Tuesday, December 8, 2009

(တအာင်း)ပလောင် တောင်ပိုင်နယ်ကို အစဉ်အဆက်အုပ်ချုပ်လာသော စော်ဘွားများ

(တအာင်း)ပလောင် တောင်ပိုင်နယ်ကို စော်ဘွားများ

တအာင်း (ပလောင်)တောင်ပိုင်နယ်ကို အစဉ်အဆက် ရိုးရာမပျက် အုပ်ချုပ်လာသော စော်ဘွားများအနက်၊ ပုဂံခေတ်က အုပ်ချုပ်လာသော စော်ဘွားများကို မသိရသော်လည်း မုဆိုးဆျက် အလောင်း မင်းတရား လက်ထက်တော်မှ၍ အချုပ်အခြာ အာဏာပိုင်နှင့် လွတ်လပ်သော ပြည်ထောင်စု သမတ မြန်မာနိုင်ငံတော်အထိ အစဉ်အဆက် ရိုးရာမပျက် အုပ်ချုပ်လာသော စော်ဘွားများမှာ-

၁။ ဒဒွေးဖ။
၂။ ဖခွန်မြ။
၃။ ဖခွန်ဆိုင်။
၎။ ဖဒွေးတော်။
၅။ ဖလွယ်လျို။
၆။ ဖခွန်ကျိန်မိန်း။
၇။ ဖခွန်ဆေ။
၈။ ခွန်တန်မိန်း။
၉။ ဖကန်ခွန်ဆိင်ရဲ (ခေါ်)ခွန်ဆာ။
၁၀။ ခွန်ကျန်။
၁၁။ အောင်ဆာ။
၁၂။ ခွန်ကွန်း။
၁၃။ ခွန်ခမ်းမိန်း။
၁၄။ ခွန်ခမ်းတန်မိန်း။
၁၅။ ခွန်ဆင်အွမ် (ကြက်သရေဆောင် ရွှေစလွယ်ရမင်း)။
၁၆။ ခွန်ပန်းစိန် (မဟာသရေစည်သူ)

မင်းတုံးမင်းတရားလက်ထက် “ခွန်ကျန်” ပုန်ကန်ထကြွသောကြောင့် ရာထူးမှ ချပြီး၊ “အောင်ဆာ” ကို စော်ဘွားခန့်ထားလေသည်။ စော်ဘွားရာထူးကျ “ခွန်ကျန်” သည် မန္တလေး၌ အချုပ်ခံနေရစဉ်၊ ကွယ်လွန်အနိစ္စ ရောက်လေသည်။


သက္ကရာဇ် ၁၂၃၀ ပြည့်နှစ်၊ အောင်ဆာကို “ခွန်ကွန်း”က လုပ်ကြံ၍ စော်ဘွားရာထူးကို လုယူပြီး၊ မြန်မာဘုရင်ကို နှစ်စဉ်ပဏ္ဍာတော်များ ဆက်သွင်း၍ ၊ သင့်တင့်စွာ အုပ်ချုပ်နေလေသည်။
သက္ကရာဇ် ၁၂၃၉ ခုနှစ်၊ “ခွန်ကွန်း” ကွယ်လွန်၍၊ နောင်တော် “ခွန်ခမ်းမိန်း” စော်ဘွားရာထူးဆက်ခံရာ၊ နောင်အခါ မြို့ရွာနယ်ပယ်အရေး မရှုပ်ထွေးစေရန်၊ မြန်မာဘုရင်က စစ်ကဲကြီး ဦးဖဲနှင့် စော်ဘွားဆွေတော် မျိုးတော်ထဲမှ သုဓမ္မာဆရာတော် ပလောင်ဘုန်းတော်ကြီးတပါးကို တွဲဖက်အုပ်ချုပ်စေလေသည်။
မြန်မာဘုရင်က တောင်ပိုင်နယ်ကို တွဲဖက်အုပ်ချုပ်စေသည်မှာ စော်ဘွားကြီး “ခွန်ခမ်းမိန်း” လက်ထက်သည် ပဌမအကြိမ်ဖြစ်လေ၏။


၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့ မြန်မာဘုရင်နှင့် နိုင်ငံတော်အလုံးကို ဗြိတိသျှတို့ သိမ်းယူပြီးနောက် ၁၂၄၉ ခုနှစ်၊ တပေါင်းလ၌ (Colonel Sladen) ကာနယ်စလေဒင်၊ (Ser Arther White) ဆာအာသာဝှိုက်၊ (Mr. Berzet) မစ္စတာ ဘားဇက်အစရှိသော ဗြိတိသျှစစ်ဗိုလ်ကြီးများ ကွပ်ကဲ၍ အင်္ဂလိပ်စစ်တပ်များချီတက်စေပြီး၊ တောင်ပိုင်းရှမ်းပြည်၊ ညောင်ရွှေနယ် “မိုင်းသောက်” မြို့တွင် စစ်စခန်းချ၍ စော်ဘွား၊ မြို့စား၊ ငွေခွန်တော်မှူးတို့အား ဗြိတိသျှ အလံတော်အောက်၊ ၀င်ရောက်ရန် သစ္စာတော်ရည်တိုက်သောအခါ၊ “ခွန်ခမ်းမိန်း”သည် မိုင်းသောက်မြို့သို့ လာရောက် သစ္စာတော်ရည်သောက် ခြင်းမပြုသည်သာမက၊ ငါတို့အရှင် မြန်မာဘုရင်နှင့် ထီးနန်းကို ပြန်လည် တိုက်ခိုက်ယူမည်ဟူသော စိတ်ဓါတ်နှင့် တောင်ပိုင်နယ်သို့ ချီတက်လာသော ဗြိတိသျှစစ်တပ်ကို ဆီးကြိုခုခံတိုက်လေသည်၊ သို့ရာတွင် အရေးမသာ၍ တိမ်းရှောင်ရလေသည်။သားတော် “ခွန်ခမ်းတန်မိန်း”က အရေးပြီးပြောအောင် ဆောင်ရွက်သောကြောင့်၊ ဗြိတိသျှတို့ကလည်း လိုက်ရော၍ တိုက်ပွဲကို ရပ်စဲပြီး၊ “ခွန်ခမ်းတန်မိန်း” ကို ပင် စော်ဘွားရာထူး ခန့်အပ်လေသည်။ အာဇာနည် စော်ဘွားကြီး “ခွန်ခမ်းမိန်း” ကား၊ သာသနာ့ဘောင်အတွင်းသို့ ၀င်ရောက်ထမ်းဆောင်ကာ အသက်ထက်ဆုံး နေထိုင်သွားတော့၏။

၁၂၅၈ ခုနှစ်၊ “ခွန်ခမ်းတန်မိန်း” ကွယ်လွန်၍ သားတော် “ခွန်ဆင်အွမ်” စော်ဘွားရာထူးဆက်ခံလေသည်။ ၄င်းစော်ဘွားကြီး လက်ထက်၊ ရှေးအခါက လားဝန်တင်၊ နွားဝန်တင်များနှင့် ကူးလူးဆက်ဆံ သွားလာ ရောင်းဝယ်နေရသော သီပေါနယ်၊ ကျောက်မဲမြို့နှင့် နမ့်ဆန်မြို့ကို မော်တော်ကားလမ်း စတင်ဖေါက်လုပ် စေလေသည်။

၁၉၁၂ ခုနှစ်၊ နှစ်ဦး အစလောက်ကစတင် ဖေါက်လုပ်စေရာ ၁၉၂၄ ခုနှစ်၊ အောင်မြင်ပြီးစီး၍ ဖို့မော်တော်ကားများ စတင်သွားလာကြသည်။ ပညာရေးကို အထူး အားပေးတော်မူသည့် အလျောက် မြန်မာဘာသာ အလယ်တန်းကျောင်း ဖွင့်လှစ်ရန် ကြိုးစားရာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပေသည်။ ဗြိတိသျှအစိုးရက စော်ဘွားကြီးအား ကြက်သရေဆောင် ရွှေစလွယ်ရမင်း ဘွဲ့တံဆိပ်ကို ချီးမြှင့်လေသည်။

စော်ဘွားကြီး “ခွန်ဆင်အွမ်” သည် ပလောင်အမျိုးသမီး မဟာဒေ၀ီ အပြင်၊ မန္တလေးမြို့သူ မြန်မာအမျိုးသမီး ဒေါ်ညွှန့်နှင့် ဒေါ်ခင်သက် (ခေါ်) ဒေါ်ခင်ခင်တို့ ညီအစ်မကို မင်္ဂလာဒေ၀ီ၊ ရတနာဒေ၀ီ တင်မြှောက်ရာ၊ ၄င်းတို့မှ ပွါးစီးလာသော သား၊ သမီး၊ မြေး မြစ်များ တောင်ပိုင်နယ်တွင် များစွာရှိလေသည်။ ၁၂၈၉ ခုနှစ်၊ “ခွန်ဆင်အွမ်” ကွယ်လွန်၍ ပလောင် မဟာဒေ၀ီမှ ဖွားမြင်သော သားတော် “ခွန်ပန်းစိန်” စော်ဘွားရာထူးကို ဆက်ခံလေသည်။

၎င်းလက်ထက် စော်ဘွားကြီး “ခွန်ဆင်အွမ်”ကြိုးစား ဆောင်ရွက်ခဲ့သော မြန်မာဘာသာသင် အလယ်တန်းကျောင်းကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် အလယ်တန်း ကျောင်းအဖြစ်သို့ ရောက်ရှိအောင် ကြိုးစားဆောင်ရွက်ရာ အောင်မြင်ခဲပပြီး၊ ၁၉၅၉ ခုနှစ်တွင် အလယ်တန်းကျောင်းမျ အထက်တန်းကျောင်း အဖြစ်သို့ ရောက်ရှိခဲ့ပေသည်။ ဆရာ ၆ ယောက်၊ ဆရာမ ၆ ယောက်ဖြင့် သင်ကြားပို့ချလျက်ရှိရာ၊ ယခုအခါ ကျောင်းသား ဦးရေမှာ ၈၀၀ ကျော်မျှ ရှိပေသည်။ တက္ကသိုလ်ဝင် ကျာင်းသား ဦးရေ ခန့်မှန်းခြေ ၁၆ ယောက်ရှိသည်ဟု သိရှိရသည်။

စော်ဘွားကြီး ခွန်ပန်းစိန် လက်ထက် ပညာရေးနှင့် ပတ်သက်၍ တောင်ပိုင်နယ်တွင် မူလတန်း ကျောင်းပေါင်း ၂၇ ကျောင်း ဖွင့်လှစ်စေ၍ ပညာ သင်ကြားပေးနေသည့်အပြင် အချို့ရပ်ရွာများ၌ အစိုးရ အထောက်အပံ့ ချက်ခြင်းမရသေးမီ ရပ်ရွာက တည်ထောင်သော ကျောင်းနှင့် ဆရာ၊ ဆရာမ လခကို ရပ်ရွာက ပညာ ပါရမီအဖြစ် ပေးနေသော ကျောင်းပေါင်း ၁၀ ကျောင်းမျှ ရှိပေသည်။

အစိုးရ အသိအမှတ်ပြုသော ကျောင်းများပင် ဖြစ်သော်လည်း ကျောင်းသား ဦးရေများ၍ ဆရာ မလုံလောက်သောကြောင့် သက်ဆိုင်ရာ ရပ်ရွာ ကော်မီတီများက ဆရာကို ရှာဖွေငှါးရမ်းကာ ရပ်ရွာပညာရေး ရံပုံငွေဖြင့် လစာထောက်ပံ့ ခန့်ထားသော ဆရာ၊ ဆရာမပေါင်း ၂၀ ကျော်မျှရှိသည်။ ၄င်းစော်ဘွားကြီး လက်ထက် နမ့်ဆန်မြို့မှ ၃၁ မိုင် ဝေးသော သီပေါး-နမ္မတူ မော်တော်ကားလမ်းရှိ “ပန်လုံ” မြို့ကို မော်တော်ကားလ်း ဖေါက်လုပ်စေ၍ ကုန်သည်များ ကူးလူးဆက်ဆံ ဖေါက်ကားရောင်းဝယ်နိုင်ရန် လမ်းဖွင့်ပေးလေသည်။ ပန်လုံမှ သျီပေါသို့ ၁၈ မိုင် ဝေးရာ၊ သီပေါနှင့် နမ့်ဆန် ၄၉ မိုင်ဝေးသည်။
ဒုတိယကမ္ဘာစစ်ကြီးအပြီး ဗိုလ်ချုပ်အောင်ဆန်း၊ ညောင်ရွှေစော်ဘွား၊ သိန္နီစော်ဘွား၊ လဲချားစော်ဘွား၊ မိုင်းပွန်စော်ဘွား၊ သမခမ်း စော်ဘွားနှင့် သထုံ ကိုယ်စားလှယ်တော်တို့အပြင် လူထုဘက်မှ ဦးကြာပု၊ ဦးတင်ဧ စောရိပ်ဖ၊ ဦးထွန်းမြင့်၊ ဦးခွန်ထီး ကချင်ခေါင်းဆောင်များဘက်မှ ဆမားဒူဝါဆင်ဝါးနောင်၊ ဒူဝါဇော်ရစ်၊ မစ္စတာ ဒိန်ရာတန်၊ မစ္စတာဇော်လ၊ မစ္စတာလဘန်ဂရောင်း၊ ဒူဝါဇော်လွန်း၊ ချင်းခေါင်းဆောင်များဘက်မှ ဦးထွမ်မုံ၊ ဦးလောင်ဇာခွပ်၊ ဦးကျီနန်းတို့နှင့်အတူ စော်ဘွားကြီး ခွန်ပန်းစိန်သည် အချုပ်အခြာအာဏာ ပိုင်နှင့် လွတ်လပ်သော ပြည်ထောင်စု သမတ မြန်မာနိုင်ငံတော် ဖြစ်မြောက်ရေး အခြေခံ ကမ္ဘာကျော် “ပင်လုံစာချုပ်” ကြီးကို ၁၉၄၇ ခု၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးကို အထူး ကြိုးပမ်းဆောင်ရွက်သော တောင်တန်းနယ် ရှေ့တန်းခေါင်းဆောင်ပုဂ္ဂိုလ်များတွင် တဦးတပါအ၀င်ဖြစ်သည်ကို အကြောင်းပြု၍ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက စော်ဘွားကြီးအား “ဟာသရေစည်သူ” ဘွဲ့တံဆိပ်တော်ကို ချီးမြှင့်လေသည်။
palaung 2



ဦးမင်းနိုင်၊ဘီ၊အေ၊(ရှေးဟောင်ဒသုတေသနဌာန) ပြုစု၍ ဒါရိုက်တာ ဆရာမြင့်
တည်းဖြတ်သည့် ပလောင် ယဉ်ကျေးမှုသရုပ်ဖေါ် “ မယ်တို့ ပလောင် ” ပထမ ဦးဆုံးအကြိမ်
ထုတ်ဝေသည့် ဂျာနယ်မှ ကူးယူဖေါ်ပြသည်။

PNS-Japan

0 comments: