Saturday, July 25, 2009

(NDF) ၃၃နှစ်ပြည့်အခမ်းအနား ဂျပန်တွင်ပြုလုပ်

Wednesday, May 13, 2009
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(NDF) ၃၃နှစ်ပြည့်အခမ်းအနား ဂျပန်တွင်ပြုလုပ်

ကိုမိုင်ကျော်ဦးနှင့် ကိုသံခဲတို့မှ ရှင်းလင်းပြောကြားနေပုံ
တိုကျို၊ မေ(၁၂)


ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ စုပေါင်း၍ဖွဲ့စည်းထား သည့် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုNDF ၏ (၃၃)နှစ်ပြည့် အခမ်းအနားကို တိုကျိုမြို့တွင် မေလ(၁ဝ)ရက်နေ့က ပြုလုပ် ကျင်းပခဲ့ကြသည်။ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု(NDF)ပေါ်ပေါက်လာပုံ နှင့်နောက်ခံ သမိုင်းကြောင်းကို (NDF)၏ ဂျပန်ကိုယ်စားလှယ် ဖြစ်သော ဦးမိုင်ကျော်ဦးမှ ရှင်းလင်းပြောပြသည်။

''၁၉၄၈ခုနှစ် လွတ်လပ်ရေး ရပြီးတဲ့နောက်မှာ တိုင်းရင်းသားတွေရဲ့ကိုယ်ပိုင် အခွင့်အရေးနဲ့တန်းတူ ညီမျှရေး တို့အတွက် လက်နက်ကိုင်ပြီး တိုက်ပွဲ ဝင်ခဲ့ကြတယ်၊ တဖန် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်း ပေါ်ပေါက် လာတဲ့အခါမှာလည်း အားနည်းချက်တွေနဲ့ ဖက်ဒရယ် ပြည်ထောင်စု ကြိုးပမ်းမှုကို စစ်အာဏာရှင်တွေရဲ့ တုံ့ပြန်မှုကြောင့် ပြည်တွင်းစစ် နှစ်(၆ဝ)ကျော် ဖြစ်ပွားခဲ့တယ်။

မဟာလူမျိုးကြီး ဝါဒအဆုံးသတ်ရေး၊ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ဒီမိုကရေစီ အရေးနှင့် တန်းတူညီမျှသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့ ရည်ရွယ်ချက်နဲ့(NDF)ကို ဖွဲ့စည်းခဲ့တာပါ''ဟုရှင်းပြသည်။ (NDF)ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် မာနယ်ပလော လွတ်မြောက်နယ်မြေတွင် ၁၉၇၆ခုနှစ် မေ(၁ဝ)တွင်ဖွဲ့စည်းခဲ့ပြီး ပထမဦးဆုံးသော ဥက္ကဋ္ဌ မှာ မန်းဘဇံဖြစ်သည်။ ဒီအပြင်(NDF)အနေနှင့် ဂျပန်တွင်(၈)နှစ်ကျော် ကြာအောင် ပြည်ပ လွတ်မြောက်နယ်မြေတွင် ဒီမိုကရေစီရေးအတွက် လှုပ်ရှား ဆောင်ရွက်နေခဲ့ပြီး ယခုကျင်းပသော (၃၃)နှစ်မြောက် အခမ်းအနားသည် ပထမဆုံးအကြိမ်ဟုဆိုသည်။

(NDF)အနေနှင့် နအဖ၏(၂ဝဝ၈)နာဂစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်သွားပြီ ဂျပန်သို့ ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အတူလက်တွဲ၍ စစ်အာဏာရှင်စနစ်မြန်မာ့ မြေပေါ်မှ ချုပ်ငြိမ်း ပျောက်ကွယ် သွားသည်အထိ တိုက်ပွဲ ဝင်သွားမည်ဟု ယင်း(NDF) ဂျပန်ကိုယ်စားလှယ်မှ ဆက်လက်ရှင်းပြသည်။

RENGOမှ တာဝန်ရှိသူတဦးဖြစ်သူ Mr. Shioda San နှင့် ဆရာဦးရွှေဘ တို့မှ ရှင်းလင်းပြောကြားစဉ်(၀ဲ)နှင့် တက်ရောက် လာကြသည့် တိုင်းရင်းသားများ

အဆိုပါနေ့ အခမ်းအနားတွင် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ကျောင်းသား တပ်မတော်(ABSDF)၏ ဥက္ကဋ္ဌရဲဘော်သံခဲ အပြင် သတင်းစာဆရာကြီးဦးရွှေဘ၊ ဂျပန်အလုပ်သမားသမဂ္ဂ(RENGO)မှ ဂျပန်ကိုယ်စားလှယ်နှင့် ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ အင်အားစု အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ နှင့်စိတ်ပါဝင်စားသူ ပရိတ်သတ်(၂ဝဝ)ကျော်ခန့် တက်ရောက် ခဲ့ကြောင်းသိရသည်။

သတင်း-သန့်မျိုးထွေး(မိုးသောက်ကြယ်)
မှတ်တမ်းဓါတ်ပုံ- မင်းညိုဝမ်း(မိုးသောက်ကြယ်)
ရေးသားသူ ။ ။ moethaukkye at 2:56 AM 0 comments

0 comments: