Wednesday, December 29, 2010

စီးပွါးရေး လုပ်ကြမယ့် နိုင်ငံရေးပါတီတွေ

စီးပွါးရေး လုပ်မယ့် မတူညီကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ

စီးပွါးရေး လုပ်ဖို့ပြင်ဆင် နေကြတဲ့ နိုင်ငံရေးပါတီများရဲ့ စာရင်းထဲမှာ မတူညီကွဲပြားခြင်းနဲ့ ခြိမ်းချမ်းရေး ပါတီလည်း ပါဝင်လာပါတယ်။ မတူညီကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီက သူတို့လုပ်ကိုင်မယ့် စီးပွါးရေး လုပ်ငန်းတွေအတွက် လူတွေကို အစုရှယ်ယာဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

သူတို့ပါတီလုပ်မယ့် စီးပွါးရေးလုပ်ငန်းတွေကတော့ ဆောက်လုပ်ရေး ဆန်စပါးလုပ်ငန်းနဲ့ ရေလုပ်ငန်းတွေ ဖြစ်ပြီး အများပြည်သူ အနေနဲ့ အစုရှယ်ယာအကြောင်း ဈေးကွက် စီးပွါးရေးအကြောင်း နားလည်ဖို့အတွက် ရည်ရွယ်ပြီး အခုလို အစုရှယ်ယာတွေ ခေါ်တာဖြစ်တယ်လို့ မတူညီကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီအတွင်းရေးမှူး ဦးနေမျိုးဝေက ပြောပါတယ်။

နိုင်ငံရေးပါတီတွေက စီးပွါးရေးလုပ်လို့ လူထုအကျိုးထက် ပါတီအကျိုး ပိုပြီး ကြည့်သွားတာမျိုးတွေဟာ ရှိကောင်းရှိလာမှာ ဖြစ်ပေမယ့် ဒါကို လွတ်လပ်တဲ့ သတင်းမီဒီယာက ထောက်ပြပြီး ထိန်းညှိလို့ရ နိုင်မယ်လို့ ထင်မြင်တဲ့ အကြောင်းလည်း ဘီဘီစီကို ပြောပါတယ်။

ဒီလို ရွေးကောက်ပွဲ နိုင်ငံရေး ပါတီတချို့ စီးပွါးရေး လုပ်ငန်းတွေ လုပ်ဖို့ပြင်ဆင် နေတဲ့အပေါ် ၁၉၉၀ ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်း ပုလဲ မဲဆန္ဒနယ် အမှတ် ၂ ကနေ အနိုင်ရရှိခဲ့တဲ့ လွတ်တော် အမတ်လည်းဖြစ် NCGUB အမျိုးသား ညွန့်ပေါင်း အစိုးရကလည်း ဖြစ်တဲ့ ဒေါက်တာ တင့်ဆွေက နအဖ စစ်အစိုးရဟာ သူကိုဆန့်ကျင်တဲ့ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေကို အပစ်အခတ် ရပ်စဲစေပြီး စီးပွါးရေး လုပ်ငန်းတွေ လုပ်ခွင့်ပေးတဲ့ နည်းနဲ့ ခွဲထုတ်ပစ်ခဲ့သလိုပဲ ၂၀၁၀ မှာလည်း မြေပေါ်နိုင်ငံရေး အင်အားစု တွေအကြား ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေကို စီးပွါးရေး လုပ်ငန်းတွေ ခွင့်ပေးပြီး ခွဲထုတ်ဖို့ သိမ်းသွင်း ဖြားယောင်းတဲ့ အခင်းအကျင်းတခုလို့ သူမြင်တဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

သတင်းရင်းမြစ် _ ဘီဘီစီ

0 comments: