Saturday, September 4, 2010

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတိုက်ပွဲ

NEJ / ၀၃ စက်တင်ဘာ ၂၀၁၀

အသွင်မတူ အိမ်သူမဖြစ်ဆိုသည့်အတိုင်း ဘာသာစကားနှင့် ယဉ်ကျေးမှုဓလေ့ ကွဲပြားမှုကြောင့် မိမိဘာသာ တသီးတခြားနေခဲ့ရာက ပဋိပက္ခဖြစ်သည်ဟု ယေဘုယျအားဖြင့် မြင်ကြသည်။ ဤသဘောထားကို ကမ္ဘာ၌ သုံးကြည့်သူ ပါမောက္ခ Huntington ကမူ ယဉ်ကျေးမှုအချင်းချင်း ပဋိပက္ခဖြစ်မှု clash of civilizations ဟု ခေါ်၏။ ဥပမာ ခရစ်ယာန်-မွတ်စလင်ပဋိပက္ခ၊ ကွန်မြူနစ်စနစ်အောက်၌ ဖိနှိပ်ထားသော Yugoslavia နိုင်ငံဟောင်းမှ လူမျိုးရေးပဋိပက္ခ၊ အာဖရိက Tutsi-Hutu လူမျိုးရေးပဋိပက္ခ စသည်များကို ယဉ်ကျေးမှုကွဲပြား၍ဖြစ်ရသော အကြမ်းဖက်ပဋိပက္ခအဖြစ် ထောက်ပြကြသည်။ မြန်မာစစ်အစိုးရကလည်း သူတို့ကသာ ဖိနှိပ်မထားပါက မြန်မာပြည်သည် Yugoslavia ကဲ့သို့ ပေါက်ကွဲ၍ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားနိုင်သည်ဟု ဆင်ခြေပေးလေ့ရှိ၏။

လူမျိုးအုပ်စုများ ပူးပေါင်းနိုင်ရေးအတွက် အနည်းဆုံးအခြေခံတူညီမှု ရှိရန်လိုသည်။ အားလုံးယုံကြည်သော အခြေခံနိုင်ငံရေးစနစ်တခု ရှိရန်လိုသည်။ ဖက်ဒရယ်အခြေခံဥပဒေကို အားလုံးသဘောတူ လက်ခံထားသည့်နိုင်ငံကို လေ့လာနိုင်၏။ ယင်းအခြေခံမတည်ဆောင်နိုင်သေးမီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရရှိရေးအတွက် တိုက်ပွဲဝင်ရာ၌ ဘ၀တူအုပ်စုများသာ ပူးပေါင်း ဆောင်ရွက်လေ့ရှိသည်။ မြန်မာပြည်၌မူ မြန်မာစစ်အစိုးရ ကြီးစိုးမှုကို ဆန့်ကျင်ရာမှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး လှုပ်ရှားမှု ဖြစ်လာ၏။ တိုင်းရင်းသားအုပ်စုများ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး၌ နစ်နာဆုံး
ရှုံးသည်ကို မြန်မာစစ်အစိုးရက မဖြေရှင်းနိုင်၍ လက်နက်ကိုင် တိုက်ခိုက်ရခြင်းဖြစ်၏။

အစိုးရနှင့် တိုင်းသူပြည်သား အပြန်အလှန်ယုံကြည်မှသာလျှင် လူမှုတည်ငြိမ်မယ်ဆိုသော အယူအဆရှိသည်။ စားဝတ်နေရေး အဆင်ပြေအောင် လုပ်ပေးနိုင်သောအစိုးရကို တိုင်းသူပြည်သားက ယုံကြည်သည်။ စားဝတ်နေရေးနှင့် လူမှုဖူလုံရေး ပြေလည်အောင် လုပ်မပေးနိုင်သောအစိုးရကို ပြည်သူပြည်သားက မယုံကြည်ပါ။ ပြည်သူလူထုသည် ၎င်းတို့၏ မကျေနပ်မှုကိုပြန်သရန် အခြားနည်းလမ်းမရှိတော့သည့်အခါတွင် နောက်ဆုံး၌ ပုန်ကန်ထကြွရခြင်းဖြစ်၏။ ဆင်းရဲချမ်းသာ ကွဲပြားလေလေ ဆင်းရဲသားက အစိုးရကို မယုံလေလေဖြစ်သဖြင့် ကိုယ့်ကိစ္စကိုယ်ဆုံးဖြတ်ပြီး လုပ်ကိုင်နိုင်ရန် ကြိုးစားကြသည်။

အုပ်စုအချင်းချင်း ဆင်းရဲချမ်းသာကွာခြားမှုနှင့် လူတဦးချင်း ဆင်းရဲချမ်းသာကွာခြားမှု များလာပါက ပဋိပက္ခဖြစ်ရန် အလားအလာ ပိုများလာ၏။ အုပ်စုလိုက် ဆင်းရဲနွမ်းပါးလာသောကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရရှိရေး လက်နက်ကိုင်လှုပ်ရှားမှု ပေါ်လာတတ်သည်။ ဈေးကွက်စနစ်ကျင့်သုံး၍ လူတဦးချင်းအနေဖြင့် ဆင်းရဲမှုများလာသည်။ အုပ်စုလိုက် ဆင်းရဲချမ်းသာ ကွာခြားမှုကို ကိုလိုနီခေတ်တွင် တွေ့ရ၏။ ယခု နအဖခေတ်သည် ကိုလိုနီခေတ်သို့ နောက်ပြန်သွားနေခြင်းပင်ဖြစ်သည်။ အင်ဒိုနီးရှားတွင် ရေနံလုပ်ငန်းနှင့် ပတ်သက်သော အုပ်စုများ ချမ်းသာကြသည်။ တရုတ်ပြည်၌လည်း ပို့ကုန်လုပ်ငန်းစုဝေးရာ အရှေ့တောင်ဒေသသည် အခြားဒေသထက် ပို၍ချမ်းသာကြသည်။ ဒေသအလိုက် ဆင်းရဲချမ်းသာကွာခြားမှုသည် တရုတ်ပြည်၏ အသွင်လက္ခဏာတခုဖြစ်၏။ နအဖခေတ်တွင် စစ်အစိုးရ နောက်လိုက်များသာ ချမ်းသာနိုင်ပေသည်။

မွတ်စလင်လောကနှင့် အနောက်တိုင်းကမ္ဘာ ဆင်းရဲချမ်းသာကွဲပြားမှု ကြီးမားသည်။ ၁၉၇၅-၉၉ အနှစ်အစိတ်အတွင်း အာရပ်နိုင်ငံများ၏ လူတဦးချင်းဝင်ငွေသည် (၀.၃) သာ တိုးတက်လာပြီး အနောက်တိုင်းတွင် (၂.၂) တိုးပွားလာ၍ (၇) ဆ ပိုများလာသည်။ အစ္စရေးက ၀င်ငွေကောင်း၍ ပါလစ္စတိုင်းသည် ၀င်ငွေနည်း၏။ အစ္စရေးတဦးဝင်ငွေ၏ (၈) ရာခိုင်နှုန်းခန့်ကိုသာ ပါလစ္စတိုင်းက ရ၏။ လူတဦးကို (၁၈၅) ဒေါ်လာနှုန်းဖြင့် အစ္စရေးက ထောက်ပံ့ကြေးပေးပြီး ပါလစ္စတိုင်းတဦးလျှင် (၃၇) ဒေါ်လာသာ ထောက်ပံ့ကြေးပေး၏။ ပဋိပက္ခဖြစ်ပွားရာဒေသတိုင်းတွင် ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားသည်ကို တွေ့ရ၏။ ဤသို့သော အခြေအနေတွင် ဆင်းရဲသူကို ဖိနှိပ်ခြင်းသည် လက်နက်ကိုင် လွတ်မြောက်ရေးတိုက်ပွဲသို့ ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေ၏။

အလွန်အမင်းဆင်းရဲနေပါက လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ရန်ပုံငွေရရှိရေးနှင့် လက်နက်ကိုင်လှုပ်ရှားမှု ဆက်စပ်နေသည်။ စီးပွားရေးလုပ်၍ ရရှိလာသော အမြတ်အစွန်းမှ စစ်စရိတ် ထောက်ပံ့နိုင်ပါသည်။ ထို့ကြောင့် အမြတ်အစွန်း အများကြီးရနိုင်သော လုပ်ငန်းများ ရှိနေခြင်းသည် လက်နက်ကိုင်လှုပ်ရှားမှုကို ဆက်လက်ရှင်သန်စေ၏။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိရေးလှုပ်ရှားမှုကို ဖြစ်ပေါ်စေသော အကြောင်းအမျိုးမျိုး ရှိသည့်အထဲတွင် သဘာဝသယံဇာတ ချုပ်ကိုင်နိုင်ရေးလည်း ပါဝင်သည်။ ဥပမာ အာဖရိက၌ စိန်ရွှေနှင့် အခြားဓာတ်သတ္တုများကို ချုပ်ကိုင်နိုင်ရန် ကြီးစားကြ၏။ ကိုယ်ချုပ်ကိုင်သော သယံဇာတပစ္စည်းကို ကမ္ဘာ့ဈေးကွက်၌ ရောင်းချနိုင်ဖို့လည်းလိုသည်။ ပြည်တွင်းဈေးကွက်၌ အမြတ်များများ မရနိုင်ပါ။ ကချင်လွတ်လပ်ရေးအဖွဲ့က ကျောက်စိမ်းချုပ်ကိုင်၍ ၀တပ်ဖွဲ့က မူးယစ်ဆေးလုပ်ငန်းဖြင့် ရန်ပုံငွေရှာ၏။

အာဖဂန်နစ္စတန်၌ ကျောက်မျက်နှင့်ဘိန်းလုပ်ငန်းက စစ်ရန်ပုံငွေရနေ၏။ ကန့်သတ်ချက်ဖြင့် ရောင်းရသည့် ပစ္စည်းဖြစ်သောကြောင့် အမြဲတမ်းအမြတ်အစွန်းများသည်။ ဒီဘီးယားကုမ္ပဏီက စိန်ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုကို ချုပ်ကိုင်ထားသောကြောင့် စိန်ရောင်းဈေးသည် ထုတ်လုပ်ရေးစရိတ်ထက်များသဖြင့် စိန်လုပ်ငန်းမှာ ရန်ပုံငွေရသည်။ သစ်မာထုတ်လုပ်မှုကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဖြင့် ကန့်သတ်ထားသောကြောင့် အမြဲတမ်း အမြတ်အစွန်းရနေသည်။ သစ်မာသည် ကမ္ဘာ့ဈေးကွက်၌ အရောင်းသွက်သည်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွား၍ အစိုးရအာဏာစက် မထိရောက်သောနေရာ၌ သစ်မာထုတ်ယူ ရောင်းချရသည်မှာ ပို၍လွယ်ကူသည်။ ကမ္ဘောဒီးယား၊ မြန်မာနှင့် အင်ဒိုနီးရှား၌ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖက်စလုံး သစ်မာကို ချုပ်ကိုင်ရန် ကြိုးစားကြသည်။ ထို့ကြောင့် သစ်ကုမ္ပဏီသည် အစိုးရကိုရော၊ လက်နက်ကိုင်အဖွဲ့များကိုရော တည့်အောင်ပေါင်း ဆက်ကြေးပေးပြီး သစ်ထုတ်ယူရသည်။ အီးယူဥရောပအဖွဲ့ဝင်နိုင်ငံများ တင်သွင်းသော သစ်မာတ၀က်ခန့်ဟာ သူပုန်နယ်ကလာကြောင်း သိရ၏။

ရေနံထွက်နိုင်ငံများက ဈေးရအောင်လုပ်ထား၍ ရေနံလုပ်ငန်းအမြတ်အစွန်းရသည်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုကို ပိတ်ပင်ထားသဖြင့် အမြတ်အစွန်းအမြဲရှိသည်။ ကန့်သတ်ချုပ်ချယ်မှုမရှိသော ကုန်ပစ္စည်းရောင်းဝယ်ပါက အမြတ်အစွန်းများများ ရမည်မဟုတ်ပါ။ ထို့ကြောင့် စိန်၊ ရေနံ၊ သစ်မာ၊ မူးယစ်ဆေးလုပ်ငန်း အဓိကထားကြသည်ကို တွေ့ရ၏။ အစိုးရများကလည်း အာဏာတည်မြဲရေးအတွက် ဤရှားကုန်များကို လက်ဝါးကြီးအုပ်နိုင်ရန် ကြိုးစားကြသည်။ ရေနံနှင့်ဓာတ်ငွေ့ လုပ်ငန်းသည် အရင်းနှီးအများကြီးလိုအပ်ပြီး ကုမ္ပဏီကြီးများ ပါဝင်ရန်လိုအပ်သောကြောင့် သူပုန်မလုပ်နိုင်သော လုပ်ငန်းဖြစ်၏။ ဤလုပ်ငန်းကို အစိုးရက လက်ဝါးကြီးအုပ်၍ ရသောငွေကို အာဏာတည်မြဲရန် သုံးစွဲလေ့ရှိသဖြင့် ရေနံဓာတ်ငွေ့လုပ်ငန်း ကြီးထွားရာ တိုင်းပြည်၌ အတိုက်အခံကို အပြင်းအထန်ဖိနှိပ်တတ်သည်။ ၀င်ငွေကောင်းသော လုပ်ငန်းဖြစ်၍ အဂတိလိုက်စားကာ ကိုယ်ကျိုးရှာသူများက အာဏာတည်မြဲရန် လုံးပန်းကြသကဲ့သို့ အတိုက်အခံလုပ်သူကလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရအောင် လက်နက်ကိုင်တိုက်ပွဲဝင်ကြသည်။

နိုင်ငံခြားအခြေချများကလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လှုပ်ရှားမှုကို ငွေကြေးထောက်ပံ့နိုင်သည်။ ကျန်ရစ်သူ ဆွေမျိုးကို ငွေကြေးထောက်ပံ့ရုံသာမကဘဲ မိမိတို့အခြေချရာ တိုင်းပြည်က အစိုးရများ အမြင်မှန်ရအောင်လည်း လုပ်ဆောင်နိုင်ပါသည်။ ဥပမာ မြန်မာပြည်မှ တိုင်းရင်းသားလက်နက်ကိုင်များကို စစ်လက်နက်ပစ္စည်း ထောက်ပံ့ရန် အမေရိကန်၌ ဆော်သြ၍ လော်ဘီ လုပ်နိုင်ပါသည်။ ဆိုဗိယက် စစ်တပ်ကြီး အာဖဂန်နစ္စတန်မှာ ဆုတ်ခွာရသည်မှာ ဒေသခံမူဂျာဟီဒင်တပ်ဖွဲ့ကို အမေရိကန်က လက်နက်ထောက်ပံ့ခြင်းကြောင့် ဖြစ်ပေသည်။ နိုင်ငံခြားအခြေချများသည်လည်း လက်နက်ခဲယမ်းထောက်ပံ့နိုင်သည်။ နိုင်ငံခြားရောက်မျိုးနွယ်ကို အသုံးပြုပြီး နိုင်ငံခြားအကူအညီ ရှာဖွေခြင်းဖြစ်သည်။ အထင်ရှားဆုံးမှာ ဂျူးဖြစ်၏။ အစ္စရေးနိုင်ငံကို အသိအမှတ်ပြုလာအောင် ကြိုးစားရာတွင် နိုင်ငံခြားရောက်ဂျူးများ အဓိကအခန်းက ပါဝင်ပေသည်။ မြန်မာပြည်မှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးတိုက်ပွဲကို နိုင်ငံခြားမှ အကူအညီပေးရန် လိုအပ်နေပြီဖြစ်ပေသည်။

Copy from _ khitpyaing.org

0 comments: