Monday, April 5, 2010

အမြောက်များ ပါဝင်သော နအဖ စစ်ယာဉ်တန်း မြစ်ကြီးနားသို့ ချီတက်ပြီ ။

Monday, 05 April 2010 18:07 စိုင်းမျိုးကြီး

နယ်ခြားစောင့်တပ်ကိစ္စ နအဖ စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကေအိုင်အိုအဖွဲ့တို့ကချင်ပြည် နယ် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးနေချိန်တွင် အမြောက်ဆွဲယာဉ်များ ပါဝင်သော နအဖ စစ်ကား ၉၅ စီးခန့်သည် မြစ်ကြီးနားသို့ ယနေ့ နေ့လည်ပိုင်းက စတင် ချီတက်လျှက်ရှိသည်။

ယမန်နေ့ ညနေပိုင်းက အမြောက်ယာဉ် ၂၆ စီးပါဝင်သည့် စစ်ကား ၁၂၆ စီးခန့ှ် ဗန်းမော်မြို့သို့ ရောက်ရှိလာရာ အဆိုပါ အထဲမှ ၉၅ စီးခန့်သည် နေ့လည် ၁၁ နာရီခန့်တွင် ဗန်းမော်မြို့မှ ထွက်ခွာနေကြောင်း မျက်မြင် ဒေသခံ များက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ စစ်ယာဉ်တန်းတွင် မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် လက်အောက်ခံ ဗန်းမော်မြို့ အခြေဆိုက် အမှတ် ၂၁ စစ်ဆင်ရေး ကွပ်ကဲမှုဋ္ဌာနချုပ် လက်အောက်ခံတပ်များမှ စစ်သည်များက လုံခြုံရေးလိုက်ပါသွားကြောင်း စစ်ဘက် သတင်းရပ်ကွက် တစ်ခုက အတည်ပြုပြောသည်။

ဗန်းမော်အခြေဆိုက် စကခ ၂၁ လက်အောက်ခံတပ်များဖြစ်သည့် ခလရ ၄၇ ၊ ခမရ (၂၃၉ ၊ ၃၁၉ ၊ ၃၂၀ ၊ ၃၈၇ ၊ ၄၃၇ ၊ ၄၃၈ ၊ ၆၀၁ ) စသည့်တပ်များမှ စစ်သည်များလိုက်ပါခဲ့ကြောင်း စစ်ဘက်သတင်းရပ်ကွက်ကဆိုသည်။

မတ်လဆန်းပိုင်းက မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် အခြေဆိုက် အမှတ် ၇၁ သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှု ဋ္ဌာနချုပ်မှ တင့်ကားများပါဝင်သော စစ်ယာဉ်တန်းများ မန္တလေးမြို့သို့ ပို့ဆောင်လျှက်ရှိသဖြင့် ယခု မန္တလေးမှ လာခဲ့ဖွယ်ရှိကြောင်း စစ်ရေးလေ့လာသူများက ယူဆလျှက်ရှိသည်။

လွန်ခဲ့သည့်နှစ်အတွင်း သျှမ်းပြည် (မြောက်ပိုင်း) ရှိ ကိုးကန့်အထူးဒေသ(၁) တပ်ဖွဲ့များအား မြန်မာစစ်တပ်မှထိုး စစ်ဆင် တိုက်ခိုက်ရာတွင် မိထ္ထီလာနှင့် စစ်ကိုင်းမြို့ အခြေဆိုက် တပ်မ ၉၉ နှင့် ၃၃ တို့အား မန္တလေးမှတဆင့် အရှေ့မြောက်ပိုင်း တိုင်းစစ်ဋ္ဌာနချုပ် တည်ရှိရာ လားရှိုးမြို့သို့ စစ်ယာဉ်တန်းများဖြင့် ပို့ဆောင်ခဲ့သည်။

နယ်ခြားစောင့်တပ်ကိစ္စနှင့် ပတ်သက်၍ ကချင်ပြည်နယ်ရှိ အပစ်ရပ် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ (၈) ဦးပါ ကိုယ်စားလှယ်များ နှင့် နအဖကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ ဧပြီ ၄ ရက်နေ့က မြစ်ကြီးနားမြို့ တွင် တွေ့ဆုံ အပြီး နအဖစစ်ယာဉ်တန်းများ မြစ်ကြီးနားသို့ စေလွှတ်နေခြင်းဖြစ်သည်။

PNS-Japan
သတင်းမှတ်တမ်း ။ မူရင်း mongloi.org/burmese News,


0 comments: