိုဆုံး အားကိုးဆုံး ခေါင်းဆောင်ဖြစ်ပါတယ်။ အားကိုးလောက်အောင်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုအပေါ်မှာ မေတ္တာစေတနာတွေ ထားပြီးတော့ ပြည်သူလူထုအကျိုးအတွက် အခုထိ အနစ်နာခံပြီးတော့ ဆောင်ရွက်နေတာ တွေ့ရတဲ့အတွက်ကြောင့် ကျနော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တည်ရှိမှုဟာ မြန်မာပြည်သူလူထုအတွက် မီးရှူးတန်ဆောင်ကြီးဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် ရာသက်ပန် ကျန်းကျန်းမာမာနဲ့ ဆက်လက် ဆောင်ရွက်နိုင်ပါစေလို့ မွေးနေ့မှာ ကျနော်ဆုတောင်းချင်ပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုမှာ တိုင်းရင်းသားပြည်သူတရပ်လုံးဟာ သူ့ဖခင်အမျိုးသားခေါင်းဆောင်ကြီးတုန်းက လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ တညီတညွတ်တည်း တစည်းတလုံးတည်း အတက်ကြွဆုံး ကြိုးပမ်းကြပြီးတော့ ဒီမိုကရေစီအောင်ပန်းကို ကျနော်တို့ ဆွတ်ခူးနိုင်မယ်လို့ အပြည့်အ၀ ယုံကြည်ကြောင်းလည်း ပြောချင်ပါတယ်။

ဒေါက်တာမေ၀င်းမြင့် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရေးအတွက် နှစ်ပေါင်း (၂၀) ကျော်လုံးလုံး ဘ၀တခုလုံး ပေးဆပ်ထားပြီးတော့ အသက်စွန့်ရန် ၀န်မလေးတဲ့ တကယ့်ခေါင်းဆောင်ဖြစ်တယ်။ ဒါကြောင့် ဒေါ်စုကို ကျမအနေနဲ့ လေးစား ဂုဏ်ပြုပါတယ်။ ၁၉-၆-၂၀၁၀ မှာကျမယ့် ဒေါ်စုမွေးနေ့မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ကျမတို့အဖွဲ့ချုပ် အမျိုးသမီးအားလုံးကိုယ်စား ကျမအနေနဲ့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ကျမတို့ အဖွဲ့ချုပ်အမျိုးသမီးများအနေနဲ့ ဒေါ်စုရဲ့ဦးဆောင်မှုအောက်မှာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ လုပ်ဆောင်သွားမယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားပါတယ်။ ကျမတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅) နှစ်မြောက်မွေးနေ့မှာ ဒေါ်စုနဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မဖြူဖြူသင်း (ရန်ကုန်တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့တိုင်းဟာ မွေးနေ့ရှင်မပါဘဲ ကျင်းပခဲ့ရတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ဒါပေမယ့်လည်း ကျမတို့လူထုတွေအားလုံးကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ယနေ့တိုင် သူ့ရဲ့စွမ်းဆောင်မှုတွေ၊ သူ့ရဲ့ ခေါင်းဆောင်ပီသမှုတွေ၊ သူ့ရဲ့အနစ်နာခံမှုတွေကို မြန်မာပြည်တွင်းရှိပြည်သူတွေ အားလုံးကရော၊ တကမ္ဘာလုံးကရော မေ့မသွားဘဲနဲ့ နှစ်စဉ်ကျင်းပခဲ့ကြပါတယ်။ အဓိကကတော့ ကျမတို့မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်မှာ ပါဝင်ဆောင်ရွက်မှသာ ဖြစ်နိုင်မယ်လို့ အားလုံးကလည်း ယူဆကြတယ်။ ပြည်တွင်းမှာရှိတဲ့ ကျမတို့ ပြည်သူတွေအားလုံးကရော ဒေါ်အောင်ဆန်းစုကြည်ပါမှသာလျှင် တိုင်းပြည်ပြောင်းလဲမှုတွေအတွက်ကို ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် မကြာမီလွတ်မြောက်လာပြီး ကျမတို့ မြန်မာပြည်သူပြည်သား အားလုံးအတွက်၊ တိုင်းပြည်အတွက် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေ အမြန်ဆုံး ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဦးအေးသာအောင် (အတွင်းရေးမှူး)
ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ)

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံရေးမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်လာတာဆိုရင် အနှစ် (၂၀) လည်း ကျော်ခဲ့ပြီ။ အသက်လည်း (၆၅) နှစ် ရှိပြီ။ ဒါပေမယ့် ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရေးအတွက် တကယ့်အရေးပါတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဖြေရှင်းဆောင်ရွက်ပေးနိုင်တဲ့ ခေါင်းဆောင်တယောက် ဖြစ်တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ ဒါပေမယ့် လက်ရှိနအဖ စစ်ခေါင်းဆောင်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုနေတဲ့ အမျိုးသားရေးပြဿနာကို ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးရေးအရ အမျိုးသားရေးကိစ္စတွေမှာ ဆွေးနွေးဆောင်ရွက်ဖို့ ကိစ္စတွေကို လျစ်လျူရှုပယ်ချနေတာဟာ တကယ်တော့ တိုင်းပြည်အတွက်ရော ပြည်သူတွေအတွက်ရော အင်မတန်မှ နစ်နာတဲ့ စိတ်မကောင်းဖွယ်ရာ ကောင်းတဲ့အချက်တချက်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ နိုင်ငံရေးကိစ္စ နအဖက လျစ်လျူရှုပေမယ့် အခုမဟုတ်ပေမယ့် တနေ့တချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ကိုဖြစ်လာရမယ်လို့ ကျနော်အနေနဲ့ ယုံကြည်ပါတယ်။


သခင်ချန်ထွန်း (၀ါရင့်နိုင်ငံရေးသမားကြီး)

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူပြည်သား တရပ်လုံးက လိုလားတောင့်တနေတဲ့ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ ပြည်သူလူထုက ရွေးကောက်တင်မြောက်တဲ့အစိုးရ ဖွဲ့စည်းရေးအတွက် ဒီမိုကရေစီရရှိရေးကို ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ မိမိခင်ပွန်း သားသမီးတွေကိုပါ မငှဲ့ကွက်ဘဲနဲ့ တိုင်းပြည်အတွက်၊ ပြည်သူလူထု အကျိုးစီးပွားအတွက်၊ ဒီမိုကရေစီရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးမျိုး အနစ်နာခံပြီးတော့ ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပြီးတော့ သူလိုလားတောင့်တနေတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မူရင်း ။ www.khitpyaing.org

မြန်မာ အမျိုးသား သင့်မြတ်ရေး ကမ္ဘာ့ ၀ါရင့်ခေါင်းဆောင်တွေ တိုက်တွန်း

ကမ္ဘာ့ဝါရင့်ခေါင်းဆောင်ကြီးများ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားပြု ကုလားထိုင်နှင့် အမှတ်တရ ဓာတ်ပုံရိုက်ကြစဉ်။
ဓာတ်ပုံ Jeff Moore/The Elders

The Elders လို့ခေါ်တဲ့ ထင်ရှားတဲ့ ကမ္ဘာ့ ၀ါရင့်ခေါင်းဆောင်ကြီးတွေက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက် မွေးနေ့အကြိုအဖြစ် ကုလသမဂ္ဂက ကြီးမှူးပြီး မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲတရပ် ကျင်းပပေးပါရန် တောင်းဆိုလိုက်ကြပါတယ်။

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘာ့ဂ်မြို့မှာ ကျင်းပခဲ့တဲ့ The Elders အစည်းအဝေး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကိုယ်စား မြန်မာ့ပိုးပုဝါ လွှမ်းခြုံထားတဲ့ ကုလားထိုင် အလွတ်တလုံးကို ထည့်ပြီး ပြသထားပါတယ်။

တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) ထူထောင်ထားတဲ့ ထင်ရှားတဲ့ ကမ္ဘာ့ ၀ါရင့်ခေါင်းဆောင်ကြီးတွေက မြန်မာနိုင်ငံမှာ နိုင်ငံရေး ကန့်သတ် ချုပ်ချယ်မှုတွေကြောင့် ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ယုံကြည်ကိုးစားလောက်တဲ့ ရလဒ်တွေကို ဖော်ဆောင်ပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ကြပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ရင်ဆိုင်ကြရမယ့် လူထုအပေါ် စာနာ၊ ကရုဏာ သက်မိသလို မိမိတို့နိုင်ငံ အနာဂတ်အတွက် ရဲရင့်စွာ စွန့်လွှတ် ကြိုးပမ်းနေကြသူတွေကို ဂုဏ်ပြုကြောင်းလည်း ဖော်ပြထားပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုပြီး ကုလသမဂ္ဂ ဦးဆောင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တရပ် စတင်နိုင်ဖို့ စစ်အစိုးရ၊ ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေးနဲ့ တိုင်းရင်းသား အင်အားစုတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ အပါအ၀င် သက်ဆိုင်သူတွေကို ၀ိုင်းဝန်းကူညီကြပါရန် အာဆီယံနဲ့ နိုင်ငံတကာ မိသားစုကို ကမ္ဘာ့ ၀ါရင့်ခေါင်းဆောင်ကြီးတွေက တောင်းဆိုလိုက်ပါတယ်။

The Elders အဖွဲ့ထဲမှာ အမေရိကန် သမ္မတဟောင်း ဂျင်မီ ကာတာ (Jimmy Carter)၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် (Kofi Annan)၊ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး (Desmond Tutu) တို့လည်း ပါဝင်ပါတယ်။

မြန်မာစစ်အစိုးရက လူမဆန်တဲ့ ပြစ်မှုတွေ ကျူးလွန်နေသလား ဆိုတဲ့အပေါ် ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အဆိုပြုချက်ကို The Elders အဖွဲ့က ထောက်ခံခဲ့ပါတယ်။

သတင်းမှတ်တမ်း ။ By ဗွီအိုအေ (မြန်မာဌာန)

Thursday, June 17, 2010

ဒေါ်အောင်ဆန်းစုကြည်သာ အမျိုးသားပြဿနာကို ဖြေရှင်းနိုင်သူဖြစ်


မြတ်ခိုင်ဦး / ၁၇ ဇွန် ၂၀၁၀

ဒေါ်အောင်ဆန်းစုကြည်သာလျှင် တိုင်းပြည်၏ အမျိုးသားရေး၊ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည့် ယနေ့ကာလ၏ တဦးတည်းသော အမျိုးသားခေါင်းဆောင်ဖြစ်ကြောင်း ဖယ်ခုံမြို့နယ် အမတ် ခွန်မားကိုဘန်းက ယနေ့ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်မြောက် မွေးနေ့အကြို အခမ်းအနားတွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ကယားပြည်နယ်ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ ဖက်ဒရယ်ရေးရာဝန်ကြီး ကယားအမျိုးသား ခွန်မားကိုဘန်းက “မြန်မာပြည်မှာ အဓိကလူမျိုးကြီးတိုင်းရင်းသား (၈) မျိုးရှိတယ်။ ဒီလူတွေ အကုန်လုံးက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်။ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးခေါင်းဆောင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရေးခေါင်းဆောင်ဖြစ်တယ်။ သူတို့ရဲ့ပွင့်လင်းရိုးသားမှုကြောင့် အမျိုးသားခေါင်းဆောင်အဖြစ် အသိအမှတ်ပြုတာဖြစ်တယ်” ဟု ပြောဆိုသည်။

ဇွန် (၁၉) ရက်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များအသင်း ခန်းမ၌ကျင်းပရာ ထိုင်းနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး ရွန်ဟက် (ဖ်) မန်း အပါအဝင်၊ အမေရိကန်နှင့် ချက်(ဗ်) သံရုံးတို့မှ သံအရာရှိများ၊ ဒီမိုကရေစီနှင့်အမျိုးသားရေး တပ်ပေါင်းစု (၁၀) ဖွဲ့မှ ခေါင်းဆောင်များ၊ ထိုင်းနိုင်ငံ အထက်လွှတ်တော်နှင့် မြန်မာ့ရေးရာ အရှေ့တောင်အာရှ လွှတ်တော်အမတ်များ ဥက္ကဋ္ဌ ခရိုင်ဆတ်ချွန်ဟာဗန်တို့ တက်ရောက်ကြသည်။

အခမ်းအနားတက်ရောက်သည့် ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်ကလည်း “သူမဟာ အိမ်အကျယ်ချုပ်ကျနေပေမယ့် လူတွေကတော့ သူမမွေးနေ့ကို ကျင်းပနေကြတယ်။ သူမရဲ့သဘောထား အမြင်အားလုံးဟာ မြန်မာပြည်သူတွေကို ကိုယ်စားပြုနေတာပဲဖြစ်တယ်။ ကျမတို့အားလုံး လိုလားတာကတော့ မြန်မာပြည်သူတွေဟာ သူတို့နှစ်သက်တဲ့သူကို ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲပဲ လိုလားပါတယ်” ဟု မွေးနေ့ဆုတောင်းတွင် ထည့်သွင်း ပြောကြားသွားသည်။

ကနေဒါသံအမတ်ကြီးနှင့် အမေရိကန်၊ ချက်(ဗ်) သံရုံးတို့မှ ဆုတောင်းစကားများ ပြောကြားပြီးနောက် ခရိုင်ဆတ်ချွန်ဟာဗန်က အရှေ့တောင်အာရှ အမတ်များ၏ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းသဝဏ်လွှာများကို စုစည်းတင်ပြသည်။

၎င်းက “ကျနော်တို့ဟာ ဒီလိုမွေးနေ့ပေါင်းများစွာကို သူမ မပါဘဲ၊ သူမကို လက်ဆွဲနှုတ်ဆက်ခွင့်မရဘဲ ကြိမ်ဖန်များစွာ ကျင်းပခဲ့ရပါတယ်။ ဒါဟာ အလွန့်အလွန်ကို ဝမ်းနည်းကြေကွဲစရာ ကောင်းပါတယ်။ ဒီကနေ့ဆိုရင် ကျနော်တို့ ထိုင်းနိုင်ငံထဲမှာ မြန်မာပြည်သားတွေ အများကြီးရှိပါတယ်။ သူတို့ဟာ ဒီလိုနေခွင့်ရရုံမက အလုပ်လုပ်ကိုင်ခွင့်၊ လူ့အခွင့်အရေးနဲ့ ပညာသင်ကြားခွင့်တွေလည်း ပိုမိုရရှိသင့်ပါတယ်” ဟုလည်း ထည့်သွင်းပြောကြားသွားသည်။

ထို့နောက် အခမ်းအနားတွင် မေလ (၂၇) ရက်နေ့မှစတင်၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြုလုပ်ခဲ့သည့် “လူထုရွေးကောက်ပွဲနှင့် စစ်တပ်မှရွေးချယ်ပွဲ” ဟုဆိုသော ရွေးကောက်ပွဲအပေါ် သဘောထားရလဒ်အား တပ်ပေါင်းစုကိုယ်စားလှယ်နှစ်ဦးက ရှင်းလင်းတင်ပြရာ နိုင်ငံပေါင်း (၁၃) နိုင်ငံ၌ လူပေါင်း (၃၉,၀၀၀) ကျော်က ပါဝင်ဆန္ဒပြု ထုတ်ဖော်ကြောင်း သိရသည်။

ညနေပိုင်းတွင် “မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အမျိုးသမီးများ၏ အသံများ” ဆိုသည့် မြန်မာအမျိုးသမီးများ၏ ရင်တွင်းခံစားချက်များကို တင်ပြထားသည့် စာညွှန်းနှင့် ဝတ္ထုတိုပေါင်း (၁၁၁) ပုဒ်ပါဝင်သည့် စာအုပ်ကို မွေးနေ့အထိမ်းအမှတ်အဖြစ် အာဆီယံစင်ပြိုင် (Altsean) အဖွဲ့ကြီးက ထုတ်ဝေလိုက်သည်။

အဆိုပါစာအုပ်သည် ရေခြားမြေခြားအပါအဝင် ယနေ့မြန်မာအမျိုးသမီးထု တရပ်လုံးခံစားနေရသည့် အရေးအရာများကို ထင်ဟပ်ဖော်ပြထားပြီး “သမီးရဲ့မိဘနှစ်ပါးက သမီးကို ထိုင်းနိုင်ငံမှာ မွေးဖွားခဲ့ကြပါတယ်။ သမီးမှာ အစ်ကိုနှစ်ယောက်လည်းရှိပါတယ်။ သူတို့ကိုလည်း ထိုင်းနိုင်ငံမှာပဲ မွေးဖွားခဲ့ကြတာပါ။ ဒါပေမယ့် သမီးတို့က ထိုင်းလူမျိုးတော့ မဟုတ်ကြပါဘူး။ မြန်မာနိုင်ငံကလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်” စသော သန့်ရှင်းပွင့်လင်းမှုများဖြင့် ရေးဖွဲ့ထားသော အမျိုးသမီးများ၏အသံကို ကိုယ်စားပြုကြောင်း တွေ့ရှိရသည်။

သတင်းမှတ်တမ်း မူရင်း (www.khitpyaing.org/)

Wednesday, June 16, 2010

ဗြိတိန် အစိုးရ က ချင်းပြည်နယ် အတွင်း သောက်သုံးရေ ရရှိရေး ထောက်ပံ့ ကူညီ ။


မြန်မာ နိုင်ငံ ဆိုင်ရာ ဗြိတိန် သံရုံး ၏ အသေးစား စီမံကိန်း များ ထောက်ပံ့ ကူညီရေး အစီ အစဉ်ဖြင့် ချင်းပြည်နယ် အတွင်း သောက်သုံးရေ ရရှိရန် လိုအပ် နေသော လောက်သူ ခရိုင်၊ နုရိန်း ကျေးရွာ ၌ အမေရိကန် ဒေါ်လာ၂ သောင်း ကုန်ကျမည့် သောက်သုံးရေ ရရှိ နိုင်သည့် စီမံကိန်း ဆောင်ရွက် ခဲ့ကြောင်း ဗြိတိန် သံရုံး၏ သတင်း ထုတ်ပြန် ချက်တွင် ဖော်ပြ ထားသည်။ နုရိန်းကျေးရွာ သည် ဟာခါးမြို့နှင့် ၈၉ မိုင် အကွာ၊ လောက်သူခရိုင် အတွင်းရှိ တောင်ပေါ် ကျေးရွာ တစ်ခု ဖြစ်ပြီး၊ အဝီစိရေ (သို့) လက်တုံကင်မှ သောက်သုံးရေ ရရှိ နိုင်ရန် ခက်ခဲ သောကြောင့် ယင်း ကျေးရွာ နှင့် ၁၂ မိုင် ကွာဝေးသော လုံးသ၊ မော်ဗူးကိန်း နှင့် ဖုန်ဘု ပုချောင်းများမှ ရေများကို ပိုက်များဖြင့် ဆင်သွယ်ကာ ကျေးရွာအထိ သွယ်တန်း ရယူခြင်း ဖြစ်သည်။

၎င်း အပြင် ချင်းပြည်နယ် အတွင်း အခြား ကျေးရွာ များတွင် ယင်လုံ အိမ်သာများ ဆောက်လုပ် ပေးရန်လည်း ဆောင်ရွက်လျက် ရှိသည်။ အဆိုပါ စီမံကိန်းကို ချင်းပြည်နယ် အတွင်း ဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် CAD (Country Agency For Rural Development) နှင့် ပူးပေါင်း ကာ ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။ ဗြိတိန် သံရုံး၏ အသေးစား စီမံကိန်းများ ထောက်ပံ့ ကူညီရေး အစီအစဉ် မှ မြန်မာနိုင်ငံ အတွင်း လူမှု ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် နေသည့် အဖွဲ အစည်း များသို့ ၂၀ဝ၉- ၂၀၁၀ ခုနှစ် အတွင်း စတာ လင်ပေါင် ၂ သိန်းကျော် ကူညီ ထောက်ပံ့ပေး ခဲ့ပြီး ဖြစ်ကြောင်း ယင်းသတင်း ထုတ်ပြန် ချက်တွင် ထည့် သွင်း ဖော်ပြ ထားသည်။ ကျွန်တော်တို့ရဲ ရည်ရွယ်ချက် က မြန်မာနိုင်ငံ အတွင်း မှာ ရှိတဲ့ လူမှု အဖွဲ့အစည်း တွေ ဖွံ့ဖြိုးဖို့ အတွက် လိုအပ်တဲ့ အကူ အညီ တွေကို ပံပိုး ထောက်ပံ့ ပေးလျက် ရှိပြီး ဒီအကူ အညီနဲ့ ဘယ်လောက်အထိ အောင်မြင်မှု ရမယ် ဆိုတာ ကတော့ ခန့်မှန်းလို့ မရသေးကြောင်း ဗြိတိန် သံရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

သတင်းမူရင်း ။ http://www.htwd.info/

ထိုးစစ်မလာစေရန် စစ်ဦးချိုးခြင်းဖြစ်ဟု KNLA ပြော ။

ကျော်ခ အင်္ဂါနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၀ မိနစ် .

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရတပ်များက ထိုးစစ်ဆင်မည်ဟူသော သတင်းကြောင့် လက်ဦးမှုအရယူကာ စစ်ဦးကျိုးစေရန်အတွက် တိုက်ခိုက်မှု လုပ်ခဲ့သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် အစည်းအရုံး KNLA က ပြောသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ မြဝတီနှင့် ကော့ကရိတ်မြို့နယ် ဒေသတွင်း၌ လှုပ်ရှားနေသည့် စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် - စကခ ၈ လက်အောက်ခံတပ်များက ကရင်အဖွဲ့အပေါ် တိုက်ခိုက်ရန် စီစဉ်နေခြင်းကြောင့် ရက်သတ္တပတ်တပတ်အတွင်း ခြုံခိုတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ကရင်တပ်မဟာ ၆ နယ်မြေအတွင်း ထိုးစစ်ဆင်ရန် နေပြည်တော်က ညွှန်ကြားမှုများရှိခဲ့သည်ဟု ထောက်လှမ်းရေးသတင်းများကို ကိုးကား၍ KNLA တပ်မဟာ ၆ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးထဲနေက ပြောသည်။

ယမန်နေ့က မွန်ပြည်နယ် ဘုရားသုံးဆူမြို့နယ်တွင် ခြေမြန်တပ်ရင်း ၂၈၄ ၏ အင်အား ၆ဝ ခန့်နှင့် ကရင်ပြောက်ကျားတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အစိုးရတပ်ဘက်မှ စစ်သား ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း KNLA ကပြောသည်။ သီးခြားအတည်ပြုချက်မရနိုင်ပါ။

ထို့အပြင် ယခုလ ၁ဝ ရက်နေ့က စကခ ၈ လက်အောက်ခံ တပ်ရင်းများနှင့် KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်းတခုတို့ တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်ဘက်က ကျဆုံးမှု ၁၃ ယောက်ရှိခဲ့ပြီး ၂၁ ဦးဒဏ်ရာရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ဘုရားသုံးဆူနှင့် သံဖြူဇရပ်သို့ သွားသည့် ကားလမ်းမပေါ်တွင် လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်ကားတစီးထဲသို့ ကရင်ပျောက်ကြား များက လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ထိုနေ့မှာပင် ဘုရားသုံးဆူမြို့နယ်တွင်းရှိ မြိုင်သာယာ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးရာ နအဖတပ်က တဦးသေ၍ သုံးဦးဒဏ်ရာရသည်ဟု KNLA ဘက်က ပြောသည်။

“ကျနော်တို့ဘက်က ပြောက်ကျားဆိုတော့ ၂-၃ ယောက်လောက်နဲ့ ထိအောင်ပစ်၊ လွတ်အောင်ရှောင်၊ လုံအောင်ပုန်းပဲဟာ။ နယ်မြေအရလည်း ကျွမ်းပြီးသားလေ” ဟု ဗိုလ်ကြီးထဲနေက ပြောသည်။

လေ့လာသူများအဆိုအရ ကရင်လက်နက်ကိုင်တပ်များသည် ပျောက်ကြားစစ်တွင် ပိုမိုကျွမ်းကျင်မှုရှိပြီး နယ်မြေခံလူထု၏ ထောက်ခံမှု ပိုမိုရခြင်းကြောင့် ပျောက်ကြားစစ်တွင် အသာရလေ့ရှိသည်။

KNLA သည် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နှစ် ၆ဝ ကျော် လက်နက်ကိုင်တော်လှန်နေသော ကရင်အမျိုးသား အစည်းအရုံး၏ စစ်တပ်ဖြစ်သည်။

သတင်းမှတ်တမ်း ။ မှူုင်း ( mizzimaburmese.com/news )

Tuesday, June 15, 2010

လူကုန်ကူးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံ အဆိုးဆုံးအဆင့် ၃ စာရင်းဝင် ။


