ဗီဒီယိုမှတ်တမ်း။ maungwto
၂၀၁၀ ခုနှစ် မေလ(၃၀)ရက်။
မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၇)နှစ်ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်နှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါ အရပ်ရှိ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့ တွင် နေ့ လည် ၃း၀၀ နာရီမှ ၄း၄၀ရီ အထိ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ ပူးပေါင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားမှူးအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲ့ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းထွန်း မှ တာဝန်ယူဆောင်ရွက်ပြီး ဒီပဲယင်းလုပ်ကြံမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ မြန်မာပြည် အထက်ပိုင်း စည်းရုံးရေးခရီးစဉ်တလျှောက်တွင် လူထုထောက်ခံအားပေးမှု အထူးရရှိခဲ့သည့်အတွက် နအဖ စစ်အုပ်စုမှ အလွန်စိုးရိမ်လာသည်အတွက် ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးတွင် စနစ်တကျ ချုံခိုတိုက်ခိုက်သည့် နိုင်ငံတော် လုပ်ကြံမှုကြီးကို ကျုးလွန်ခဲ့ကြပါသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ အသက်ကို ကာကွယ်ရင်း အသက်ပေး စွန့်လှုခဲ့ကြသည့် သူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ ဆုတောင်းပွဲ အစီအစဉ် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသွားပါသည်။ တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ ပြောကြားသွာရာမှာ မေ(၃၀)ဒီပဲယင်း လုပ်ကြံမှုတွင် ပါဝင်ခဲ့ကြသည့် သူများကိုလည်း ယနေ့အထိ တစုံတရာ အရေးယူ ဖြေရှင်းပြေးသည်ကိုလည်း မတွေ့ရသည့်အတွက် အရေးယူ ဖြေရှင်းပေးရန်တိုက်တွန်း တောင်းဆိုသွားခဲ့ကြပါသည်။
ဆုတောင်းပွဲ အစီအစဉ်မှာ ဗုဒ္ဓဘာသာ ဆရာတော် ဦးဓမ္မဇောတိ မှလည်ကောင်း၊ ခရစ်ယာန်ဘာသာဆရာ ဆရာကျဲဆန်းကုန်း နှင့် အစ္စလာမ်ဘာသာဝင် ဦးသက်လင်းတို့မှ မိမိတို့ ဘာသာအလိုက် ဆုတောင်း မေတ္တာပို့သပေးခဲ့ကြပြီးသည်နောက် လွတ်သူ့ ပန်းခွေချခြင်း အစီအစဉ်ပြုလုပ်ကာ အခမ်းအနားကို ပြီးဆုံးခဲ့ပါသည်။
ယနေ့ အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ တက်ကြွစွာ လှုပ်ရှားခဲ့ကြသည့် မြန်မာနိုင်ငံသားများ စုစုပေါင်း (၅၀၀) ခန့် တက်ရောက်ပူးပေါင်း ပါဝင်ခဲ့ကြပါသည်။
သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum (CNC-Japan)