Sunday, June 13, 2010

၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဂျပန်ရောက် မြန်မာနိုင်ငံသားများ၏ ဆန္ဒဖော်ထုတ်ပွဲ။




ရုပ်သံဗီဒီယို ။ (maungwto)


စစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကမ္ဘာအနှံ့အပြားရှိ မြန်မာများ ပူးပေါင်းလှုပ်ရှားကြသည့် ဆန္ဒဖော်ထုတ်ပွဲ (Global Action for People’s Ballot)ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ စုပေါင်း၍ ၂ဝ၁ဝခုနှစ် ဇွန်လ (၁၃) ရက်နေ့တွင် တိုကျိုမြို့တော် အီကဲဘူကူရို ရှိ Kenko Plaza 7 F ၌ နေ့လည် ၁း၀၀ မှ စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။


ဆန္ဒဖော်ထုတ်ပွဲမှာ ဂျပန်ရောက် မြန်မာနိုင်ငံသားများတို့က မိမိတို့ ဆန္ဒရှိသည့်အတိုင်း လွတ်လပ်စွာဖြင့် မိမိတို့၏ ဆန္ဒဖေါ်ထုတ်ရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံပါ အစစ်မှန်သော ရွေးကောက်ပွဲကို ထောက်ခံပါသလား ၊ နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပုံပါ စစ်အုပ်စုမှ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ထောက်ခံပါသလား သသည့် မိမိတို့၏ဆန္ဒမဲပြားပေါ်တွင် စိတ်ကြိုက် ရွေးချယ်ကာ မဲထည့်ရခြင်း ဖြစ်ပါသည်။ ဆန္ဒထုတ်ဖော်ပွဲနှင့် ပတ်သက်၍ KOMAZAWA University ပါမောက်ခ Mr.NAOYA Mitake ၊Japanese Association of Metal, Machinery, and Manufacturing Workers(JAM) မှ တာဝန်ခံ Ms.NAOKO Otani ၊ Amnesty International-Japan တာဝန်ခံ Mr.KUMAZAWA ၊ မြန်မာ့အရေး အားပေးကူညီသော Mr.KUMAKIRI Taku ၊ Mr.Nagayama များတို့က အသေးစိတ်ကြည့်ကြပ် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြပါသည်။

ဤဆန္ဒထုတ်ဖော်ပွဲတွင် ဂျပန်ရောက် မြန်မာနိုင်ငံသားများ မဲပေးသူ စုစုပေါင်း (၃၈၂) ဦးမှ လာရောက်ဆန္ဒမဲ ပေးခဲ့ကြပြီ ဒေါ်အောင်ဆန်းစုကြည် ပုံပါသော ဒီမိုကရေစီ စံနှုန်းများအရ ကျင်းပသည့် အစစ်အမှန် ရွေးကောက်ပွဲတွင် ထောက်ခံသူ ရာခိုင်နှုန်းအားဖြင့် (၉၇) ရာခိုင်နှုန်းရှိပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နအဖ၏ စစ်အုပ်စုမှ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ထောက်ခံသူ (၁) ဦးသာ ရှိသည်ကို တွေ့ရပါသည်။

ယနေ့ပြုလုပ်သည် ဆန္ဒခံယူပွဲသည် မြန်မာပြည်သူတို့၏ ဆန္ဒ သဘောထားများကို ထင်ဟပ်စေသည့်အပြင် လက်တွေ့ အခြေအနေများအရ ဖယ်ဒရယ် ပြည်ထောင်စုစနစ်ဖြင့် ဒီမိုကရေစီ မြန်မာနိုင်ငံ တည်ဆောက်ရေးကို မျှော်မှန်းလျက် မြန်မာစစ်အစိုးရအား ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ တောင်းဆိုသည့် အချက်များမှာ

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ ပြန်လည် လွှတ်ပေးရန်၊

လွတ်လပ်၍ တရားမျှတစွာ ကျင်းပခဲ့သော ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရန်၊

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ စံနှုန်းများဖြင့်ကိုက်ညီသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်စေရေးအတွက် ၁၉၉ဝ ပြည့်ုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များ အစရှိသည့် သက်ဆိုင်သူများ အားလုံးနှင့် တွေ့ဆုံဆွေးနွေးရန်၊

စသည့် တို့ဖြစ်ပါသည်။အခမ်းအနားကို ညနေ ၄း၁၅ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

0 comments: