Tuesday, June 1, 2010

ကရင်နီ ဝါရင့်ခေါင်းဆောင် ကွယ်လွန် ။

Photo by RFA
ဖနိဒါ တနင်္လာနေ့၊ မေလ ၃၁ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၆ မိနစ် .

ချင်းမိုင် (မဇ္ဈိမ) ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ထိပ်ပိုင်း ခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်ချုပ်အောင်သန်းလေး ခေါ် မန်းအောင်သန်းလေးသည် လူကြီးရောဂါဖြင့် ယနေ့နံနက် ၅ နာရီခွဲချိန်တွင် ကွယ်လွန်သွားပြီဖြစ်သည်။

KNPP ၏ အမြဲတမ်း ဗဟိုကော်မတီဝင် ဗိုလ်ချုပ်အောင်သန်းလေး (၈၁ နှစ်) သည် ထိုင်းနိုင်ငံ မဲဟောင်ဆောင်မြို့ရှိ Srisanwarn ဆေးရုံတွင် ကွယ်လွန် သွားခြင်း ဖြစ်သည်။

“ဒီမနက် ၅ နာရီခွဲလောက်မှာဘဲ ဆေးရုံမှာ ဆုံးသွားတာ။ ထူးထူးခြားခြားရောဂါရလို့မဟုတ်ဘူး။ အသက်ကြီးတော့ အစားအသောက်ပျက်ပြီးတော့ အင်အားဆုတ်ယုတ်တယ်။ မောတယ်။ အသက်ရှူ မဝဘူး။ အဲဒီလိုကနေ ဆုံးသွားတာ” ဟု KNPP ၏ အတွင်းရေးမှူး (၁) ခူဦးရယ်က မဇ္ဈိမကို ပြောသည်။

ကရင်နီအမျိုးသားတော်လှန်ရေးတွင် အဓိက ခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်ချုပ်အောင်သန်းလေး သည် တော်လှန်ရေးအတွင်း အတွေ့အကြုံ ရင့်ကျက်ပြီး အနွံတာခံသူတဦးဖြစ်သဖြင့် ဆုံးရှုံးမှုကြီးတခု ဖြစ်သည်ဟု သူက ဆက်ပြောသည်။

ဗိုလ်ချုပ်အောင်သန်းလေးသည် ၁၉၄၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ ကရင်နီတော်လှန်ရေးမစတင်မှီ ပြည်ထောင်စုစစ်ပုလိပ် UMP ၁၃ တွင် ပါဝင်ခဲ့ပြီး ထိုချိန်မှစ၍ ယနေ့ ကွယ်လွန် ချိန်အထိ တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။

သူကွယ်လွန်ပြီး ဇနီး၊ သား ၄ ဦး၊ သမီး ၄ ဦးတို့ ကျန်ရစ်ခဲ့သည်။

ဗိုလ်ချုပ်သန်းလေး၏ ရုပ်ကလပ်ကို လာမည့် ၃ ရက်နေ့တွင် မဲဆူရင်းစခန်းတွင် သဂြိုလ်မည်ဖြစ်သည်။
KNPP သည် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီးမကြာမီ အပစ်ရပ် သဘောတူညီမှု ပျက်ခဲ့သည်။

ဗိုလ်ချုပ်အောင်သန်းလေးသည် ၁၉၁၉ ခုနှစ်တွင် ဧရာဝတီတိုင်း မအူပင်မြို့နယ် ယုံတောကျေးရွာ ဇာတိဖြစ်သည်။

၁၉၄၈ ခုနှစ် ဗြိတိန်က မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးသည့်အခါ သီးခြားအုပ်ချုပ်မှုရှိခဲ့သော ကရင်နီဒေသကိုပါ ထဲ့သွင်းခဲ့ရာ ကရင်နီတို့၏ လွတ်လပ်သော မြန်မာနိုင်ငံတွင် ပါဝင်ရန် ကရင်နီတို့က ငြင်းဆန်ခဲ့သည်။ ဝန်ကြီးချုပ် ဦးနုအစိုးရလက်ထက် စစ်ပုလိပ်တပ်ဖွဲ့ကို နယ်မြေသိမ်းပိုက်ခိုင်းရာက သြဂုတ်လ ၉ ရက်၊ ၁၉၄၈ ခုနှစ်တွင် ကရင်နီအမျိုးသားအဖွဲ့ KNO ရုံးချုပ်ကို တိုက်ခိုက်ရာက ကရင်နီတို့က ပုန်ကန်မှု စတင်ခဲ့သည်။

ကရင်နီ၊ ကရင်၊ ပဒေါင်၊ ပအို့တို့ပါဝင်သော ရှမ်းပြည်တွင် အခြေစိုက် UMP ၁၃ က ကရင်နီဒေသကာကွယ်ရေးအတွက် စခန်းများကို စွန့်ခွာ၍ ကူညီတိုက်ခဲ့ကြသည်။

PNS-Japan
သတင်းမှတ်တမ်း။ မူရင်း(မဇ္ဈိမ)

0 comments: