Saturday, September 11, 2010

ဦးခွန်ထွန်းဦးမွေးနေ့၌ တိုင်းရင်းသားခေါင်းဆောင်များတွေ့ဆုံဂုဏ်ပြု

သျှမ်းပြည်ပညာရှင်များ အတိုင်အပင်ခံဆွေးနွေးပွဲ က SNLD ဥက္ကဌ စ၀်ခွန်ထွန်းဦး
Saturday, 11 September 2010

“ထောင်ကျနေတဲ့ ကျနော်တို့ ခေါင်းဆောင်စ၀်ခွန်ထွန်းဦးရဲ့ မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ၈ မိုင်က စားသောက်ဆိုင် တခုမှာ ကျနော်တို့ SNLD နဲ့ UNA အဖွဲ့ဝင်တွေ့ဆုံဖြစ်ကြတယ်။”- SNLD အတွင်းရေးမှူးများအဖွဲ့ဝင် စိုင်းရွှေကြူးက ပြောပါသည်။

စက်တင်္ဘာ ၁ ရက်နေ့ ၆၇ နှစ်မြောက် စ၀်ခွန်ထွန်းဦး၏ မွေးနေ့ ဂုဏ်ပြုသည့်အနေဖြင့် UNA အဖွဲ့ဝင် ဖြစ်သည့် - ချင်းတိုင်းရင်းသားခေါင်းဆောင် ဦးပူကျင့်ရှင်းထန်၊ ဦးထောင်ကိုထန်း၊ ရခိုင် - ဦးအေးသာအောင်၊ မွန် - နိုင်ငွေသိန်း နှင့် ကရင် - စောဟယ်ရီတို့တက် ရောက်ကြသည်ဟုဆို၏။

ထို့အတူ မိသားစုဝင်များလည်း စ၀်ခွန်ထွန်းဦး၏ (၆၇) နှစ်မြောက်မွေးနေ့အတွက် ဘုန်းကြီးကျောင်း၌ အလှူအဒါန်ြးုပကာ ဝေနေယျသတ္တာဝါများအတွက်အမျှပေးဝေခဲ့ကြောင်း ကြားသိရပါသည်။

“တခြားလူမျိုးစုတွေလဲ အတိုင်အပင်ခံကောင်စီကိုဖွဲ့တာဘဲ၊ ကျနော်တို့ရှမ်းခေါင်းဆောင်တွေကြမှ နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု စတာတွေ - အမှုပေါင်း ၈-၉ မှု နဲ့ ထောင်ဒဏ်နှစ်ပေါင်း ၉၀ ကျော် ပေးတာတော့မတရားဘူး။ တန်းတူအခွင့်အရေးအတွက် ခေါင်းဆောင်တွေချပေးသွားတဲ့လမ်းစဉ်အတိုင်းကျနော်တို့ ဆက်လက်တိုက်ပွဲဝင်သွားမှာဘဲ”- ဟု ဦးစိုင်းရွှေကြူးကဆက်၍ပြော၏။

သျှမ်းပြည် အခြေခံဥပဒေမူကြမ်းရေးဆွဲရေး ကော်မရှင်ဥက္ကဌ/ သျှမ်းသံတော်ဆင့်အယ်ဒီတာချုပ် ဦးခွန်စိုင်းက - “ စ၀်ခွန်ထွန်းဦးဟာ တစ်နေ့မဟုတ် တစ်နေ့ နအဖစစ်အစိုးရ ရဲ့အဖမ်းအဆီးခံရမယ်၊ မိသားစုနဲ့ခွဲခွါရမယ်ဆိုတာ ကြိသိထားရက်သားနဲ့ဇွဲမလျှော့ခဲ့ဘူး။ သတ္တိရှိရှိဆက်လက်ကြိုးပမ်းခဲ့တယ်။ ဗိုလ်ချုပ်ဆေထဲန်ဆိုလဲ - ထောင် တွင်းမှာ ဆင်းရဲဒုက္ခစွာနေရပေမဲ့ သူတို့အတွက်စိတ်မပူဖို့၊ အပြင်လောကမှာ ဆက်လက်လှုပ်ရှားဖို့ ထောင်ပြင်ပ ရှိပုဂ္ဂိုလ်တွေကို အားပေးစကားပါးခဲ့ပါသေးတယ်။ သူ့တို့တွေလိုရဲစွမ်းသတ္တိပြည့်ဝပြီး ဆုံးဖြတ်ချက်ပြတ်သားတဲ့ ပုဂ္ဂိုလ် အရမ်းရှားပါတယ် ” - ဟုပြောပြဖူးပါသည်။

SNLD ဥက္ကဌ စ၀်ခွန်ထွန်းဦးသည် ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့သိန္ဖီမြို့၌မွေးဖွားခဲ့သည်။ ဖခင်စ၀်ကြာဇုံသည် သီပေါစော်ဘွား စ၀်ကြာဆိုင်၏ အစ်ကိုဖြစ်သည်။ တောင်ကြီးမြို့ ကမ္ဘောဇကျောင်းမှ တက္ကသိုလ်ဝင်တန်း ကို ၁၉၆၄ တွင် အောင်မြင်ခဲ့ ပါသည်။ ၁၉၆၅ ရန်ကုန်တက္ကသိုလ်တွင် ဥပဒေဘာသာရပ်ကို ဒုတိယနှစ်အထိ တက်ရောက်ခဲ့သည်။ ၁၉၆၇မှ ၁၆၇၇ အထိ အင်ဒိုနီးရှားသံရုံးစစ်သံမှူး၏ ကိုယ်ရေးအရာရှိ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ဂျပန်နိုင်ငံမှ OCS ကုမ္ပဏီ၏ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၈ စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တွင် အထွေထွေအတွင်းရေးမှူး အဖြစ် တာဝန် ယူခဲ့ပြီး ၁၉၈၉ တွင် အဖွဲ့ချုပ်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်မေလ ၂၇ တွင် ကျင်းပခဲ့ သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကိုဦးဆောင် ၍ သျှမ်းတိုင်းရင်းသားများနေထိုင်သော ဒေသအသီးသီးမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ SNLD သည်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် SNLD ပြီးလျှင် တပြည်လုံးတွင် နေရာအများဆုံး အနိုင်ရခဲ့သည်။

ဦးခွန်ထွန်းဦးကိုယ်တိုင် သီပေါမဲဆန္ဒနယ်အမှတ် ၁ တွင် ၀င်ရောက်အရွေးခံခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးချယ် တင်မြောက်ခြင်းခံခဲ့ရပါသည်။

၁၉၉၃ နအဖစစ်အစိုးရ၏ အမျိုးသားညီလာခံတွင် တိုင်းရင်းသား ၇ ပြည်နယ်အတွက် အခြေခံရပိုင်ခွင့်များ တင်ပြတောင်း ဆို သော်လည်း လစ်လျူရှုပယ်ချခြင်းခံခဲ့ရ၏။ အမျိုးသားညီလာခံလုပ်ထုံးလုပ်နည်းများ တရားမျှ တမှုမရှိကြောင်း နိုင်ငံခြား အသံလွှင့် ဌာနများအား ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို၏။ နအဖစစ်အစိုးရချမှတ်ခဲ့သော ဦးတည်ချက် ၆ ရပ် အခြေခံမူ ၁၀၄ ချက်နှင့် လမ်းပြမြေပုံ ၇ ဆင့်တို့ကို ဦးခွန်ထွန်းဦး လက်မခံဘဲ အမျိုးသားညီ လာခံမှဦးဆောင်နှုတ်ထွက် ခဲ့သည်။

ထို့ကြောင့် သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၂၀၀၅ ဖေဖေါ်ဝါရီ ၇ ရက်သျှမ်းပြည် နယ်နေ့ ညစာ စားပွဲအပြီး ဖေဖေါ်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များ၌ ဥက္ကဌ စ၀်ခွန်ထွန်းဦးနှင့် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် တို့အား ရန်ကုန်မြို့ နေအိမ်၌ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ သျှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖွဲ့ စည်းမှုစွပ်စွဲချက်အပြင် အခြားအမှုပေါင်း များစွာရှာကြံ၍ ထောင်ဒဏ် ၉၃ နှစ်စီရင်ချက်ချကာ ဥက္ကဌကြီးအား ရာသီဥတုဆိုးဝါးလှသောကချင်ပြည် ပူတာအိုထောင်သို့ ပို့ဆောင်ချုပ်နှောင်လိုက်သည်။ ပုဂ္ဂိုလ်ရေးရာ စီးပွါး ရေးပိုင်ဆိုင်မှုများကိုလည်း စစ်အစိုးရကသိမ်းယူ ချိတ်ပိတ်ခဲ့သည်။

ပြည်သူ့စစ်အဖြစ်အသွင်ပြောင်းရန် သဘောတူလက်ခံထားသည့် ဦးလွယ်မောင်းတို့၏ SSA အပစ်ရပ်တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဆေထဲန့်အား ထောင်ဒဏ် ၁၀၆ နှစ်၊ SNLD အထွေအတွင်းရေးမှူး စိုင်းညွန့်လွင် ၈၅ နှစ်၊ ဗဟိုကော်မတီဝင် စိုင်းလှအောင် ၇၉ နှစ်၊ ရာသီဥတုဆိုးဝါး လှသော မြန်မာပြည်နယ်စွန်နယ်ဖျား အသီးသီးသို့ ရက်စက်စွာပို့ဆောင်အကျဉ်းချရာ ၂၀၀၆ မေလတွင် ရခိုင်ပြည်နယ် သံတွဲထောင်၌ အကျဉ်းကျနေစဉ် ကွယ် လွန်သွားသည့် သျှမ်းပြည်မျိုးဆက်သစ် ခေါင်းဆောင် ဆရာဦးမြင့်သန်း၊ ဦးထွန်ညို၊ စိုင်းညီညီမိုး၊ စိုင်းမျိုးဝင်းထွန်း တို့အားလည်း ထောင်ဒဏ် ၇၀ နှစ်ဆီ အသီးသီး ပြစ်ဒဏ်စီရင်ခဲ့သည်။

သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်

0 comments: