PNS –Japan ဆိုတာ ဘာလဲ
PNS – Japan ဆိုတာက Palaung National Society(Japan) ပလောင်အမျိုးသားအဖွဲ့ (ဂျပန်)ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်၊ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ ပေါ်ပေါက်ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံသားများသည် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကို စွန့်ခွာကာ နိုင်ငံတကာသို့ အသီးသီးရောက်ရှိကြပါသည်။ ဂျပန်နိုင်ငံသို့လည်း မြန်မာနိုင်ငံသားများသည် အကြောင်းအမျိုးမျိုးကြောင့် နည်းလမ်းပေါင်းစုံဖြင့် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့ကြပါသည်။ ဂျပန်နိုင်ငံသို့ ရောက်ရှိကြသော မြန်မာနိုင်ငံသားများတွင် နိုင်ငံရေးသမားများ ဘ၀လုံခြုံမှုအတွက် ထွက်ပြေးတိမ်းရှောင်ရင်းနှင့် ရောက်ရှိနေသူများ၊ အလုပ်လုပ်ကိုင်ပြီး ၀င်ငွေရှာလိုသူများ အမျိုးမျိုးကို တွေ့ရှိကြရပါသည်။
ဂျပန်ရောက်မြန်မာနိုင်ငံသားများသည် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် လည်းကောင်း၊ စစ်အာဏာရှင်စနစ် လှုပ်ရှားမှုများတွင်လည်းကောင်း လူ့အခွင့်အရေး လှုပ်ရှားမှုများတွင်လည်းကောင်း နည်းလမ်းပေါင်းစုံဖြင့် အဖွဲ့အစည်းပုံစံအမျိုးမျိုှးနှင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် လှုပ်ရှားကြပါသည်။
ကျွန်တော်သည် ပလောင်အမျိုးသားတစ်ဦးဖြစ်ပြီး ၁၉၉၉ ခုနှစ် ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့ပါသည်။ ထိုအချိန်တွင် ဒီမိုကရေစီအရေး လှုပ်ရှားသော ပလောင်အမျိုးသား အဖွဲ့အစည်းဟူ၍ မရှိသေးပါ။ ထို့ကြောင့် ကျွန်တော်သည် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုများ တွင် ဂျပန်နိုင်ငံတွင်ရှိသော အခြားသောအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ခဲ့ပါသည်။
၂၀၀၀ ခုနှစ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် (PSLA) ဗဟိုဌာနချုပ်နှင့် အဆက်အသွယ်ပြုလုပ်ပြီး ဗဟိုမှ အဆက်အသွယ်ဖြင့် ထိုင်း-မြန်မာနယ်စပ် ဒေသ အခြေစိုက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ဗဟိုနှင့် ပြန်လည် အဆက်အသွယ်ရရှိခဲ့ပါသည်။ (PSLF) ဗဟိုမှ တာဝန်ပေးချက်အရ (PSLF) ၏ နိုင်ငံခြားရေး တာဝန်ခံဂျပန်ဌာနကို တာဝန်ယူပြီး မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် လက်တွဲဆောင်ရွက် ခဲ့ပါသည်။ ၂၀၀၁ ခုနှစ်၊ မေ ၂၃ ရက်နေ့ နေ့စွဲပါစာဖြင့် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) ဗဟိုဌာနချုပ်မှ တပ်ပေါင်းစုကိုယ်စား NDF ဂျပန်ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ်၊ ဧပြီလတွင် ဂျပန်နိုင်ငံ၌ မြန်မာ့ရေးရာရုံး Burma Office (BOJ) စတင်ဖွင့်လှစ်တည်ထောင်စဉ် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ နှင့်အတူ NDF ကိုယ်စားလှယ်အဖြစ် ဦးဆောင်ကော်မတီတွင် ပူးပေါင်းပါဝင်လာခဲ့ပါသည်။ ထိုစဉ်အခါက မြန်မာ့ရေးရာရုံးတွင် ပါဝင်ခဲ့သည့်အဖွဲ့အစည်းများမှာ NLD-LA (JB), LDB, FTUB, NDF, PFB, RENGO တို့ဖြင့် ပူးပေါင်းဖွဲ့စည်းပြီး မြန်မာ့ဒီမိုကရေစီးအရေးအတွက် ဆောင်ရွက်ခဲ့ကြပါသည်။
ပေါ်ပေါက်လာပုံ။
ထိုအချိန်တွင် ပလောင်အမျိုးသားများ၏ အရေးကိစ္စများကို ဂျပန်နိုင်ငံတွင် လှုပ်ရှားဆောင်ရွက်ရန် လူပုဂ္ဂိုလ် ကိုယ်စားလှယ်မရှိသေးသောကြောင့် ပလောင်အမျိုးသားများကိုယ်စား မှန်ကန်စွာ ကိုယ်စားပြုရပ်တည်ဆောင်ရွက်နိုင်မည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ရပ် မလွဲမသွေ လိုအပ်လျက်ရှိသည်ဟု ခံယူပါသည်။ အဆိုပါလိုအပ်ချက်ဖြည့်ဆည်းရန်အတွက် ပလောင် အမျိုးသားတစ်ဦး၏ မွေးရာပါ အခွင့်အရေး တစ်ရပ်ဖြစ်သည်ဟု ခံယူသည်။ နောင်အနာဂါတ်တွင် ပလောင် အမျိုးသားများ ဂျပန်နိုင်ငံသို့ ပိုမိုရောက်ရှိလာပါက လိုအပ်လာမည်ဖြစ်သော ပလောင်အဖွဲ့အစည်းအတွက် ပလောင်အမျိုးသားအဖွဲ့ သတ်မှတ်ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်သည်ဟု ယုံကြည်ပါသည်။
ဂျပန်နိုင်ငံသို့ ရောက်ရှိလာကြသော တိုင်းရင်းသားအင်အားစုများသည်လည်း ဘ၀တူ ခံစားချက်တူ စိတ်သဘောတူ ဖွဲ့စည်းထားသည့် တိုင်းရင်းသားပေါင်းစုံ အဖွဲ့အစည်းကြီးတစ်ရပ် ဂျပန်တွင် မလွဲမသွေ ပေါ်ပေါက်ရန် လိုအပ်သည်ဟု အခိုင်အမာ ယုံကြည်သည်။ ထို့ကြောင့် တိုင်းရင်းသား ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးပြီးနောက် မိမိအမျိုးသားကိုယ်စား ရပ်တည်ပြီး ညီညွှတ်သော တိုင်းရင်းသားများအဖွဲ့ အစည်း (ဂျပန်) Association of United Nationalities in(Japan)ကို၂၀၀၃ခုနှစ်ဒီဇင်ဘာလ (၂၁)ရက်နေ့ တွင် စတင်ဖွဲ့ စည်းတည်ထောင် ခဲ့ပါသည်။
၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ တွင် ပလောင်အမျိုးသားများအဖွဲ့ (ဂျပန်) Palaung National Society(Japan) PNS-Japan ကို စတင်ဖွဲ့ စည်းခဲ့ပြီး ညီညွှတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း (ဂျပန်) တွင် ပလောင်အမျိုးသား ကိုယ်စား တာဝန်ယူ ရပ်တည်လာခဲ့ပါသည်။
PNS – Japan ၏ ရည်ရွယ်ချက်။
(၁) ပလောင်အမျိုးသားများ၏ စာပေ နှင့် ယဉ်ကျေးမှု ကို ဖေါ်ဆောင်ရန်။
(၂) မြန်မာနိုင်ငံသားတိုင်း လူ့ အခွင့်အရေးပြည့်ဝစွာခံစားခွင့်ရရှိရေးနှင့် တိုင်းရင်းသား လူမျိုးများ၏ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရန်။
(၃) နအဖ စစ်အုပ်စုရဲ့ လူအခွင့်အရေးချိုးဖေါက်မှုတွေ၊ဖိနှိပ်မှုတွေကို နိုင်ငံတကာသိအောင် ဖေါ်ထုတ်တင်ပြသွားပြီး၊ပြည်ပ၌ ဒုက္ခရောက်နေကြသော မြန်မာနိုင်ငံသားများကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးမှုပြုလုပ်နိုင်ရန်။
(၄) နိုင်ငံတကာရောက်ရှိနေကြသော တိုင်းရင်းသားအဖွဲ့ အစည်းအချင်းချင်း အသိအမြင်ဖလှယ်ပြီး နိုင်ငံရေးအရ စည်းလုံးညီညွတ်မှုရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်။(၅) အမိမြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးနှင့် စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းရေး အတွက် ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများ တိုင်းရင်းသားအင်အားစုများ နှင့်အတူပူးပေါင်းဆောင်ရွက်ရန် တို့ ဖြစ်ပါသည်။
PNS – Japan ကို ဆက်သွယ်လိုလျှင်
2 – 24 – 8 mazonemashuukaku-bld Moom No-(303)
Higashi Ikebukuro, Toshimaku,Tokyo . Japan
170-0013
mail pnsjapan@gmail.com
maikyawoo@yahoo.com
Phone Fax, 03 5960 4440
Mobile 090 9831 7192
0 comments:
Post a Comment