By ဒေါ်လှလှသန်း တနင်္လာ, 14 ဇွန် 2010

တနင်္လာနေ့တုန်းက ထုတ်ပြန်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာ ဒီနှစ်မှာလည်း အဆိုးဆုံး အဆင့် ၃ မှာ ၁၀ နှစ်ဆက်တိုက် စာရင်းသွင်းတာကို ခံခဲ့ရပါတယ်။ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်မှုမှာ သက်ဆိုင်ရာ အစိုးရအနေနဲ့ အားနည်းတဲ့အတွက် အခုလို အဆိုးဆုံး နိုင်ငံတွေရဲ့ စာရင်းထဲမှာ ထည့်သွင်းခံရတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက လွှတ်တော်ရဲ့ ဥပဒေ ပြဋ္ဌာန်းချက်အရ လွန်ခဲ့တဲ့ ၁၀ နှစ်က စတင်ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာမှာ ဒီနှစ်မှာတော့ နိုင်ငံပေါင်း ၁၇၇ နိုင်ငံက အခြေအနေကို လေ့လာပြီး ထုတ်ပြန်ခဲ့ရာမှာ အဆင့် ၃ ကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ နိုင်ငံတကာအဆင့် စံနှုန်း အနိမ့်ဆုံးကို မမီတဲ့ နိုင်ငံတွေကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒီနှစ် မြန်မာ၊ အီရန်၊ မြောက်ကိုရီးယား၊ ကျူးဘား အစရှိတဲ့ ၁၃ နိုင်ငံတို့ ပါဝင်ရာမှာ မြန်မာကတော့ ၁၀ နှစ်ဆက်တိုက် အဆင့် ၃ မှာ စာရင်းတင် ခံရတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာကို ထုတ်ပြန်တဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောခဲ့ပါတယ်။

“ဒီအစီရင်ခံစာမှာ မှတ်တမ်းတင် ဖော်ပြထားတဲ့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်တွေကို ကမ္ဘာက ဆက်ပြီး လက်မခံသင့်တော့ပါဘူး။ ဒီအစီရင်ခံစာဟာ ချီးကျူးစရာ၊ အသိအမှတ်ပြုစရာ ဖြစ်ပါတယ်။ အကြောင်းကတော့ မျှော်လင့်ချက်ပေးသလို အရေးယူ ဆောင်ရွက်ရမယ် ဆိုတာကိုလည်း ဆော်သြရာ ရောက်ပါတယ်။ မျှော်လင့်ချက်ထားပြီး အရေးယူ ဆောင်ရွက်မှု မရှိရင် အကျိုးမရှိပါဘူး။ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်တွေကို ပြောင်းလဲစေဖို့ အရေးယူ ဆောင်ရွက်နိုင်ဖို့က အရေးကြီးပါတယ်။”

မြန်မာနိုင်ငံအနေနဲ့ အဆင့် ၃ မှာ နှစ်နဲ့ချီ ဆက်တိုက် ပါဝင်နေရခြင်း အကြောင်းရင်းနဲ့ ပတ်သက်လို့ နယူးယောက်ခ် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ အကြီးတန်း သုတေသီ နီရှာ ဗာရီယာ (Nisha Varia) ကတော့ အခုလို ဗွီအိုအေကို ပြောခဲ့ပါတယ်။

“ဒီလို အခြေအနေမျိုးမှာ အဓိက အကဲစမ်းမှုကြီးကတော့ မြန်မာစစ်အစိုးရ အနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဟာ ဦးစားပေး လုပ်ဆောင်ရမယ့် ပြဿနာ ဆိုတာကို နားလည် လက်ခံရမှာ ဖြစ်ပါတယ်။ အခုချိန်ထိ မြန်မာစစ်အစိုးရက တခြားအစိုးရတွေ တုံ့ပြန်ခဲ့သလိုမျိုး အရေးယူ ဆောင်ရွက်မှုမျိုး မတွေ့ရပါဘူး။ ၁၀ နှစ်တာကာလကို ကြည့်ရင် စာရင်းသွင်းခံရတဲ့ တခြားနိုင်ငံ အတော်များများဟာ ဘယ်လို ပြုပြင်ရမလဲဆိုတာကို နည်းလမ်းရှာခဲ့ကြပါတယ်။ မြန်မာအစိုးရကတော့ အရေးယူ ဆောင်ရွက်ရာမှာ ဦးစား မပေးခဲ့ပါဘူး။ အလေးထား ဖြေရှင်းရမယ် ဆိုတာကို မြန်မာစစ်အစိုးရ သဘောပေါက်ဖို့ လိုပါတယ်။”

လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ အနိမ့်ဆုံး အဆင့် ၃ မှာ နှစ်တွေ ဆက်တိုက်ချီ ပါဝင်ခဲ့ပြီး သိသာတဲ့ အရေးယူ ဆောင်ရွက်မှုမျိုး သက်ဆိုင်ရာ နိုင်ငံအနေနဲ့ မယူရင် အထောက်အကူပေးမှု ဖြတ်တောက်မှု အပါအ၀င် ဒဏ်ခတ် အရေးယူမှုတွေ ရင်ဆိုင်ရဖွယ် ရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ကတော့ လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေကြောင့် အမေရိကန် ပြည်ထောင်စုက ကနဦးကတည်းက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီး ဖြစ်တဲ့အတွက်ကြောင့်လည်း ဒီ့ထက်တိုးပြီး ချမှတ်နိုင်ရေးကတော့ စဉ်းစားရ ခက်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံ အနေနဲ့ လူကုန်ကူး ခံရသူတွေထွက်တဲ့ ပင်ရင်းနိုင်ငံအဖြစ် တွေ့ရှိရတယ်လို့ သတ်မှတ်ထားပြီး အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ပြည့်တန်ဆာ လုပ်ငန်းတွေ၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု ခံရဖို့အတွက် လူကုန်ကူး ခံကြရပြီး မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြဿနာတွေကို စနစ်တကျ ဖြေရှင်းပေးနိုင်စွမ်း မရှိတဲ့ အတွက်လည်း မြန်မာလူမျိုး အများစုဟာ အိမ်နီးချင်း နိုင်ငံတွေမှာ လူကုန်ကူးခံရတာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အကြီးတန်း သုတေသီ မစ်စ် ဗာရီယာကတော့…

“လူကုန်ကူးမှု တိုက်ဖျက်ရာမှာ မြန်မာစစ်အစိုးရဘက်က အရေးယူ ဆောင်ရွက်ဖို့ မအောင်မြင်ခဲ့တဲ့ နိုင်ငံမှာ သာဓက ဖြစ်ပါတယ်။ လူကုန်ကူးမှု ဟန့်တားရာမှာ၊ ကျူးလွန်သူတွေကို အရေးယူရာမှာ၊ လူကုန်ကူး ခံရသူတွေအတွက် ကယ်ဆယ်ရေး အထောက်အကူ ပေးရာမှာလည်း မအောင်မြင်ခဲ့ပါဘူး။ မြန်မာနိုင်ငံအတွင်းမှာ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းဖို့၊ ကလေးစစ်သားတွေအဖြစ် အသုံးပြုဖို့ လူကုန်ကူးတာတွေ ရှိတဲ့အပြင် မြန်မာ့အိမ်နီးချင်း နိုင်ငံတွေ ဖြစ်ကြတဲ့ ထိုင်း၊ မလေးရှား၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ တောင်ကိုရီးယား စတဲ့နိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်ရာမှာလည်း အိမ်ဖော်လုပ်ငန်းတွေနဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေမှာ ကြွေးတင် ကျွန်ဖြစ်ရတဲ့ ဖြစ်ရပ်တွေ ရှိနေပါတယ်။”

လူကုန်ကူးမှုနဲ့ ပတ်သက်လို့ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေအပြင် ပြည်တွင်းမှာလည်း အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ကလေးစစ်သားများ အသုံးပြုမှုဟာ အဓိက ပြဿနာတရပ် ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

မြန်မာစစ်အစိုးရ အနေနဲ့ အရပ်ဘက်နဲ့ တပ်တွင်းမှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုကို ရပ်တန့်ပြီး ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ကြီးအပြင် အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်ကာ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေတွေကို ချမှတ်ပြီး ဥပဒေကို ကျူးလွန် ချိုးဖောက်သူတွေ၊ လူကုန်ကူးမှုအတွက် အဂတိ လိုက်စားသူတွေ၊ လာဘ်စားသူတွေကို ထိထိရောက်ရောက် အရေးယူ ပေးဖို့နဲ့ လူကုန်ကူး ခံရသူတွေကိုလည်း လူ့အဖွဲ့အစည်းအတွင်း ပြန်ဝင်ဆံ့နိုင်ရေးအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးဖို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားတာ တွေ့ရပါတယ်။

သတင်းမူရင်း ။ voanews.com/burmese/news/