ထိရောက်မယ့် အေအိုင်ဒီအက်စ် ကာကွယ်ဆေး တရပ်ကို ရှာဖွေနေရာမှာ အဓိကကျတဲ့ တိုးတက်မှုကြီးတစ်ရပ်အဖြစ် ပြောနိုင်တော့မယ့် စမ်းသပ်ချက်တရပ် တွေ့ရှိခဲ့တဲ့အကြောင်း အမေရိကန် အစိုးရ သုတေသန ပညာရှင်တွေက ကြေညာပါတယ်။ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ် အများစုရဲ့ မျိုးဗီဇ ကို အကာအကွယ်ပေးနိုင်မယ့် ပဋိပစ္စည်း ၂ မျိုးကို တွေ့ရှိခဲ့တယ်လို့ အမျိုးသားကျန်းမာရေး ဌာန NIH ရဲ့ သုတေသန ပညာရှင်တွေက ပြောပါတယ်။
အဆိုပါ ပဋိပစ္စည်း ၂ မျိုးကို အမည်ဖော်ပြမထားတဲ့ လူတစ်ယောက် ရဲ့ ဆဲလ် ခေါ် ကလပ်စည်းထဲမှာ တွေ့ရှိခဲ့ကြတာပါ။ အဲဒီ သူရဲ့ ခန္ဓာကိုယ်က သဘာဝအတိုင်း အဲဒီ ပဋိပစ္စည်းတွေကို ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ ဘယ်သူရဲ့ ခန္ဒာကိုယ်ကမဆို အဲဒီ ပဋိပစ္စည်းကို ထုတ်ပေးနိုင်မယ့် ကာကွယ်ဆေး ဒါမှမဟုတ် နည်းလမ်းတရပ်ကို ရှာဖွေဖို့ အခု သုတေသန ပညာရှင်တွေက ရည်မှန်းချက်ထား ဆောင်ရွက်ကြတော့မှာ ဖြစ်ပါတယ်။
ကိုယ်ခံအား ဖြစ်စေတဲ့ ဆဲလ် ခေါ် ရုပ်ကလပ်စည်းတွေကို ၉၀ ရာခိုင်နှုန်းသော အိပ်ခ်ျအိုင်ဗီ မျိုးဗီဇ က သွား ကပ်ငြိပြီး ဖျက်ဆီးလို့ မရအောင် အဲဒီပဋိပစ္စည်းတွေက ကာကွယ်ပေးပါတယ်။ ရောဂါပိုးမွှားတွေနဲ့ ပြင်ပက အန္တရာယ်ပေးနိုင်တဲ့ ပစ္စည်းတွေကို ခန္ဒာကိုယ်က တားဆီးရာမှာ လူ့ကိုယ်ခံအား စနစ်က အဓိက ကျပါတယ်။
အခု တွေ့ရှိချက်အပေါ်မှာ အခြေခံပြီး ကာကွယ်ဆေးတရပ်ကို လူတွေနဲ့ စမ်းသပ်ကြည့်နိုင်မယ့်အဆင့် ရောက်အောင် ဖော်ထုတ်ဖို့ ၃ နှစ်ကနေ ၅ နှစ်အထိတော့ ကြာကောင်းကြာလိမ့်မယ်လို့ တာဝန်ရှိသူတွေက ပြောကြပါတယ်။
သတင်းမူရင်း ။ ဗွီအိုအေ မြန်မာ
Saturday, July 10, 2010
လူ့ခန္ဓာကိုယ်ပဋိပစ္စည်းကနေ အေ့ဒ်စ်ကာကွယ်ဆေး ထုတ်လုပ်ဖို့အလားအလာရှိ
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment