Wednesday, June 2, 2010

ပလောင်ဒေသတွင် မီးသွေးထုတ်လုပ်မှု ကန့်သတ် ။


ရဲရင့် / ၀၂ ဇွန် ၂၀၁၀

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာများမှ မီးသွေးလုပ်ငန်းရှင်များအား ခရိုင်သစ်တောဦးစီးဌာနက မီးသွေးထုတ်လုပ်မှု ကန့်သတ်လိုက်သဖြင့် ဒေသခံများ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ မီးသွေးများကို ယခင်လ (၂၅) ရက်မှစ၍ (၃၁) ရက်အတွင်း အပြီးရောင်းချကြရန် လားရှိုးတိုင်းမှူးက နမ့်ခမ်းသစ်တောဦးစီးဌာနသို့ ညွှန်ကြားထားပြီး ရောင်းမကုန်သည့် မီးသွေးများကို လာရောက်ဖမ်းဆီးမည်ဟု အမိန့်ပေးထားကြောင်း ဒေသခံတဦးက ပြောသည်။

မီးသွေးလုပ်ငန်းများကို ယခုကဲ့သို့ တစုံတရာ အကြောင်းမပြဘဲ ကန့်သတ်တားမြစ်ခြင်းမှာ မီးသွေးကုန်သည်များက ယခင်ကဲ့သို့ ဒေသခံအာဏာပိုင်များအား ဆက်ကြေး မပေးနိုင်တော့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု မီးသွေးလုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “ကျနော်တို့ နမ့်ခမ်းပလောင်ဒေသမှာဆိုရင် ပလောင်ရွာ (၃၅) ရွာနဲ့ ရှမ်းရွာ (၁၅) ရွာလောက်ဟာ လက်ဖက်ဈေး မကောင်းလို့ မီးသွေးဖုတ်ပြီး တရုတ်ဘက်ကိုပို့တာ (၁၀) နှစ်ကျော်ပြီ။ အဓိက သစ်တောဦးစီးဌာန၊ ရဲ ၊ ပြည်သူ့စစ် စတဲ့ အဖွဲ့တွေကို လုပ်ငန်းရှင်တဦး ကျပ်သိန်း (၂၀) အထိ တရားမ၀င် ဆက်ကြေးတွေပေးကြရတယ်။ အခုနောက်ပိုင်း ဈေးကွက်မရှိတော့ အရောင်းအ၀ယ်က မရှိဘူး။ အရင်လို ပုံမှန်မပေးနိုင်လို့ သစ်တောဦးစီးဌာနက အခုလို ပြဿနာရှာတာ ဖြစ်တယ်” ဟု ဆိုသည်။

ယခုကဲ့သို့ မီးသွေးများကို အချိန်အကန့်အသတ်ဖြင့် အမြန်ရောင်းချခိုင်းသည့်အတွက် ဈေးနှုန်းကျဆင်းကာ ဈေးကွက်မရှိတော့ဘဲ မီးသွေးများကို တရုတ်နယ်စပ်တွင် သိုလှောင်ထားကြရကြောင်း၊ ထို့အတွက် စရိတ်မြင့်တက်ပြီး ဆုံးရှုံးမှု များပြားသောကြောင့် မီးသွေးဖြင့် အသက်မွေးသည့် နမ့်ခမ်းဒေသမှ ပလောင်လူမျိုးများမှာ လူမှုရေးပြဿနာနှင့် ရင်ဆိုင်နေရသည်ဟု ပလောင်အမျိုးသမီးအစည်းအရုံး (PWO) ၏ သတင်းမှတ်တမ်းနှင့် သုတေသနတာဝန်ခံ လွေးနွေနှောင်းက ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “နမ့်ခမ်းမြို့နယ်တ၀ိုက်မှာ အများစုနေထိုင်ကြတဲ့ ပလောင်လူမျိုးတွေ လက်ဖက်ပြီးရင် ဒုတိယ ပင်မ အသက်မွေးဝမ်းကျောင်းက မီးသွေးထုတ်လုပ်မှု လုပ်ငန်းဖြစ်တယ်။ မီးသွေးလုပ်ငန်းကို ပိတ်လိုက်တော့ စားဝတ်နေရေးကို ဘယ်လိုဖြေရှင်းကြမှာလဲ။ လက်ဖက်ဈေးနှုန်းကလည်း မကောင်း၊ ကုန်ဈေးနှုန်းကလည်း ကြီးတာနဲ့ ကျမတို့ပလောင်လူထုတွေ ဒုက္ခရောက်ကြရတာ အမှန်ပဲ။ လက်ကျန်မီးသွေးတွေ အမြန်ရောင်းခိုင်းတဲ့အတွက် မီးသွေးဈေးက မတန်မရာဈေးဖြစ် သွားတယ်။ ရောင်းမကုန်တဲ့ မီးသွေးတွေကို သူတို့သိမ်းမှာကြောက်လို့ တရုတ်ပြည်ဘက်မှာ သိုလှောင်ထားရတဲ့အတွက် နစ်နာဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်” ဟု ပြောသည်။

ဒေသခံအာဏာပိုင်များ၏ ကန့်သတ်မှုများကြောင့် မီးသွေးကို ရရာဈေးနှင့်ရောင်းချရသည့်အတွက် ယခင်က တပိဿာလျှင် ကျပ် (၅၀၀) ကျော်ရှိခဲ့သည့် မီးသွေးဈေးမှာ လက်ရှိတွင် တပိဿာ ကျပ် (၃၀၀) စွန်းရုံသာ ရှိတော့သဖြင့် ဒေသခံများမှာ အိုးအိမ်စွန့်ခွာ၍ တရုတ်နှင့်အခြား အိမ်နီးချင်းနိုင်ငံများသို့ ပိုမိုပြောင်းရွှေ့ကုန်ကြကြောင်း လွေးနွေနှောင်းက ပြောသည်။

သတ်မှတ်ရက်အတွင်း နမ့်ခမ်းဒေသရှိ ရောင်းမကုန်ဘဲကျန်သည့် မီးသွေးများကို သိမ်းဆည်းမည်ဟု အာဏာပိုင်များက အမိန့်ထုတ်ထားသော်လည်း မီးသွေးဆက်လက် ထုတ်လုပ်သူများကို မည်ကဲ့သို့ အရေးယူမည်ဆိုသည်ကိုမူ တစုံတရာ ပြောကြားခြင်းမရှိသေးဟု PWO အဖွဲ့က ပြောသည်။

အဆိုပါပလောင်ဒေသတွင် နေထိုင်သူများသည် မီးသွေးလုပ်ငန်းကို လွန်ခဲ့သည့် (၁၀) နှစ်ခန့်က သစ်တောဦးစီးဌာန တာဝန်ရှိသူများ၊ ဒေသခံအာဏာပိုင်များနှင့် နားလည်မှုယူကာ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

နမ့်ခမ်းမြို့နယ် သစ်တောဦးစီးဌာနက မီးသွေးလုပ်ငန်းကန့်သတ်ရခြင်းမှာ ဒေသတွင်း သစ်တောပြုန်းတီးမှုကို ကာကွယ်ရန်ဖြစ်သည်ဟု ဆိုသော်လည်း အာဏာပိုင်များနှင့် နီးစပ်သည့် လုပ်ငန်းရှင်များမှာ မီးသွေးထုတ်လုပ်မှုကို ဆက်လက်လုပ်ကိုင်လျက်ရှိသည်ဟု ဒေသခံတဦးက ပြောသည်။

သတင်း မူရင်း ။khitpyaing.org

0 comments: