Thursday, September 23, 2010

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ပြီ


မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ဖော်ထုတ်နေတဲ့ အဖွဲ့အစည်း ၁၃ ဖွဲ့ စုပေါင်းပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်မှု အခြေအနေတွေကို ဖော်ထုတ်နေတဲ့ အစီရင်ခံစာ တစ်စောင် ထွက်လာပါတယ်။

စုပေါင်းအဖွဲ့ရဲ့နာမည်က မြန်မာလူ့အခွင့်အရေး မှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) (ND Burma) ဖြစ်ပါတယ်။ 


၂၀၁၀ ဇန်န၀ါရီလကနေ ဇူလှိုင်လထိ လူ့အခွင့်အရေး ချိုးဖေါက်မှု ၃၅၂ မှု တွေ့ရှိခဲ့တယ်လို့ ND Burma ရဲ့ အကြံပေး အဖွဲ့ဝင်လည်းဖြစ် ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက အမှုဆောင်တစ်ဦးလည်းဖြစ်တဲ့ ဦးတိတ်နိုင်က ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေမှာ ဥပမာ သတင်း အယ်ဒီတာ ကိုညီညီထွန်းကို လူမဆန်စွာ ညှင်းပန်းနှိပ်စက် သိက္ခာချမှုလို ဖြစ်စဉ်တွေကိုလည်း အစီရင်ခံစာမှာ အသေးစိတ် ဖော်ပြထားတာ တွေ့ရပါတယ်။

တချိန်တည်းမှာပဲ ကုသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၁၅ ကြိမ်မြောက် အစည်းအဝေး ဆွတ်ဇာလန်နိုင်ငံ ဂျာနီဗာမြို့မှာ ဒီလလယ်ကစလို့ ကျင်းပနေရာမှာ မြန်မာရိုဟင်ဂျာအသင်း ယူကေက ဦးထွန်းခင်လည်း မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအကြောင်းကို ဗုဒ်ဓဟူးနေ့က သွားရောက် ဆွေးနွေးခဲ့ပါတယ်။ ကုလသမဂ္ဂကနေ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဦးထွန်းခင်က ပြောပါတယ်။

ဒီလိုကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ အတိအလင်း ထောက်ခံတဲ့နိုင်ငံ ၉ နိုင်ငံရှိနေပြီး ဒီအထဲမှာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန် နဲ့ ပြင်သစ် တို့ပါဝင်ပါတယ်။

အလားတူ ဂျပန်ကလည်း ထောက်ခံ အားပေးသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) နဲ့ အခြားလူ့အခွင့်အရေးအဖွဲ့ ၅ ခုက ဂျပန်အစိုးရထံ အိပ်ဖွင့်ပေးစာပေးပြီး တောင်းဆိုလိုက်ပါတယ်။

သတင်းရင်းမြစ် - ဘီဘီစီ

0 comments: